ပရမ်းပတာတူးဖော်မှုများကြောင့် နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားနိုင်သည့် ဖားကန့်ကျောက်စိမ်းမြေ

ပရမ်းပတာတူးဖော်မှုများကြောင့် နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားနိုင်သည့် ဖားကန့်ကျောက်စိမ်းမြေ
Published 26 December 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

“လက်ရှိပုံစံအတိုင်းသာ တူးနေကြရင် နောက်ထပ် နိုင်ငံရေးအပြောင်းအလဲမလုပ်ခင်မှာပဲ အပေါ်ပိုင်းကျောက်စိမ်းကြောတွေ အားလုံးပြောင်သွားမယ်။ ခိုးတူးဆိုပေမဲ့ ဘက်ဟိုးတွေ၊ မြေသယ်ယာဉ်တွေနဲ့ ရသလောက်ချနေ ကြတာဗျာ။ စက်ငယ်၊ လက်ငယ်နဲ့ တူးတဲ့သူတွေဆိုရင် ကျောက်ထွက်တဲ့နေရာတိုင်း  ညတိုင်း အပြည့်တူးနေတာပဲ။ အခု ဖားကန့်တစ်နယ်လုံး မြေမှန်ကြော (မူလ မတူးဖော်ရသေးသည့် အပေါ်ယံမြေလွှာ) ဆိုတာ မရှိတော့ဘူး”ဟုမိတ်ဆွေဟောင်းက ဆိုသည်။

အင်တာနက်လိုင်းများလည်း လွန်ခဲ့သည့် သြဂုတ် ၂၀ ရက် ည ၈ နာရီကတည်း ပြတ်တောက်နေသည်မှာ လေးလကျော်လာခဲ့ပြီ ဖြစ်သည်။ ဖားကန့်နှင့်ပတ်သက်လျှင် ဖုန်းသတင်းသာရပြီး လူမှုကွန်ရက်မှ ထွက်ပေါ် လာသည့် သတင်းများမှာ တိမ်မြုပ်ပျောက်ကွယ်နေတော့သည်။

 

သမိုင်းတစ်လျှောက် ပရမ်းပတာတူးဖော်မှု အကြီးမားဆုံးဖြစ်နေသည့် ကျောက်စိမ်းမြေ

ဖားကန့်ဒေသနှင့်ပတ်သက်၍ လက်ရှိအချိန်မှာ သမိုင်းတစ်လျှောက် ပရမ်းပတာတူး ဖော်မှုအကြီးမားဆုံး ဖြစ်နေသည်။ နေ့တွင် နား၍ ညတွင် တစ်ညလုံးနီးပါး တူးဖော်နေကြခြင်းဖြစ်သည်။ လွန်ခဲ့သည့်ကာလများက ကျန်ရှိနေသည့် ဒိုင်ကျန်များ (လုပ်ကွက် တစ်ခုနှင့် တစ်ခုကြား ကျန်ရှိနေသည့် မြေ)၊ ကျောက်ခုံများ၊ အပေါ်ယံကျန်ရှိနေသေးသည့် လုပ်ကွက်ကျန်များပေါ်တွင် တူးဖော်နေကြခြင်းဖြစ်သည်။

လက်ရှိအခြေအနေကို ဖားကန့်ကို သုံးသပ်ရလျှင် ပရမ်းပတာ ဖားကန့်ဟုသာ သုံးသပ်ရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် ဖားကန့်၏ ဒေသတွင်း တရား ဥပဒေ စိုးမိုးရေးက ယခင်အစိုးရလက်ထက် ကထက် ဗြုန်းခနဲ ကျဆင်းသွားသည်။

ကုမ္ပဏီအများစုက လုပ်ငန်းများရပ်နားကြသော်လည်း ယင်းဒေသတူးဖော်ရေးစက်များက မနားကြ။ ကျောက်စိမ်းထွက်နိုင်သည့်ကြော မှန်သမျှ အလုအယက်တူးကြသည်။ ဒါတွေ လုပ်ဖို့ လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ပတ်သက်ဆက်နွှယ်ရသည်ဟု ကျောက်စိမ်းလုပ်ငန်းနှင့် ပတ်သက်ဆက်စပ်သူများက ဆိုသည်။

 

ကျောက်စိမ်းလုပ်ငန်းကြီး လုပ်ကိုင်နေသူ ဦးလင်း (အမည်လွဲက) “အခုကတော့ နိုင်ငံရေး အပြောင်းအလဲဖြစ်တော့ ကျောက်စိမ်းကြောတွေကတော့ ခိုးတူးနေကြရတာပေါ့။ သက်တမ်းရှိ လုပ်ကွက်ကတော့ ၂၀၂၁ ခုနှစ် မတ်လမှာ အားလုံးကုန်ပြီ။ ရပ်နားထားတဲ့ သုံးလထပ်တိုးတော့ ဒီနှစ် စက်တင်ဘာမှာ အားလုံး သက်တမ်းကုန်ပြီလေ။ ဖားကန့်က မိုးကုတ်လို ဖြစ်သွားပါပြီ။ ဒီအတိုင်းသွားရင် လက်လှမ်းမီတဲ့ ကျောက်စိမ်းကြောက ကုန်မှာပါ။ အခုတောင် လုံးခင်းဘက် အထက်ပိုင်းလောက်ပဲ ကျန်တော့တယ်။ ရှရော်ခတို့၊ ဗလခတို့၊ မော်မောင်းလျန်၊ မယ့်လင်ချောင်၊ ကရင်ချောင်၊ မှော်ဆီစာတို့ဆိုရင် မကျန်တော့ဘူး။ ဆိပ်မူ အုပ်စုဘက်ခြမ်းဆိုရင် ကျောက်ကြောကောင်းတာ မကျန်တော့ဘူး။ အခုခိုးတာက ကြော ကောင်းတွေချည်းပဲ။ ဒီအချိန်တော့ ဘယ်သူမှ မစိစစ်နိုင်တော့ဘူးလေ။ ခိုးကျင်းဆိုပေမဲ့ ဘက်ဟိုးငါးစီး၊ ၁၀ စီးလောက်ပါမှ လုပ်ငန်းတွင်တာလေ။ စက်ပစ္စည်းတွေကတော့ ကုမ္ပဏီတွေကပဲ ရတာပေါ့”ဟု ပြောကြားသည်။

ဦးသိန်းစိန် အစိုးရနှင့်  NLD အစိုးရလက်ထက်တို့တွင် ဖားကန့်ဒေသသို့ တရားမဝင် ယာဉ်ယန္တရား တင်သွင်းမှုနှင့်ပတ်သက်ပြီး  စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အရ ယန္တရား ၁၀၂၈၂ စီးတွေ့ရပြီး အထောက်အထား မပြနိုင်သည့် ယာဉ်/ယန္တရား ၁၈၈၇ စီးရှိနေသည်။

ယင်းယန္တရားများမှာ လက်တစ်ကမ်းတွင် အလွယ်တကူ အသုံးပြုနိုင်သည့် အခြေအနေ ဖြစ်နေခြင်းကလည်း အင်အားကြီးကြီးမားမားဖြင့် တူးနိုင်သည့် အခြေအနေဖြစ်ပါသည်။

“စက်ကြီးတွေနဲ့ စခိုးတူးတာက အခု အစိုးရကနေပြီး ဘယ်နေ့ကနေ ဘယ်နေ့အထိ ရပ်နားကြောင်း ကြေညာတဲ့နေက စပြီး ပိုပိုများ လာတော့တာပဲ။ လက်ရှိအချိန်ကတော့  ဘယ်ကာလနဲ့ မတူဘူး။ ထွက်တဲ့နေရာ တူးနေကြတာ။ ကြောကောင်း (အရည်အသွေးကောင်း ကျောက်စိမ်းထွက်သည့်နေရာ) ကတော့ အပြင်လူဝင်ဖို့မလွယ်ဘူး။ ဒီနှစ် ပွင့်လင်းရာသီရောက်ရင် အပေါ်ယံတွေက အတော်ကုန်သွားပါပြီ။ မှော်တိုင်းမှာ ဘက်ဟိုး ဆယ်ချီလုပ်နေကြတယ်လေ။ ညတိုင်းဟာ ပွဲတော်ကြီးတွေထက် အများကြီး စည်ကားနေတာကိုး။ တောင်ဖြိုမိုင်းတွေခွဲပြီး တူးနေကြတဲ့အဆင့်ဆိုတော့ ခိုးတူးတယ်လို့ယူဆရအောင်လည်း ခက်တယ်” ဟု  ဖားကန့်လုံးခင်းတွင် နှစ်ပေါင်း ၄၀ ကျော် နေထိုင်လာခဲ့သူတစ်ဦးက ဆိုသည်။

ဖားကန့်ဒေသနှင့်ပတ်သက်၍ ဒေသခံ အတော်များများမှာ မှတ်ချက်ပေးရန်မှာ အကြောက်တရားကြောင့် ငြင်းဆန်နေကြသည်။

စက်ယန္တရားကြီးများဖြင့် တစ်ညလုံး ခိုးထုတ်နေသည့်ဖြစ်စဉ်မှာ အားလုံးတွင် တာဝန်ရှိသော်လည်း သြဇာသက်ရောက်မှုမှာ ကေအိုင်အေလက်နက်ကိုင်အဖွဲ့သာ ဖြစ်ကြောင်း၊ ရေရှည်အတွက် စိုးရိမ်စရာကောင်းသည့် အခြေအနေဖြစ်နေကြောင်း ဒေသခံများက ထောက်ပြကြသည်။

“တောဘက်က ပြည်တန်ဆာတောင် ဆက်ကြေး (အခွန်) နှစ်သောင်းကောက်တယ်။ လမ်းဘေး စျေးသည်ကစလို့ ပေးနေရတာပဲ။ ဒီစက်ယန္တရားကြီးတွေ တူးဖော်နေကြတာကိုတော့ မတားနိုင်စရာ မရှိပါဘူး။ တပ်ကလည်း တကယ်လုပ်ရင် တားနိုိင်တယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့ညက တပ်ရင်းပေါ်ကနေ လှမ်းပစ်တာ ပဲလေ။ တောင်ပြိုမှော်မှာ ထိတာပဲ။ ပြေးကြ ရတာပဲ။ တကယ်မတားကြလို့ပါ။ ကျွန်တော်တို့ကတော့ ရေရှည်အကျိုးဖြစ်ထွန်းစေချင်တယ်။ အခုလို ခိုးတူးပြီး တိုင်းပြည်အတွက် ဘာအကျိုးမှ မရှိတာမျိုးလည်း မလိုချင်ဘူး။ ဒီဒေသက ထောင်ချောက်ကြီးလိုပဲ။ လူပေါင်း သိန်းချီလာတယ်။ ထောင်ပိုင်းလောက် ကောင်း စားတယ်။ သောင်းနဲ့ချီတဲ့ လူတွေက မြေပြိုလို့၊ မူးယစ်ဆေးသုံးလို့ ဘဝပျက်ကြတယ်။ အခု အတိုင်းသွားရင် ဒီနှစ် ပွင့်လင်းရာသီကုန်ဆို အပေါ်ယံကျောက်လွှာပိုင်းတော့ကုန်ပါပြီ” ဟု ဆိပ်မူကျေးရွာသားတစ်ဦးက  ဆိုသည်။

ကေအိုင်အိုဗဟိုမှ ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်ဒေသတွင် ဖြစ်ပျက်နေသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ တိတိကျကျ မှတ်ချက်ပေးရန် ခက်ခဲနေကြောင်း ပြောကြားသည်။

“ဒီအချိန်မှာ စစ်ကောင်စီဘက်ကလည်း မစိုးမိုးနိုင်ဘူး။ ကေအိုင်အေဘက်ကလည်း ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေ၊ အောက်ခြေမှာ ရှာစားနေတဲ့ ပြည်သူတွေ အဆင်ပြေအောင်လုပ်နေတဲ့ ကာလလောက်ပဲ ထင်ပါ တယ်။ တိတိကျကျ ပေါ်လစီနဲ့တော့ ပြောလို့မရဘူးပေါ့”ဟု ဆိုသည်။

 

ရေမဆေးသမားတွေ သိန်းနှင့်ချီ အခက်တွေ့နေသည့် ဖားကန့်

ဖားကန့်ဒေသဟာ ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ နှစ်စဉ်ရှိနေဆဲ ဖြစ်သည်။ ၂၀၁၄ ခုနှစ် အစိုးရက ကောက်ယူထားသော စာရင်းများအရ  ဖားကန့်ဒေသတွင် အိမ်ထောင်စု (၃၃၁၂၈) သုံးသောင်းသုံးထောင်ကျော်၊ လူဦးရေ (၃၁၂၅၂၈ ဦး) သုံးသိန်းတစ်သောင်းကျော်၊ ကျေးရွာအုပ်စုပေါင်း ၂၁ စု၊ ကျေးရွာပေါင်း ၁၁၆ ရွာအနက် ၅၄ ရွာသာ ပြည်ထဲရေးအမည်ပေါက်ဖြစ်ပြီး ကျေးရွာ ၆၆ ရွာမှာ ထပ်တိုးရွာ များဖြစ်ကြောင်း အစိုးရရုံးမှတ်တမ်းများက ဆိုသည်။ ဒေသတွင်းတစ်ခုလုံး ကျောက်စိမ်းလုပ်ငန်းသာရှိပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ အနည်းငယ်သာ လုပ်ကိုင်ကြသည်။

ဖားကန့်ဒေသသည် ကိုဗစ်ကပ်ဘေး၊ နိုင်ငံရေးအခြေအနေနှင့် နယ်စပ်ကုန်သွယ်ရေးများကြောင့် ကုန်စျေးနှုန်းကြီးသည်။ ကျောက်စိမ်း အရောင်းအဝယ်လုပ်ငန်းလည်း အရောင်းအဝယ် နှေးကုန်သည်။ အဓိက ဒုက္ခရောက်ကြသည့် အခြေခံလူတန်းစားများဖြစ်သည့် ရွှေ့ပြောင်းလုပ်သား၊ ရေမဆေးသမားဖြစ်သည်။

ကသာဒေသမှ ရေမဆေးကျောက်ရှာသူ ကိုအောင်သော်က “စျေးကြီးတာ အားလုံးပဲ။ မနှစ်က ပွိုင့်ဖိနပ်တစ်ရန် သုံးထောင်၊ လေးထောင်။ အခုက တစ်သောင်းရှစ်ထောင်တဲ့။ စိန်တူ၊ ကျောက်ကြည့်ဓာတ်မီး တစ်သောင်း စီလောက် တက်တယ်။ ဆန်၊ ဆီ အားလုံးစျေးတက်။ ဒီအထဲမှာ အရင်ကလို အသားကျောက် ကဝယ်သူမရှိဘူး။ အရည်တွေ၊ မန်းတွေပါမှ ကျောက်က ရောင်းရတော့ ကြားထဲမှာ ငတ်တာပေါ့။ သူများရရင် ပွဲတိုက်ခလေးစားပြီး နေကြတာ။ ကျောက်စိမ်းကတော့ ရှာရင်တော့ ရပါ သေးတယ်။ အားလုံးက ခိုးတူးပြီး မြေစာကလည်း ပစ်ချင်တဲ့နေရာ ပစ်နေတော့  ကျောက်ရှာရတာ နေရာကျယ်တယ်။ အရင်က သိန်းကျောက်က အခု သောင်းကျောက်ဖြစ်နေတာပေါ့။ အရည်တကယ်ကောင်းပြန်ရင်လည်း ဆယ်ချီ၊ ရာချီ၊ ထောင်ချီတွေ ရတတ်ကြပါတယ်။ အများစုကတော့ ၀ိုင်းရှာ ဝိုင်းစားပုံစံပဲ။ သူခိုးကလည်း ပေါလိုက်တဲ့သူခိုး။ ဆိုင်ကယ်တို့ အခြားဟာတို့ဆိုရင် မျက်ကွယ်မထားရဲဘူး။ ဒီမှာသာ အဆင်မပြေကြတာ တက်လာတဲ့လူတွေ တစ်နေ့ထက် တစ်နေ့များနေတုန်းပဲ”ဟု ဆိုသည်။

လက်ရှိတွင် မြေပြင်အနေအထားအရ နိုင်ငံဒေသအနှံ့အပြားမှ လူငယ်အများစုမှာ လောပန်းဖြစ်ရေးအိပ်မက်ဖြင့် ဖားကန့်ဒေသသို့ ကျောက်စိမ်းရှာဖွေရန် ဆက်လက်ဝင် ရောက်နေဆဲဖြစ်သည်။

 

မြေအောက်ရောက်ခဲ့ရသည့် ပြည်သူများ

လွန်ခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းဂျာဘုံရွာအနီး  ရှရော်ခနှင့် မနကျေးရွာကြားရှိနေ မင်းကမ္ဘာလုပ်ကွက်ဟောင်းမှ မြေစာပြိုကျရာ ခြောက်ဦးပျောက်ဆုံးခဲ့ပြီး သုံးဦး၏ အလောင်းများကို ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ရှာဖွေတွေ့ရှိခဲ့သည်။ အလောင်းများ ဆယ်ယူနေချိန် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းကလည်း လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းရွာရှိ စိန်စိန်လုပ်ကွက်တွင် အလျား ပေ ၅၀၀ ခန့်၊ အနံ ပေ ၄၀ ခန့်၊ အမြင့် ပေ ၂၀၀ နီးပါးမှ မြေစာပြိုကျရာ ပျောက်ဆုံးသူ ဆယ်ချီရှိနိုင်သည်ဟု မျက်မြင်များက ပြောကြားသော်လည်း ပျောက်ဆုံးသူ စာရင်းမှာ ကိုးဦးသာရှိကြောင်းသိရသည်။

ယင်းမြေပြိုသည့် အခြေအနေမှ လွတ်မြောက်လာသူတစ်ဦးက “ပြိုတဲ့နေရာက ဒိုင်ကျန်နေရာပေါ့။ အောက်ခြေမှာ စားထားတော့ ကျွန်တော်ကတော့ အန္တရာယ်များလို့ မသွားဘူး။ ဒီဘက်က မီးပုံကနေ လှမ်းမြင်နေရတယ်။ အဲဒီမှာ ရခိုင်မလေးနှစ်ယောက် စျေးရောင်းနေတယ် ။ သူတို့လည်း လူပျောက်စာရင်းမပေးကြဘူး။ ဒီဘက် အလယ်သောင်ကို လွတ်မြောက်တာ နှစ်ယောက်။ ဟိုဘက် ရွှေဖောင်ဘက်လွင့်သွားတာ ၁၀ ယောက်ဝန်းကျင်ပေါ့။ အောက်ခြေကမ်းပါးမှာ ထိုင်နေတဲ့အဖွဲ့က လူ ၅၀ ကနေ ၇၀ လောက်ရှိတယ်။ နည်းတဲ့အလျားမှ မဟုတ်တာ။ သူတို့က လွတ်ဖို့မဖြစ်နိုင်ဘူး။ စက္ကန့်ပိုင်း ပဲကြာတာကို မြေပြိုတာက။ လွတ်တာက ကမ်းပါးမှာ ကျောက်ရှာသူတွေပဲ။ ဆိုင်ကယ်အပ်တဲ့ နေရာမှာလည်း အစီး ၃၅ စီးလောက် ပိုနေတာလို့သိရတယ်။ ဒီမှာ တစ်ဦးချင်းကျောက်ရှာသူတွေရှိနေတော့ တချို့က အိမ်ရှင်က ပြောကြမှ သိတော့မှာ”ဟု ဆိုသည်။

ကျောက်စိမ်းဒေသမှာ ကျောက်စိမ်းရှာ သူများ၏ ဘေးကြီးနှစ်ရပ်ရှိသည်။ တစ်ခုက မြေပြိုမှုဖြစ်ပြီး တစ်ခုက မူးယစ်ဆေးသုံးစွဲမှု မြင့်မားလွန်းတာ ဖြစ်သည်။ မူးယစ်ဆေးဝါးကြောင့် သေဆုံးပျက်စီးမှုက မှတ်တမ်းတင်ရန် ခက်သော်လည်း မြေပြိုမှုကြောင့် သေဆုံးမှုများရှိနေသည်။ ယခင် NLD အစိုးရလက်ထက် ငါးနှစ်တာကာလတွင် လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် အစိုးရအဖွဲ့မှတ်တမ်းများ အရလူဦးရေ ၈၀၀ ဝန်းကျင်အထိ (အလောင်း ရ) မြေပြိုသေဆုံးခဲ့သည်။  ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ၎င်းထက် ပိုများသည်ဟု သိရသည်။ အစုလိုက်အပြုံလိုက် နှစ်စဉ် လူသေဆုံး မှုများမှာ ၂၀၀၇ ခုနှစ်မှစတင်ခဲ့ပြီဖြစ်ရာ မြေပြိုသေဆုံးမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူများမှာ လူဦးရေ ၂၀၀၀ အထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ 

လက်ရှိလည်း အထိန်းအကွပ်မဲ့ စက်ယန္တရားကြီးငယ်နှင့် လူပေါင်း သိန်းဂဏန်းမျှ တူးဖော်နေကြခြင်းက မြေပြိုသေဆုံးမှုများ ထပ်ဖြစ်ဦးမည်ဟု ဖားကန့်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူများက ဆိုသည်။

လုံးခင်းကျေး ရွာမှ ရပ်မိရပ်လည်းဖြစ်၊ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းများတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူတစ်ဦးက “အခုတူးနေကြတာ ထွက်တဲ့နေရာ တူးကြတာဗျ။ တစ်နေ့ က စိန်စိန်လုပ်ကွက်ပြိုတာက အပေါ်က မြေစာအောက်မှာ ဒိုင်ကျန် (လုပ်ကွက်နှစ်ခုကြား မြေ သားချန်ထားသည့်နေရာ။ အဲဒီနေရာက ၀ိုင်းဖဲ့ထားတော့ မှိုပွင့်လိုဖြစ်နေတာ။ အဲဒီကမ်းပါး

အောက်က လူတွေ အကုန်သေကြတာ။ ဒိုင်းကျန်နေရာက မူလမြေသား ကျောက်ကောင်းရ တတ်တော့ အဲဒီနေရာပဲ ရေကန်နဲ့နီးရင် ရေပန်းထိုး၊ မျှောတိုက်။ တစ်ဖက်မှာက ကျင်းဟောင်းတွေက မြေစာဖို့ပြီး နွံကန်ကြီးဖြစ်နေတာ။ အဲဒါကို သွားဖောက်သလို ဖြစ်နေတော့ စဉ်းစားကြည့်တော့ အန္တရာယ်ဘယ်လောက်များသလဲဆိုရင်။ လုံးခင်း၊ ဆန်ခါ၊ မှော်ဝမ်းတစ်ကြော၊ ဖားပြင်တစ်ကြော အားလုံးရှိတယ်။ အဲဒီလိုလုပ်နေကြတာ။ လူတွေ ဆယ်ချီ၊ ရာချီ အန္တရာယ်ရှိတဲ့နေရာတွေဗျာ။ တပ်ဖြစ်ဖြစ်၊ ကေအိုင်အေဖြစ်ဖြစ် တားသင့်တယ်။ မတားနိုင်ရင် သမိုင်းတွင်တဲ့မြေပြိုမှုတွေလာဦးမှာပဲ ဒီပုံစံနဲ့တော့”ဟုထောက်ပြသည်။ 

မူးယစ်ဆေးဝါးကြောင့် သေဆုံးပျက်စီးသူများမှာ ကျောက်စိမ်းမှော်များ စတင်စည်ကားခဲ့သည့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှ ယနေ့အထိဖြစ်ရာ မြေပြိုသေနှုန်းထက်ပင် များနိုင်ပါသေးသည်။

 

သမိုင်းတွင်သည့် မြေပြိုသေဆုံးမှုများ

ဖားကန့်ရဲ့ ကျောက်စိမ်းတူးဖော်မှုကို ကြည့်လိုက်ရင် လက်ကျင်းခေတ်၊ ရေငုပ်ကျင်း ခေတ်၊ လူးကျင်း (ကြွက်တွင်းကျင်း) ခေတ်၊ ခေါက်စားခေတ်၊ ဖက်စပ်ခေတ်၊ ယန္တရားငယ်ခေတ်၊ ယန္တရားကြီးခေတ်ဟု ခွဲရမည်ထင်သည်။ ခေတ်တိုင်းမှာလည်း ကျောက်စိမ်းတူးဖော်မှုတွင် အသက်ပေါင်းများစွာ ပေးခဲ့ကြရသည်။ ဖက်စပ်ခေတ်ရောက်ချိန် ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် လူများအစုလိုက် သေဆုံးမှုများရှိခဲ့ပါပြီ။ များများတူး၊ မြန်မြန်ထုတ်၊ များများသေခဲ့ သည်။

၁၉၉၀ ပြည့်နှစ်မှ ၁၉၉၇ ခုနှစ်အထိ လက်တူးကျင်းအများစုနှင့် ယန္တရားအနည်းငယ်သာရှိသည်။ လမ်းပိုင်းတစ်လျှောက် ကားမပေါက်သဖြင့် ဆင်၊ လား၊ နွား၊ လူတို့ဖြင့် ကုန်သယ်ရသည်။  အတွေ့အကြုံများကို မူတည်ပြီး ဆိုရိုးစကားတွေ ကျန်ရစ်ခဲ့သည် ။ “တရုတ်တစ်ကောင် ငွေတစ်ထောင်”တို့၊ “လူချစ်သူချစ် ၂၁” ဆိုတာတွေလည်း လူတိုင်း ပါးစပ်ဖျားက ထွက်ကျနေကျစကားများဖြစ်သည်။ ကျွန်တော် မှတ်မိသလောက် ကေအိုင်အေအဖွဲ့က လူဝင်ခွင့် ငါးကျပ်၊ ၁၅ ကျပ်မှ ၄၅ ကျပ်အထိ  ကောက်လာခဲ့သည်။

၂၀၀၀ ပြည့်နှစ်မတိုင်မီက ရေမဆေးကျောက်လို ရှာဖွေသူဟာ မူးယစ်ဆေးဝါးသုံးစွဲသူများ ဆေးဖိုးရှာသည့်အလုပ်သာ ဖြစ်သည်။ ၂ဝဝဝပြည့်နှစ်နောက်ပိုင်း ကျောက်စိမ်းလုပ်ကွက်များကို ကုမ္ပဏီပိုင်များဖြစ်ကုန်ပြီး စက်အင်အားကြီးများ အသုံးပြုသည့် အသုံးများလာပြီးနောက်ပိုင်း ကုမ္ပဏီမြေစာပုံတွင် ကျောက်စိမ်းအကျန်များ ရှာဖွေသူတိုးလာကြသည်။ လူပေါင်းသိန်းချီသည့် ကျောက်မျက် ရှာဖွေသူများသည် လုပ်ကွက်များ ကုမ္ပဏီပိုင်ဖြစ်သွားခြင်းကြောင့် ရေမဆေးကျောက် ရှာဖွေသူများ ဖြစ်ပါလာသည်။ အားလုံးသည် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံမှာသာ မှီတည်နေကြရသည့် ဘဝများဖြစ်ကုန်ပြီး မြေပြို ကျင်းပိသူများသည် ရွှေ့ပြောင်းအလုပ်သမား ရေမဆေးသမားများ ဖြစ်လာကြတော့သည်။

ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ဆိပ်မူကျေးရွာ အုပ်စု၊ ဖားပြင်၊ ဆွတ်အောင် ကျေးရွာအနီးက ဆန်ခါမြေစာပုံဟာ နှစ်ဖာလုံလောက် လျှောကျခဲ့ပြီး အောက်မှာရှိသော ရေမဆေးကျောက် ရှာဖွေသူများ၊ စျေးရောင်းသူများနေထိုင်သည့် တဲ ၇၀ ကျော်ခန့် မြေစာအောက် ရောက်ရှိသွားခဲ့သည်။

တရားဝင်စာရင်းပေး ပျောက်ဆုံးသူ ၁၃၀ ရှိပြီး ၁၁၄ ဦး၏အလောင်းများ ပြန်လည်ရရှိကာ ၈၄ ဦးသာ ပိုင်ရှင်ရှိခဲ့သည်။ ယုံကြည်ရသည့် သတင်းအချက်အလက်များအရ သေဆုံးသူ အရေအတွက်သည် ၂၀၀ ဝန်းကျင်ရှိနိုင်ကြောင်း အခိုင်အမာဆိုကြသည်။ ကမ္ဘာတစ်ဝန်းကပင် တုန်လှုပ်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်သည်။ ထိုစဉ်က ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကိုယ်တိုင် နိုဝင်ဘာ၂၅ ရက်မှ သာကွင်းဆင်းနိုင်ခဲ့သည်။

ပြည်သူများနှင့် သတင်းစာအမြောက်အမြားကလည်း ဖားကန့်ဒေသတွင်း အဆမတန်တူးဖော်နေမှုများကို ဝေဖန်ထောက်ပြကြ သည်။ တရားမဝင် ယန္တရားကြီးများ တင်သွင်းမှုကို စိစစ်လာခဲ့ကြရသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်မတိုင်မီက ထုတ်ဝေခဲ့သည့် Global Witness က ဖော်ထုတ်မှုများကလည်း ရွေးကောက်ပွဲနှင့် မြေပြိုသေဆုံးမှုများ၏ တုံ့ပြန်မှု အပေါ်အားဖြစ်စေခဲ့သည်။ တရားမဝင် ယန္တရားများကို စုံစမ်းစစ်ဆေးကာ လူထုများက ကျေနပ်အားရမှုမရှိသော်လည်း အရေးယူမှုများ ပြုလုပ်ခဲ့သည်။ မြေစာပုံများကို စနစ်တကျပုံဖို့ စီစဉ်လာကြသည်။  အစိုးရအဖွဲ့လည်း ရွေးကောက်ပွဲကြောင့် အပြောင်းအလဲ ဖြစ်လာကြသည်။

ဖားကန့်မြေပြိုမှုမှာ ၂၀၁၆ ခုနှစ်မှာ လူပေါင်း ၁၁၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင် ၁၂၅ ဦး ကျော်၊၂၀၁၈ ခုနှစ်မှာ ၁၃၉ ဦး၊၂၀၁၉ ခုနှစ်မှာ ၁၁၆ ဦး မြေပြို၊ ကျင်းရှောမှုကြောင့် သေဆုံးခဲ့ကြသည့် (အလောင်းရ) ကို လူမှုကူညီရေး အသင်း၊ သတင်းဌာနမှတ်တမ်းများအရ သိရပြီး လက်ရှိတွင်လည်း မြေပြိုမှုများကြောင့် သေဆုံးမှုများ ရှိနေဆဲဖြစ်သည်။

ပထမစံချိန်ကိုချိုးခဲ့သည့် မြေပြိုမှုမှာ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက် နံနက် ၆ နာရီကျော်တွင် ဝှေခါကျေးရွာ၊ ရပ်ကွက် ၆ ရှိ လခူးချောင်ရှိ ကျောက်မျက်ရွှေ ပြည်ကုမ္ပဏီ (ဒေသအခေါ် တစ်သုံးလုံးကုမ္ပဏီ)  ကျင်းကမ်းပါး ပြိုကျမှု ဖြစ်သည်။

လူပေါင်း ၁၇၂ ဦး အထိ စံချိန်တင် သေဆုံးခဲ့ပြီး  ၅၄ ဦးဒဏ်ရာရရှိကာ ၁၉ ဦးပျောက်ဆုံးခဲ့သည်။ ကျင်းဟောင်းအတွင်းသို့ အဝေး တစ်မိုင်ခန့်မှ အမြင့်ပေ ၂၀၀၀ ခန့်ရှိ ကမ်းပါး ကြောပြတ်ကျကာ ရေလှိုင်းလုံးကြီးများဖြင့် တစ်ဖက်ကမ်းမှ ကျောက်တူးနေသူများကို ရိုက်ချလိုက်ခြင်းဖြစ်ပြီး သေဆုံးသူအများစုကို ပြန်လည် ရရှိခဲ့သည်။ အစိုးရက စုံစမ်းရေးကော်မတီဖွဲ့စုံစမ်းခဲ့ပြီး ရေမဆေးလောပန်း ၁၃ ဦး ကိုအမှုဖွင့်ခဲ့သည်။ မြေပြိုရသည့် အကြောင်းရင်းမှာ ဂျန်းနစ်ပတ် (ဒေသအခေါ် ကျောက်ပုတ်)ကြောဖြစ်ခြင်းကြောင့် မြေပြိုလွယ်ခြင်း၊ မိုးရေချိန် လက်မ ၃၀ ကျော်ရွာသွန်းခဲ့ခြင်း၊ သတိပေးမှုများ၊ ဆိုင်းဘုတ်များ ရှိသော်လည်း တရားမဝင် ခိုးတူးသူများပြားနေခြင်း၊ လုပ်ကွက်အနေဖြင့် သတ်မှတ်ကာရံထားသော ခြံစည်းရိုး မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ကော်မတီက သုံးသပ်ခဲ့သည်။

         

ပျောက်ကွယ်သွားနိုင်သည့် ကျောက်စိမ်းတူးဖော်မှု

ဖားကန့်ဒေသတွင် တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကေအိုင်အေတို့ ငြိမ်းချမ်းရေးယူခဲ့သည့် ၁၉၉၄ ခုနှစ် နောက်ပိုင်း ၂၅ နှစ်အတွင်း တောင်အလုံး ၅၀ ဝန်းကျင်နှင့် စမ်းချောင်းပေါင်း ၁၈ ခု ပျောက်ကွယ်ကြောင်း ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ မှတ်တမ်းများက ဆိုသည်။

ဖားကန့်တွင် ကြီးပြင်းခဲ့သူ အသက် ၆၀ အရွယ်  ရှမ်းတိုင်းရင်းသားတစ်ဦးက “အရင်ကတော့ ဒီတစ်သက်မကုန်ဘူးကို တွက်တာ။ နှစ် ၃၀ လောက်မှာ ပြောင်းသွားတာ။ တိပ်ခွေရစ် သလိုပဲ။ ကျောက်ကြောကောင်းတဲ့နေရာတွေ အားလုံး စက်ကြီးတွေနဲ့ တူးနေကြတော့။ အခုအတိုင်း သုံးနှစ်လောက်ဆိုရင် မိုးကုတ်လိုပဲ။ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းတွေ ဒီက ထွက်ခဲ့တယ်လို့ ပြောရတော့မယ်ထင်တယ်။ ကျောက်စိမ်းကတော့ ကျန်မယ်ထင်ပါတယ်။

မြေအောက် ပေ ၁၀၀၀ ကျော်၊ ၂၀၀၀ လောက် မှာပေါ့။ ဒါပေမဲ့ တူးဖို့မလွယ်တော့ဘူးလေ။ ကျောက်ဆိုရင် ရေခွံတို့၊ ခုံခွမ့်တို့ဆိုတာ အခု လူငယ်တွေ မြင်ဖူးတဲ့လူက မရှိတော့ဘူး။ သူတို့က အပေါ်မြေမှန်နှင့် ဥရုချောင်းထဲပဲ ထွက်တာကိုး”ဟု ဆိုသည်။

ကျောက်စိမ်းသည် ဂျေဒိုက်နှင့် နက်ဖရိုက် ဟူ၍ နှစ်မျိုးရှိသည်။ အကောင်းဆုံးအမျိုး အစားဖြစ်သည့် ဂျေဒိုက်မှာ ကမ္ဘာပေါ်တွင် ဖားကန့်တစ်နေရာတည်းသာ ထွက်သည်။  လက်ရှိအခြေအနေအရ ဖားကန့်ကျောက်စိမ်းသည် ပရမ်းပတာတူးဖော်နေမှုများကြောင့်  နှစ်အနည်းငယ်အတွင်း ပျောက်ကွယ် နိုင်ပါသည်။

ဖားကန့်ဒေသကြီးလည်း ဆိပ်သုဉ်းသွား နိုင်ပါသည်။

Most Read

Most Recent