မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် နှစ်သစ်အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် နှစ်သစ်အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် တောင်းဆို
Published 28 December 2021
Ref: UN News

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ သီတင်းပတ်အတန်ကြာမြင့်တက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က နှစ်သစ်အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်တွင် အရပ်သားထောင်နှင့်ချီလျက် အကာအကွယ်နှင့် အထောက်အပံ့များ ရရှိရန်အတွက် နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ရသည့် ကရင်ပြည်နယ်နှင့် အခြားဒေသများတွင် အကြမ်းဖက်မှုများ မြင့်တက်နေသည်ကို ၎င်းအနေဖြင့် စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောကြားထားသည်။

“မြန်မာပြည်သူတွေဟာ ကြောက်ခမန်းလိလိ ခံစားခဲ့ရနှင့်ပြီးပါပြီ။ လူမှုစီးပွားနဲ့ လူသားချင်းစာနာစရာ အနေအထားတွေကို COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကလည်း ထပ်ဆောင်းနှိပ်စက်ခဲ့ပါတယ်” ဟု မစ္စဟေဇာ က ပြောကြားခဲ့သည်။

“ကိုယ်ကိုယ်တိုင်ရဲ့ ပြည်သူတွေအပေါ် ထိခိုက်ခံစားစေသူတွေအနေနဲ့ သူတို့သေနတ်တွေကို အသံတိတ်လိုက်ဖို့နဲ့ လိုအပ်ချက်ကြီးမားနေတဲ့အချိန်မှာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ မြန်မာကလေးငယ်တွေရဲ့ အနာဂတ်ဟာ အဲ့ဒီအပေါ်မူတည်နေပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။

ဘက်အသီးသီးအနေဖြင့် အတတ်နိုင်ဆုံး ချုပ်ထိန်းကြရန်နှင့် လူထုအကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့် ဖြေရှင်းနည်းတစ်ရပ်ကို ရှာဖွေကြရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်က သံယောင်လိုက်ထားခြင်းလည်း ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က အကြမ်းဖက်မှုများကို ချက်ချင်းရပ်စဲရန် မေတ္တာရပ်ခံထားမှုကိုလည်း ၎င်းက ထပ်မံထင်ဟပ်တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဘက်အသီးသီးအနေဖြင့် နိုင်ငံ၏ ပိုမိုကြီးမားသော အကျိုးစီးပွားအတိုင်း ပြုမူကြရန်နှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေး၊ ဘေးကင်းလုံခြုံရာဆီ လွတ်လပ်စွာ ရွေ့လျားနိုင်စေရေးနှင့် လိုအပ်နေသူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များရရှိအောင် ခွင့်ပြုရေးတို့အတွက် နိုင်ငံတကာဥပဒေများအောက်ရှိ ၎င်းတို့၏ တာဝန်ရှိမှုများကို လေးစားလိုက်နာရန် မစ္စဟေဇာက ပြောကြားခဲ့သည်။

၎င်းတို့အား အဆုံးသတ်ရန် မြန်မာနိုင်ငံတစ်လွှား၌ နှစ်သစ်အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရေးအတွက် ၎င်းက တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မစ္စဟေဇာအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် အောက်တိုဘာလအတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent