ဘင်္ဂလားဒေ့ရှ်၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး-၂

ဘင်္ဂလားဒေ့ရှ်၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး-၂
Published 30 December 2021
မိုးဧအောင်

တရုတ်နှင့် နက်ရှိုင်းသော စီးပွားရေး

ဘင်္ဂလားဒေ့ရှ်နှင့်ပတ်သက်သော အမေရိကန်၏ သံခင်းတမန်ခင်းမှာ သတိကြီးစွာထားရပါမည်။ ဘင်္ဂလားဒေ့ရှ်သည် လက်ရှိနှစ်များအတွင်း တရုတ်နှင့် စီးပွားရေးဆက်ဆံမှု တိုးမြင့်လာသည့်တိုင် ဘေဂျင်းနှင့် နယူးဒေလီအကြား သူ၏ဆက်ဆံရေးကို ချိန်ခွင်လျှာညီမျှစေလိုသည်။ ထိုအချက်ကြောင့်ပင် ၀ါရှင်တန်သည် ဒက္ကာနှင့်ဆက်ဆံရေးကို ပိုမိုရင်းနှီးစေရန် အားထုတ်သင့်ပြီး ဘင်္ဂလားဒေ့ရှ်ကို တရုတ်ဆန့်ကျင်မည့်နိုင်ငံအဖြစ် သွတ်သွင်းရန်မလွယ်ကူကြောင်းလည်း ရှင်းလင်းစွာ သိမြင်ထားရမည်။

၁၉၉၀ ပြည့်နှစ်များအထိ အိန္ဒိယနှင့် မတိမ်းမယိမ်းရှိနေခဲ့သော ဘင်္ဂလားဒေ့ရှ်သည် ဆယ်စုနှစ်များစွာ တစ်သီးတစ်ခြားနိုင်ငံအဖြစ်မှ ရုန်းထွက်ကာ လက်ရှိအခြေအနေတွင် စီးပွားရေးတိုးတက်လာရုံမျှမက လူမှုရေးအညွှန်းများပါ ကမ္ဘာ့အဆင့်မီလာခဲ့သည်။ ထိုသို့တိုးတက်လာရခြင်း၏ အကြီးမားဆုံး အကြောင်းတရားတစ်ခုမှာ တရုတ်နိုင်ငံနှင့် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံနိုင်ရေးကို ဦးတည်ခဲ့သော နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲကြောင့် ဖြစ်သည်။

၂၀၁၃ ခုနှစ် တရုတ်နိုင်ငံ၏ BRI မိတ်ဆက်ချိန်မှစတင်ကာ ဒက္ကာနှင့် ဘေဂျင်း၏ ဆက်ဆံရေးသိသိသာသာ တိုးတက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင်းဖျင် ဘင်္ဂလားဒေ့ရှ်သို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်သည့်အခါ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်လက်တွဲဘက်အဖြစ် မြှင့်တင်ခဲ့ကြသည်။ ရှီသည် အနှစ် ၃၀ အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိခဲ့သော တရုတ်အကြီးအကဲဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ ထိပ်တန်းကုန်သွယ်ဘက်၊ အမြင့်ဆုံး တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ၊ ထိပ်ဆုံးသွင်းကုန်ဝယ်ယူသူ၊ စစ်လက်နက်ပစ္စည်းပ့ံပိုးသူဖြစ်သည်။ တရုတ်အနေနှင့် လက်ရှိ၌ သူ့စျေးကွက်အတွင်းသို့တင်ပို့မည့် ဘင်္ဂလားဒေ့ရှ်ထုတ်ကုန်၏ ၉၇ ရာခိုင်နှုန်းကို အကောက်ခွန်လွတ်အဖြစ် ပြဋ္ဌာန်းပေးထားသည်။

ဘင်္ဂလားဒေ့ရှ်အပေါ် တရုတ်ကမျက်နှာသာပေးခြင်းသည် ဘေဂျင်း၏ ကမ္ဘာလုံးဆိုင်ရာ သြဇာဖြန့်ကျက်ရန်ရည်ရွယ်သော စနစ်ကျနသည့် မဟာဗျူဟာ၏ အစိတ်အပိုင်းဖြစ်သည်။ တရုတ်သည် အခြေခံအဆောက်အအုံများ ပ့ံပိုးပေးရုံသာမက လက်ရှိ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကာလဒါနပြုခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် တောင်အာရှနိုင်ငံများအပေါ် သြဇာသက်ရောက်မှု ပိုမိုခိုင်မာလာစေသည်။

လက်ရှိကာလအထိ ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့်ရော အိန္ဒိယနှင့်ပါ ဆက်ဆံရေးကောင်းမွန်နေသော်လည်း များမကြာမီကာလအတွင်း သီရိလင်္ကာ၊ ပါကစ္စတန်နှင့် နီပေါကဲ့သို့ တရုတ်ကို မဏ္ဍိုင်ထားကာ လှုပ်ရှားရသော အခြားတောင်အာရှနိုင်ငံများနှင့် အလားသဏ္ဌာန်တူသွားမည်ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်သူများက ရင်တမမ စောင့်ကြည့်နေကြသည်။

ဘင်္ဂလားဒေ့ရှ်၏ တရုတ်နှင့်ထိတွေ့ဆက်ဆံရေးက အိန္ဒိယကိုလည်း သောကရောက်စေသည်။ တောင်အာရှဒေသအတွင်း နိုင်ငံအရွယ်အစားရော၊ နိုင်ငံရေးသြဇာပါ အကြီးမားဆုံး ပလေယာဖြစ်သော အိန္ဒိယအနေနှင့် ဒေသတစ်ခုလုံးကို ကြက်သားအုပ်မကြီးသဖွယ် စောင့်ရှောက်ထားလို၏။ ဆယ်စုနှစ်ပေါင်းများစွာ ရန်သတ်ခဲ့ကြသော ပါကစ္စတန်၊ မပြေလည်ခဲ့သော သီရိလင်္ကာနှင့် နီပေါတို့မှာ ယခုအခါ ဘေဂျင်း၏သြဇာရိပ်အတွင်း သက်ဆင်းသွားကြပြီဖြစ်၍ နယူးဒေလီသည် အစဉ်အလာလက်တွဲဘက် ဘင်္ဂလားဒေ့ရှ်ကိုလည်း ထိုလမ်းအတိုင်းလိုက်သွားမည့်အရေး တွေးပူနေသည်။

သို့ဖြစ်၍ အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်အတွက် စီးပွားရေးဆိုင်ရာ ဆွဲဆောင်မှုမှအစ ပြည်သူချင်း ရင်းနှီးချစ်ကြည်ရေးအထိ ထောက်ပ့ံဆွဲဆောင်မှုများကို လက်ကုန်သုံးကာ တရုတ်၏ ဒေသတွင်းလွှမ်းမိုးမှုမှ ဆွဲထုတ်နိုင်ရန် ကြိုးစားခဲ့၏။ ဥပမာပြရသော် ၂၀၁၇ နှစ်တွင် အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ချေးငှားမည်ဟု ကြေငြာခဲ့သည်။ ထိုငွေမှာ အိန္ဒိယ၏ အစိုးရသုံးငွေသမိုင်းတွင် အများဆုံးပမာဏဖြစ်ပြီး ကြေညာချက်ထုတ်ချိန်မှာ BRI အတွက် ဘေဂျင်းက ထောက်ပ့ံမည့် အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံကို ဒက္ကာကလက်ခံရန် လက်မှတ်ရေးထိုးအပြီး ဖြစ်၏။

လတ်တလော ပူပူနွေးနွေးတိုက်ဆိုင်မှုမှာ အိန္ဒိယသို့ ကိုဗစ်-၁၉ တတိယလှိုင်းဆိုးဆိုးရွားရွား မရိုက်ခတ်မီကာလအတွင်း ဒက္ကာသို့ ဘေဂျင်းမှ နှာခေါင်းစည်းများ လှူဒါန်းပြီးချိန်တွင် အိန္ဒိယက ဘင်္ဂလားဒေ့ရှ်သို့ ကာကွယ်ဆေးများ ထောက်ပ့ံရန် လျာထားခဲ့သည်။ (သို့သော် အိန္ဒိယကိုယ်တိုင် ကပ်ရောဂါပြင်းထန်လာချိန်၌ အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးအစီအစဉ်မှာ တုံ့ဆိုင်းသွားခဲ့ရသည်။)

ညွှန်းဆိုခဲ့သော အခြေအနေများအရ ဒက္ကာသည် ဒေသတွင်းသြဇာလွှမ်းမိုးလိုသော တရုတ်-အိန္ဒိယ ‘သားတရားစီရင်ခန်း’ အတွင်း စွန့်စားခြင်းကြီးစွာ အဆွဲခံနေရသည်။ ဘင်္ဂလားဒေ့ရှ်အဖို့ ဤထောင်ချောက်အတွင်း ပိတ်မိမသွားစေရန်အတွက် အိန္ဒိယနှင့် နိုင်ငံရေးနှင့် ထုံးဓလေ့ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်ထားရမည်ဖြစ်သကဲ့သို့ တရုတ်နှင့် စီးပွားရေးဆက်ဆံမှုကိုလည်း မလွဲမသွေထိန်းထားခြင်းဖြင့် ချိန်ခွင်လျှာညီနေစေရပါမည်။

သို့သော်ဘင်္ဂလားဒေ့ရှ်သည် သူ၏ပထဝီနိုင်ငံရေးနယ်ပယ်ကို ချဲ့ထွင်လိုသော အပြုအမူများ ယခုနှစ်အတွင်း မြင်လာရသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ နိုင်ငံတကာရေးရာ အကြံပေးပုဂ္ဂိုလ် ဂိုဟာရီဇဗီက ‘ဘင်္ဂလားဒေ့ရှ်သည် BRI ၏ အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ အင်ဒို-ပစိဖိတ်ဆက်ဆံရေး၏ အစိတ်အပိုင်းလည်း ဖြစ်လိုသည့်ဆန္ဒရှိကြောင်း’ ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စု၏ အင်ဒို-ပစိဖိတ်အစီအမံအပေါ် ရှင်းလင်းစွာ ရည်ညွှန်းလိုက်ခြင်းဖြစ်သလို နယူးဒေလီ၏ ဘေဂျင်းအပေါ် ထောက်ကွက်ကို အားဖြည့်လိုက်ခြင်းလည်း မည်ပါပေ၏။

ပစ္စုပ္ပန်ကာလ၌ဒေသတွင်း အင်အားကြီးနိုင်ငံတို့၏ ပြိုင်ဆိုင်မှုအကြား ဤအားမျှခြေကို ထိန်းထားနိုင်ရန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် စိန်ခေါ်မှုကြီးမားပါသည်။ အကယ်တန္တုဘေဂျင်းနှင့် နယူးဒေလီအကြား ဆက်ဆံရေးဆိုးဝါးလာခဲ့သော် ဘင်္ဂလားဒေ့ရှ်အဖို့ ‘ဗူးလေးရာ ဖရုံဆင့်’ ဖြစ်သွားပါလိမ့်မည်။

ဒီမိုကရေစီလား၊ အာဏာရှင်လား

အခြားတစ်ဘက်မှဆင်ခြင်သော် ဒက္ကာသည် ဘေဂျင်းနှင့် ပိုမိုနီးစပ်ဖွယ်ရာ အကြောင်းရင်းရှိနေသည်။ လက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရသည် အာဏာရှင်ဆန်သောလမ်းသို့ ပိုမိုလျှောက်နေသယောင် မြင်တွေ့ရသည်။ နိုင်ငံရေးအတိုက်အခံများအပေါ် ပြင်းထန်သော အရေးယူမှုများ၊ သဘောထားကွဲလွဲသူတို့ကို ညှာတာမှုကင်းစွာ ဖိနှိပ်မှုများအား သက်သေအထောက်အထားအရ မြင်တွေ့နေရသည်။

နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၏အဆိုအရ ဘင်္ဂလားဒေ့ရှ်၌ နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု အားနည်းလှကြောင်း မှတ်တမ်းတင်ခဲ့သည်။ အကယ်၍ ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမှာ ထိုနည်းလည်းကောင်းဖြစ်လာပါက ဒက္ကာသည် အနောက်အုပ်စု၏ ဖယ်ကြဉ်ခြင်းကို ကနဦး ခံရနိုင်သည်။ နောက်ပိုင်းတွင် စီးပွားရေးအရ ထိုးနှက်ခံရပြီး ပိတ်ပင်ဟန့်တားမှုများအကြား အပယ်ခံဘဝ ရောက်သွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် အနောက်အုပ်စုနှင့် ပိုမိုကင်းကွာလျက် ဘင်္ဂလားဒေ့ရှ်သည် အစိုးရတည်မြဲရေးအတွက်ရော၊ စီးပွားရေးအသက်ရှူပေါက်အတွက်ပါ ဘေဂျင်းကို ပိုမိုမှီခိုသွားနိုင်ပါသည်။

ဘင်္ဂလားဒေ့ရှ်အနေနှင့် တောင်အာရှဒေသ၏ ပကတိ ပထဝီနိုင်ငံရေးအခြေအနေအရ အိန္ဒိယအပေါ် မကျေမနပ်နှင့် နှစ်ရှည်လများ ဖြတ်သန်းလာခဲ့သည့်နည်းတူ တရုတ်ကိုလည်း ခင်မင်ရင်းစွဲ မရှိလှပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုက သူတို့တိုင်းပြည်ကို တရုတ်ပုံစံ အာဏာရှင်ဆန်ဆန်မျိုး မလျှောက်လှမ်းစေလိုပါ။ တရုတ်၏စီးပွားရေးအောင်မြင်မှုကို အားကျသော်ငြား ကွန်မြူနစ်ဝါဒကိုတော့ အစာမကြေကြပါ။ ဒက္ကာသည် အာဏာရှင်ဆန်ကောင်း ဆန်နိုင်ပါသည်။ သို့သော် ‘ဘဝရှင်မင်းတြား အစိုးရ’ ထက် ဒီမိုကရေစီကို လိုလားကြသည်။

ထိုအတောအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ သက်တမ်းအတွင်း နယူးဒေလီ-ဒက္ကာဆက်ဆံရေးသည် အဆင်မချောလှဘဲ အထိအရှများ ရှိလာခဲ့သည်။ မိုဒီ၏ ဟိန္ဒူအသားပေး မျိုးချစ်ဝါဒအစီအစဉ်များက ဘင်္ဂလားဒေ့ရှ်အတွက် ခံတွင်းမတွေ့လှသလို နိုင်ငံခြားရေးမူဝါဒများကလည်း ဒေသတွင်း နိုင်ငံရေးအပေါ် ဆရာကြီးလုပ်ချင်လွန်းသည်ဟု မြင်ကြသည်။ သာဓကဆောင်ရသော် ၂၀၁၉ ခုနှစ်တွင် ဒက္ကာက အတည်ပြုပြဋ္ဌာန်းလိုက်သော ဥပဒေအရ မူဆလင်မဟုတ်သော လူနည်းစုအိန္ဒိယနွယ်ဖွားများကို ခြေရာခံစစ်ဆေး နှိပ်ကွပ်နိုင်သည့်အတွက် အိမ်နီးချင်းတိုင်းပြည်များသို့ ထွက်ပြေးခဲ့ရသည့်အဖြစ်ကို နယူးဒေလီက ဒေါသထွက်ခဲ့သည်။

ဒက္ကာ၏တွက်ကိန်းအရ အိန္ဒိယက ဘင်္ဂလီမူဆလင်များကို ဘင်္ဂလားဒေ့ရှ်သို့ပြန်ရန် နှင်ထုတ်သည့် အစဉ်အလာကို တုံ့ပြန်ဆန့်ကျင်သည့်အနေနှင့် ဤဥပဒေပြဋ္ဌာန်းမှုမှာ တရားသည်ဟု ယုံကြည်သည်။ နယူးဒေလီ၏ဒေါသကို ဒက္ကာက ငြင်သာစွာ ဆောင်ရွက်ပုံမှာ ၂၀၁၉ ခုနှစ်၊ ဥပဒေအပြီးသတ်ချိန်တွင် အိန္ဒိယနှင့် အဆင့်မြင့်အစည်းအဝေးများ တောက်လျှောက်ပြုလုပ်ပေးခဲ့သည်။

မခြွင်းမချန်ပြောရလျှင် မိုဒီ၏ ဟိန္ဒူအမျိုးသားရေးအခြေခံနိုင်ငံရေးမှာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးရှိ ဟိန္ဒူနှင့် မူဆလင်အသိုင်းအဝိုင်းများအကြား တင်းမာမှုများ မြင့်တက်ကာ ပြင်းထန်သောပဋိပက္ခများ ပေါ်ပေါက်စေခဲ့သည်။ ဟာစီနာက အဆိုပါပဋိပက္ခများအတွက် အိန္ဒိယသည် သူ့နိုင်ငံအတွင်း အဓိကရုဏ်းများကို ကွပ်ညှပ်ပေးမှသာ ဘင်္ဂလားဒေ့ရှ်ကို အဖျားမခတ်မည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ ဘာသာရေးအခြေပြုနိုင်ငံရေးသည် နှစ်နိုင်ငံဆက်ဆံရေးကိုပါ ထိခိုက်လာနိုင်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။

နှစ်ရှည်လများ ဖြေရှင်း၍မဆုံးနိုင်သော ပြဿနာများလည်း ရှိသေးသည်။ အိန္ဒိယနယ်ခြားစောင့်တပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို သတ်ဖြတ်ခြင်း၊ အိန္ဒိယနှင့် အငြင်းပွားနေဆဲဖြစ်သော တီးစတာမြစ် ရေကြောင်းနယ် နိမိတ်သတ်မှတ်ရေးများ ပါဝင်သည်။

တရုတ်နိုင်ငံဆက်ဆံရေးနှင့် နှိုင်းယှဉ်ကြည့်ပါက တောင်အာရှဒေသ၌ တရုတ်၏သွင်ပြင်လက္ခဏာကို အပြည့်အဝနေရာယူလာနိုင်မည့် BRI  ပရော့ဂျက်ကို နက်နက်ရှိုင်းရှိုင်း အရှိန်မြှင့်တင်နေချိန်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အပါအဝင် ဒေသတွင်းနိုင်ငံများအနေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြများထွန်းသစ်လာစေရေးအတွက် ဤစီမံကိန်းက တိုင်းပြည်တစ်ခုအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးနိုင်သည်။

အခြားနိုင်ငံများနည်းတူ ဘင်္ဂလားဒေ့ရှ်အတွက်လည်း BRI ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာမည့် ဘေဂျင်း၏ မတည်ရင်းနှီးငွေပမာဏမှာ ဆွဲဆောင်မှုအားကောင်းရုံသာမက အခြားဆက်စပ်ရာကဏ္ဍအသီးသီးကိုပါ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သွားစေမည်။ ဤပ့ံပိုးမှုမျိုးကို နယူးဒေလီက မစွမ်းသာပါ။ ၀ါရှင်တန်အနေနှင့် လုပ်ပေးနိုင်ခြင်းရှိမရှိ စဉ်းစားရပါမည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏အစိုးရသည် ဒေါ်နယ်ထရမ့်အစိုးရက ချန်ထားရစ်သော အင်ဒို-ပစိဖိတ် မူဝါဒအတိုင်း ဆက်လက်ကိုင်ဆွဲလျက်ရှိသည်။ ထိုမူဝါဒထဲတွင် တရုတ်နှင့် BRI ကို တန်ပြန်ထိန်းညှိနိုင်ရန်အတွက် အခြေခံအဆောက်အအုံတည် ဆောက်ခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ပါဝင်သည်။ ထိုမူဝါဒအားသာချက်မှသည် အမေရိက၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုကို ဘင်္ဂလားဒေ့ရှ်၌ ‘ရင်း’ လိုက်ခြင်းအားဖြင့် ၀ါရှင်တန်အတွက် အပေါင်းလက္ခဏာဆောင်သော အကျိုးအမြတ်များ ထွက်လာနိုင်ပါသည်။

ထည့်သွင်းစဉ်းစားရမည့်အချက်များအဖြစ် ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလားဒေ့ရှ်၏ မဟာဗျူဟာမြောက်တည်နေရာ၊ လူဦးရေ ၁၆၅ သန်းရှိသည့် အလယ်အလတ် မူဆလင်များစုဝေးရာတိုင်းပြည်၊ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော စီးပွားရေးစသည်တို့ဖြစ်သည်။ တဖန်အစွန်းရောက်ဝါဒီတို့ကို တိုက်ဖျက်ရာ၊ ရာသီဥတုပြောင်းလဲမှု၏ စံနမူနာပြနိုင်ငံလည်း ဖြစ်နေသည်။ ထို့ကြောင့် အမေရိကန်အနေနှင့် ဘင်္ဂလားဒေ့ရှ်ကို ထိထိရောက်ရောက် နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေးထူထောင်နိုင်မှသာလျှင် တရုတ်၏လွှမ်းမိုးမှုမှ ကင်းလွတ်သွားနိုင်ပါမည်။

ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ

ဘင်္ဂလားဒေ့ရှ်နှင့်ပတ်သက်၍ သော့ချက်ကျသော လိုအပ်ချက်နှစ်ရပ်မှာ အခြေခံအဆောက်အအုံနှင့် စစ်ရေးဆိုင်ရာပစ္စည်းပ့ံပိုးမှုဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအနေအထားမှာ စီးပွားရေးအတွက် ဘေဂျင်းအပေါ် အားပြုနေရသည်။

ဘင်္ဂလားဒေ့ရှ်တွင် ရင်းနှီးမြှုပ်နှံမှုအား ဖြည့်ပေးသည်နှင့် တစ်ပြိုင်နက် ဒက္ကာနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပါ တိုးမြင့်လာလိမ့်မည်။ ဘိုင်ဒင်အစိုးရအနေနှင့် ပိုမိုခိုင်မြဲပြီး ရေရှည်တည်တ့ံမည့် အမေရိကန်ပြည်ထောင်စု-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးကို ထူထောင်ရပါမည်။

သို့သော် အမေရိက၏ သံခင်းတမန်ခင်းသည် ဘင်္ဂလားဒေ့ရှ်၏ ‘အရေပါး’သည့် အပိုင်းကို သေချာပေါက် သတိပြုရပါမည်။ အိန္ဒိယနှင့် ဖြစ်ပျက်နေသော တင်းမာမှုများအပြင် ဒေသတွင်း မဟာဗျူဟာမြောက်နိုင်ငံအဖြစ် တွင်ကျယ်လိုသော ဘင်္ဂလားဒေ့ရှ်၏ ဆန္ဒဇောကို အသိအမှတ်ပြုပေးမှသာ အလုပ်ဖြစ်ပါလိမ့်မည်။ သို့မဟုတ်ဘဲ ၀ါရှင်တန်သည် နယူးဒေလီကိုကြားခံကာ ဒက္ကာနှင့်ချိတ်ဆက်ပါက သဲထဲရေသွန် ဖြစ်သွားပါမည်။

ဒက္ကာသည် အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလိုခြင်းမှာ အိန္ဒိယနှင့် ဆက်ဆံရသည်ထက် သာလွန်ကောင်းမွန်သော အနေအထားတစ်ခုကို မျှော်လင့်လိုရင်းဖြစ်သည်။ အကယ်၍ အမေရိကသည် Quad ကိုပ့ံပိုးရန် ဘင်္ဂလားဒေ့ရှ်အား ဖိအားပေးခဲ့ပါက အိန္ဒိယပါဝင်သော လေးနိုင်ငံမဟာမိတ်အဖွဲ့ဖြစ်၍ ရှောင်လွှဲသွားနိုင်သလို အိန္ဒိယကို အင်အားချိန်ညှိနိုင်ရေးအတွက် ဘေဂျင်းနှင့်လည်း ပိုမိုနီးစပ်သွားနိုင်ပါသည်။

၀ါရှင်တန်အတွက် ဒက္ကာကို ချဉ်းကပ်ရာ၌ နည်းလမ်းအမှန်မှာ နှစ်နိုင်ငံလုံးအတွက် ပိုမိုကောင်းမွန်သော ဆက်ဆံရေးကိုထူထောင်ကာ ယုတ္တိဗေဒကျကျ နောက်ထပ်ခြေလှမ်းအဖြစ် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးမြင့်မားမှုကို ဆောင်ကြဉ်းပေးရန်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ကို ချဉ်းကပ်ရာ၌ မှားယွင်းသောနည်းလမ်းမှာ တရုတ်ဆန့်ကျင်ရေးအစိုးရအဖြစ် ပူးတွဲပုံဖော်ရန် ကြိုးစားခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၏ အဓိကစီးပွားဘက် ဘေဂျင်းက ဖယ်ခွာခဲ့သော် နယူးဒေလီကို ချိန်ညှိထားရန် မဖြစ်နိုင်တော့ပါ။

နောက်ဆုံးတစ်နေ့တွင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြားရေးမူဝါဒ အနှစ်သာရမှာ အိန္ဒိယကဲ့သို့ပင် မနီးရိုးစွဲ ဖြစ်လာပါမည်။ ဒက္ကာသည် ဘယ်သူ့ဘက်ဟု မရွေးလိုပါ။ ကဏ္ဍအလိုက် လူစွမ်းကောင်းနိုင်ငံစုံနှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံလိုပြီး သူ့ဂုဏ်သူ့သိန်သူ့အရှိန်နှင့် လွတ်လပ်စွာ လှုပ်ရှားလိုပါလိမ့်မည်။ ၀ါရှင်တန်နှင့်တကွ Quad အဖွဲ့ဝင်များက ဤအခြေခံအမှန်တရားကို အနုလုံပဋိလုံသုံးသပ်နိုင်ပါက ဒက္ကာနှင့် ဆက်ဆံရေးတိုးမြှင့်ရာ၌ ပိုမိုအောင်မြင်လာနိုင်ပြီး အင်ဒို-ပစိဖိတ်၏ ကျယ်ပြန့်သော ရည်မှန်းချက်များပါ ကျွဲကူးရေပါ ပန်းတိုင်ရောက်ပါလိမ့်မည်။ ။

Most Read

Most Recent