နိုင်ငံ့ဝန်ထမ်းအချို့ CDM လှုပ်ရှားမှုများတွင် ပါဝင်မှုများရှိခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းလိုအပ်ချက်များကို ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား

နိုင်ငံ့ဝန်ထမ်းအချို့ CDM လှုပ်ရှားမှုများတွင် ပါဝင်မှုများရှိခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းလိုအပ်ချက်များကို ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား
Published 29 December 2021

နိုင်ငံ့ဝန်ထမ်းအချို့ CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများရှိခဲ့သော်လည်း နိုင်ငံဝန်ထမ်းလိုအပ်ချက်များကို ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ရှိ  မြို့တော်ခန်းမ၌ ဒီဇင်ဘာ ၂၈ ရက်က  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  မိမိတို့နိုင်ငံ၌ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ်ကာလများအတွင်း ကျန်းမာရေးကုသမှုလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်း၊ ဆေးဝါး၊ အောက်ဆီဂျင်နှင့် အခြားအခက်အခဲမျိုးစုံ၊ အကျပ်အတည်းမျိုးစုံတို့ကြားမှ မရရသည့် နည်းလမ်းများဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ တက်ညီလက်ညီနှင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ကိုဗစ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကိုကိုးကျွန်း၌ သွားဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း အခက်အခဲများရှိသည်ဟု သိရှိရကြောင်း၊ နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေလိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများရှိခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံဝန်ထမ်းလိုအပ်ချက်များကို ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒေသခံများ၏ တင်ပြချက်များတွင်ပါဝင်သည့် ဒေသအတွက်အမှန်တကယ် လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှုရှိရန်နှင့် ပညာရေးကောင်းမွန်မှုရှိရန် ဒေသခံများက မိမိကိုယ်ကို ဂရုတစိုက်နေထိုင်ရန်နှင့် ပညာရေးကိုအားပေးမြှင့်တင်ကြရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးကြရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကောင်းအတွက် မိမိယခင်လာရောက်စဉ် ကတည်းကပင် ခြံစည်းရိုးကာရံပေးခြင်းများ၊ လမ်းဖောက်ပေးခြင်းများ၊ သွပ်အမိုးအကာလဲပေးခြင်းများနှင့် သန့်ရှင်းသာယာလှပရေးတို့ကို လုပ်ဆောင်ပေးခဲ့ကြောင်း၊ အမြင်ကောင်းပါက စိတ်ကြည်လင်ပြီး သန့်ရှင်းသပ်ရပ်မှုကို လူတိုင်းနှစ်သက်ကြသည်မှာ လူတို့၏ စိတ်သဘောပင်ဖြစ်ကြောင်း၊ ထို့ပြင် ပတ်ဝန်း ကျင်သည် သန့်ရှင်းသပ်ရပ်ခြင်းသည် သက်ရှည်ကျန်းမာမှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ နှစ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၆၅ ဒသမ ၅ နှစ်၊ ၂၀၁၇ ခုနှစ်တွင် ၆၇ ဒသမ ၄ နှစ်ရှိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများအနက် သက်တမ်းအနည်းဆုံး နိုင်ငံတစ်ခုဖြစ်နေကြောင်း၊ ကျန်းမာရေးတစ်ခုတည်းသာမက ပညာရေး၊ စီးပွားရေး ကောင်းရန်လိုအပ်မည်ဖြစ်ပြီး ပညာတတ်မှသာ အသိအမြင်များ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ အုန်းနှင့်ပတ်သက်သည့် အခြေခံစီးပွားရေးကို ယခုထက်ပိုမိုအောင်မြင်အောင် တိုးမြှင့်လုပ် ဆောင်ရန်လိုကြောင်း၊ အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်းကို ကိုကိုးကျွန်းမှ ပထမဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် စံပြဖြစ်အောင်လုပ်ဆောင်ခြင်းဖြင့် ဒေသ၏ လူနေမှုဘဝကို တိုးတက်မြင့်မားအောင် လုပ်ဆောင်ကြစေလိုကြောင်း၊ နေ့စဉ်သုံးကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီများကို အခြားဒေသများမှ မှာယူစားသုံးနေရသည့်ဒေသဖြစ်ခြင်းကြောင့် ထိုသို့ဝယ်ယူနိုင်ရေး  ဝင်ငွေရရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသ၏ အဓိကထွက်ကုန်ဖြစ်သည့် အုန်းထွက်ပစ္စည်းလုပ်ငန်းကို အောင်မြင်အောင်လုပ်ဆောင်ကြစေလိုကြောင်း ၎င်းက ဆိုသည်။

ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သော်လည်း အချက်အလက်များမှန်ကန်မှုရှိရန် အရေးကြီးမည်ဖြစ်ကြောင်း၊ လူဦးရေနည်းပါးသည့် မြို့နယ်ဖြစ်သဖြင့် စနစ်ကျနသည့် အုပ်ချုပ်မှုပုံစံဖြင့် ရှိရမည်ဖြစ်ပြီး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ အချုပ်အားဖြင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်ဖြေရှင်းဖြည့်ဆည်းပေးနိုင်ရေးဝန်ကြီးများကို တစ်ပါတည်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် တာဝန်ကျသူများနှင့် နေထိုင်သူများဖြစ်သည့် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ပူးပေါင်းပြီး ဒေသတိုးတက်ရေးကို ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent