အကျပ်အတည်း၏ ကြံရာပါ၊ စနက်တံမိုင်းဗုံးနှင့် မူဝါဒ Message

အကျပ်အတည်း၏ ကြံရာပါ၊ စနက်တံမိုင်းဗုံးနှင့် မူဝါဒ Message
ရန်ကုန်မြို့ မြန်မာပလာဇာရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများကို ၂၀၂၁ ခုနှစ် မေလခန့်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ မြန်မာပလာဇာရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများကို ၂၀၂၁ ခုနှစ် မေလခန့်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 26 December 2021
သန်းစိုး (ဘောဂဗေဒ)

သီအိုရီအရ စီးပွားရေးအကျပ်အတည်းနှင့် ပူးတွဲပါလာသည်က ဖောင်းပွမှုဖြစ်သည်။ ယခုစီးပွားရေး အကျပ်အတည်းက အလွန်အကျွံ သုံးစွဲမှုမှဖြစ်လာသော အကျပ်အတည်းမဟုတ်။ အလွန်အကျွံ ခြိုးခြံချွေတာမှုမှ ဖြစ်လာသော အကျပ်အတည်းဖြစ်နေသည်။

လူတိုင်း၏ တစ်ကိုယ်ရည် စားသုံးမှု အသုံးစရိတ် စံချိန်တင် ထိုးကျနေခြင်းကလည်း အကြောင်းမဲ့မဟုတ်။ လုပ်ငန်းများ မလည်ပတ်၊ ရပ်နား၊ ဝင်ငွေမဲ့လာခြင်းမှာ အတိ ဒုက္ခရောက်နေခြင်းကြောင့် ဖြစ်သည်။

လက်ထဲရှိသမျှ ပေါင်နှံထုခွဲ ရောင်းစားရခြင်းကြောင့် ဖြစ်သည်။ ထူးဆန်းသည်က လူတို့၏ ဝယ်လိုအား ကျဆင်းနေသည့်တိုင် ကုန်စည်များ စျေးတက်နေခြင်း၊ စျေးနှုန်း ဖောင်းပွနေခြင်းဖြစ်သည်။ ထို့ကြောင့် ဝယ်လိုအားကျဆင်းခြင်းက အကျပ်အတည်းတစ်ခု၊ ကုန်စျေးနှုန်းများ အဆမတန်ဖောင်းပွခြင်းက အကျပ်အတည်းတစ်ခု၊ အကျပ်အတည်း နှစ်မျိုး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေခြင်းကား မြန်မာပြည်မှလွဲပြီး ဘယ် နိုင်ငံမျှ မရှိနိုင်။ ငွေကျပ်နေသည်။ ငွေရှားနေသည်။ ငွေတန်ဖိုးကျနေသည်။

ပထမ အကျပ်အတည်း

ငွေကြေး၏ လဲလှယ်မှုတန်ဖိုးသည် လူတိုင်း တစ်ကိုယ်ရည်စားသုံးမှု အရှိန်သွက်နေမှသာ ငွေရွှင်မှုဖြစ်ပေါ်စေပြီး အသုံးဝင်တန်ဖိုးရှိပါလိမ့်မည်။

ယခုမူ တစ်ဦးချင်းစားသုံးမှု ကျဆင်းနေခြင်းမှတစ်ဆင့် တစ်နိုင်ငံလုံးဆိုင်ရာ အသုံးစရိတ်ကျဆင်းမှု တစ်နည်း စုစုပေါင်းစားသုံးမှု ထိုးစိုက်ကျဆင်းနေခြင်းကြောင့် ငွေသေနေသည်။ ငွေကျပ်နေသည်။ ငွေတန်ဖိုး ကျနေသည်။ နိုင်ငံ၏ စုစုပေါင်းအသုံးစရိတ်ကျဆင်းခြင်းသည် ဘောဂဗေဒရှုထောင့်အရ စီးပွားရေးအတွက် အလွန်ကြီးသောအန္တရာယ် ဖြစ်သည်။ စုစုပေါင်းအသုံးစရိတ်ကျဆင်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကား တစ်နွယ်ငင်တစ်စင်ပါဖြစ်စဉ်ပါ။

စုစုပေါင်းအသုံးစရိတ်ကျဆင်းမှုကား ထုတ်လုပ်မှုကျဆင်းခြင်း တိုက်ရိုက်ဖြစ်ပေါ်စေပါသည်။ ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းမှုဖြစ်ပေါ်ကာ အလုပ်လက်မဲ့များ တန်းစီဖြစ်ပေါ်မှုကို မွေးဖွားပေးပါလိမ့်မည်။

အလုပ်လက်မဲ့ ဖြစ်ပေါ်မှုက ဝင်ငွေကျဆင်းမှုအား သက်ရောက်စေပြန်ပါသည်။ ဝင်ငွေကျဆင်းမှုကြောင့် တစ်ဖန် ဝယ်လိုအားကျဆင်း၊ အသုံးစရိတ်ကျဆင်း တစ်ဖန် တစ်ပတ်လည်စေပါတော့သည်။

ထိုအခါ ကျောမွဲစာရင်းဝင် လူဦးရေ တိုးလာမည်။ လူလတ်တန်းစား ပျောက်မည်။ ဆင်းရဲနွမ်းပါးမှုနှုန်း တက်မည်။ အနှစ်ချုပ်ရလျှင် စားသုံးမှုကျဆုံးမှုဖြစ်စဉ်ကား နိုင်ငံ၏ မက်ခရိုစီးပွားရေးကို ကယိမ်းကယိုင် ဖြစ်စေတော့သည်။ စီးပွားရေး ကယိမ်းကယိုင်ဖြစ်ခြင်းကြောင့် နိုင်ငံအား ဖရိုဖရဲဖြစ်လာမည်ကို စိုးရိမ်နေပါသည်။ ယခုအချိန်အထိလည်း စားသုံးမှုကျဆင်းနေခြင်း၊ လက်လီစျေးကွက်အတွင်း ဝယ်လိုအားကျုံ့မှုဖြစ်ပေါ်မှုကို  ကယ်တင်ရန် အစိုးရက ရေတိုနည်းလမ်းဖြင့် ကုစားမည့်အစီအစဉ်များ၏ အရိပ်အယောင်ပင် မတွေ့ရသေးပါ။

ပထမအကျပ်အတည်း၏ ကြံရာပါ

ပထမအကျပ်အတည်း၏ ကြံရာပါမှာ စီးပွားရေးသီအိုရီနှင့်မဆိုင်သော ဘဏ်ငွေထုတ်မရခြင်း အကျပ်အတည်းဖြစ်သည်။ ဘဏ်များ ပညာပြနေသည်မှာ ၁၀ လနီးပါး ရောက်လာပါပြီ။ နိုင်ငံရေးဖိအားကြောင့် ဘဏ်ငွေထုတ်မှုပေါ်လစီ ချထားသည်ဆိုလျှင် အလွန်ဆုံးငါးလသာဖြစ်သင့်သည်။ ၁၀ လနီးပါး ကြာသည့်အထိ ဘဏ်ရှိ  မိမိအကောင့်များမှ ငွေသွင်းငွေထုတ် မလုပ်နိုင်ခြင်းသည် နိုင်ငံရေးဖိအားမှ လွန်မြောက်ပြီး အခြားဖိအားတစ်ခုကြောင့်သာ ဖြစ်မည်ဟု ယူဆပါသည်။

ထိုအချက်ကား ဘဏ်များတွင် ငွေခန်းနေပြီလား။ ငွေမရှိတော့ပြီလား သို့မဟုတ် ဘဏ်လည်မျိုညစ် (Squeezed) ထားခြင်းလားဆိုသည့်အချက်ဖြစ်သည်။ ဘဏ်၏ ဂိုက်တံမှာ စျေးကွက်သဘောတရားအရ ယုံကြည်မှုဖြစ်သည်။ ယခုဘဏ်များ ပညာပြထားသောကြောင့် လူထုယုံကြည်မှု ဇီးရိုးအဆင့်ထိ ထိုးကျနေပြီး ယုံကြည်မှုပျောက်ဆုံးသွားပြီ။ ဘဏ်အပေါ် လူထု၏ယုံကြည်ချက်ကား အနည်းဆုံး ၁၀ နှစ်ခန့် ကုစားရပါလိမ့်မည်။

မြန်မာဘဏ်များ သင်ခန်းစာရမည်အချိန်မှာ နိုင်ငံခြားဘဏ်များ စျေးကွက်အတွင်း ဘဏ်လက်လီလုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ လုပ်ခွင့်ရသောအချိန်ကျလျှင် သိပါလိမ့်မည်။ မြန်မာဘဏ်များအား မြန်မာများက သင်ခန်းစာကောင်းကောင်းပေးလိမ့်မည်။ လက်စားချေလိမ့်မည်ဟု ကြိုတင်ဟောကိန်း ထုတ်ထားပါသည်။ မည်သူမျှ မြန်မာဘဏ်များ မသုံးဘဲ နိုင်ငံခြားဘဏ်များ သုံးခြင်းဖြင့် တစ်ညီတစ်ညွတ်တည်း ဆန္ဒပြ၊ သင်ခန်းပေးခြင်းခံရမည်မှာ မြေကြီးလက်ခတ်မလွဲနိုင်ပါ။

ဘဏ်များအတွင်း မိမိပိုက်ဆံ မိမိထုတ်ယူဖို့ပင် ခက်ခဲနေသည့်အထဲ ယခုလိုကျပ်တည်းနေသောအချိန် ဘဏ်ချေးငွေရရှိနိုင်ရန်မှာလည်း ပိုလို့ဝေးနိုင်ပါသေးသည်။ ယခုလည်း စျေးကွက်အတွင်း ရာခိုင်နှုန်းဖြင့် ထုတ်ယူနေကြသော အကောင့်ငွေစာရင်းများတွင် ဘဏ်များပတ်သက်နေသည့်သတင်းများ ကြားနေရပါသည်။ ဘဏ်ချေးငွေ တိုးချဲ့မှုစွမ်းအား မစတင်နိုင်ခြင်းက စီးပွားရေးလုပ်ငန်းများကို ဆွဲတင်ရန်အခက်အခဲဖြစ်စေသဖြင့် ယခုအကျပ်အတည်းမှ ကယ်ထုတ်ရန် မြန်မာဘဏ်များ၊ အားကိုးရန် မဖြစ်နိုင်ဆိုသည်အဖြေ ထွက်လာပါသည်။

ဒုတိယ အကျပ်အတည်း

ကိုဗစ်ကြောင့် အကျပ်အတည်း အထိနာဆုံးနိုင်ငံအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်သည်။ အထူးသဖြင့် အဆိုပါနိုင်ငံများသို့ နိုင်ငံခြားအရင်းအနှီး စီးဝင်မှု ထိုးကျနေသည်။ ထို့အတူ ပို့ကုန်လည်း အားနည်းမှုနှင့် ရင်ဆိုင်နေရသည်။ ဖွံဖြိုးဆဲနိုင်ငံများ အားလုံး မိမိပြည်တွင်းစျေးကွက်အား အတိုင်းအတာတစ်ခုထိ မိမိပြည်တွင်းထွက်ကုန်စည်ဖြင့် ဖြည့်ပေးနိုင်၊ ဖာထေးထားနိုင်သော်လည်း မိမိတို့ နိုင်ငံက အခြေခံစားကုန်မှအစ၊ လူသုံးကုန်၊ အီလက်ထရွန်နစ်မျိုးစုံ၊ အဝတ်အထည်၊ ယာဉ်နှင့် စက်ကိရိယာ ပစ္စည်းမျိုးစုံ တင်သွင်းနေရသောကြောင့် စီးပွားရေးတွင် ပိုအထိနာနေသည်ဟု ဆိုချင်ပါသည်။

ယခုပင် တရုတ်သွင်းကုန် ပစ္စည်းများအားလုံး စျေးတက်နေပါသည်။ ထိုင်းသွင်းကုန်ပစ္စည်းများ အားလုံး စျေးတက်နေပါသည်။ ထို့အတူ စင်ကာပူ သွင်းကုန်များ၊ မလေး ရှားသွင်းကုန်များ၊ အိန္ဒိယသွင်းကုန်များ စသည့် သွင်းကုန်အားလုံး စျေးတက်နေသည်မှာ မြန်မာပြည် စားသုံးသူစျေးကွက်က မိအေးနှစ်ခါနာ ဖြစ်နေပါတော့သည်။

အထူးသဖြင့် မိမိတို့နိုင်ငံ၏ထူးဆန်းသည်မှာကား လူထု၏ ဝယ်လိုအားကျဆင်းနေပြီး ကုန်စျေးနှုန်းများ ထိုးတက်နေသည့်အချက်ဖြစ်သည်။ အဖြေရှာလိုက်ရာ သွင်းကုန်နှင့် ရှင်သန်နေရသော စျေးကွက်နိုင်ငံ ကြီးဖြစ်နေခြင်းဆိုသည့်အချက် ဘွင်းဘွင်းကြီး ပေါ်လာတော့သည်။

သွင်းကုန်နှင့် ဖြေရှင်းနေသော နိုင်ငံ။ နယ်စပ်ကုန်သွယ်ရေးများ ပိတ်၊ နိုင်ငံတိုင်း အမျိုးသားအကျိုးစီးပွားနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မသိမသာလုပ်နေကြချိန် မိမိနိုင်ငံမှာ ပြည်ပကုန်စည် မျှော်ကိုး၊ ပြည်ပသွင်းကုန်အမှီပြုပြီး ရပ်တည်ရှင်သန်နေရခြင်းလောက် ရင်ထုမနာ ဖြစ်စရာမရှိတော့။

သွင်းကုန်များ ရပ်တန့်နေခြင်းကြောင့် စျေးနှုန်းများ ထိုးတက်နေခြင်း၊ ဖောင်းပွမှုဖြစ်ပေါ်နေခြင်း ဖြစ်သည်။ သူများနိုင်ငံ၏ သွင်းကုန်ကုန်စည်များ သွင်းလာမှသာ ဖောင်းပွမှု ကြီးထိန်းနိုင်မည်ဆိုသည်ကား လုံးဝ မဖြစ်ထိုက်ခဲ့သော စီးပွားရေးပေါ်လစီ မှားယွင်းမှုကြီးသာ ဖြစ်နေတော့သည်။ အဆိုပါသင်ခန်းစာကို ယခုကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒဖြင့် ထိန်းသင့်နေပါပြီ။

အကျပ်အတည်းမိုင်းဗုံး

စျေးကွက်အတွင်း အလုပ်လက်မဲ့ဖြစ်၊ လူထုဝင်ငွေ ကျဆင်း၊ ဝယ်လိုအား ချို့တဲ့နေချိန် ကုန်စျေးနှုန်း ထိုးတက်နေခြင်းဒဏ်ပါ ပူးတွဲခံနေရသော မိမိနိုင်ငံမှာ အတော်အထိနာနေပါပြီ။ ထိုသို့ တရွတ်တိုက် ဖြစ်နေသည်မှာ ၁၀ လနီးပါးကြာ အကျပ်အတည်းကား ကျောမွဲလူတန်းစားများအပေါ် ရေနစ်ရာ လှံနဲ့ ထိုးသလို တောင်မင်း မြောက်မင်း မကယ်နိုင်ဖြစ်နေတော့သည်။ ဘယ်လိုရှင်းကြမည်နည်း။

ယခုထိလည်း ဝင်ငွေကျဆင်း၊ ဝယ်လိုအားကျဆင်း၊ တစ်ဖက်ကုန်စျေးနှုန်းက မြင့်တက်နေသည့် မိုက်ခရိုစီးပွားရေးအခြေအနေကို ကုစားမည့် ရသေ့စိတ်ဖြေချပြသည့် အစီအစဉ်မတွေ့ရသေးပါ။ အကျပ်အတည်း ပူဖောင်း၊ အကျပ်အတည်းမိုင်းဗုံး မကြာခင်ပေါက်ကွဲမှာကိုပင် စိုးရိမ်နေရသည်။

လူများ၏ စားဝတ်နေရေး အကျပ်အတည်း မိုင်းဗုံးကြီးက နိုင်ငံရေးကို ဆွဲချသွားနိုင်သည့် လက္ခဏာ  စိုးရိမ်နေရပါသည်။ နိုင်ငံရေး အကျပ်အတည်း၊ နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် စီးပွားရေးမှလာသည်ဆိုသော  နိုင်ငံတကာသမိုင်း၊ အဖြစ်အပျက်များက သက်သေတစ်ပုံကြီးရှိသည်။

လုပ်မလား။ ငုတ်တုတ် ထိုင်ကြည့်မလား

ကိုဗစ်ကြောင့် စီးပွားရေးမှာ မလှုပ်သာမလူးသာအခြေအနေ၊ ဘေးကျပ်နံကျပ်အခြေအနေဆီသို့ တွန်းပို့နေပြီး နိုင်ငံတကာအစိုးရတိုင်း စီးပွားရေးပြန်လည်ထိန်းချုပ်ရေး၊ စျေးကွက်နှိုးဆွရေးအစီအစဉ်ကို အလုံး အရင်းသော ဘတ်ဂျက်တိုးချဲ့သုံး ပေါ်လစီတစ်ခုတည်းဖြင့် ဆွဲတင်နေကြပါသည်။

သို့တိုင် မိမိနိုင်ငံကား ပုဂ္ဂလိက လုပ်ငန်းရှင်၊ စီးပွားရေးသမား၊ စားသုံးသူ၊ အိမ်ထောင်စု၊ နိုင်ငံသားတို့အပေါ် စီးပွားရေးနှိုးဆွမှုအစား အကျပ်အတည်းနှစ်မျိုးဖြင့် အသေသတ်နေသည်။ ငုတ်တုတ်ထိုင်ကြည့်နေသည်နှင့် တူနေတော့သည်။

မိမိတို့နိုင်ငံအနေဖြင့်လည်း စီးပွားရေးနှိုးဆွမှုအစီအစဉ် Stimulus Program ဘယ်လိုဆောင်ရွက်မလဲ အပူတပြင်းအဖြေရှာရမည်။ လုပ်ဆောင်ရမည့်အချိန် ရောက်နေပါပြီ။ စီးပွားရေးနှိုးဆွမှုအစီအစဉ်အတွက် ဂျီဒီပီ၏ ဘယ်နှရာခိုင်နှုန်းကို ထိုးသွင်းမည်။ တစ်နည်း ပိုဆန် ဘယ်လောက်ထုတ်သုံးမည်ဆိုသည့် မူဝါဒ Message ပေးသင့်နေပါပြီ။ စီးပွားရေးတွက်ချက်မှုနည်းအရ အစိုးရအနေဖြင့် ဂျီဒီပီ၏ အနည်းဆုံး ငါးရာခိုင်နှုန်းကို စျေးကွက်ထဲသို့ ထိုးသွင်းရလိမ့်မည်။ လူတိုင်း ကြောက်တတ်သော အင်ဖလေးရှင်းကြီးအား ရင်ဆိုင်ကြံ့ကြ့ံခံ ရပ်တည်ရန် အစိုးရများ ပြင်ဆင်ထားပါသည် ဆိုသည့် မူဝါဒ Message ပေး ဆောင်ရွက်သင့်ပြီဟု သုံးသပ်မိသည်။

ယခင်ခေတ်စားခဲ့သော ဂလိုဘယ်လိုက်ဇေးရှင်းကား ယခုအခါ ကိုယ့်ပြဿနာကိုယ်ရှင်း အခြေအနေသို့ တွန်းပို့နေပြီး နိုင်ငံတိုင်း စီးပွားရေးကိုဆွဲတင်ရန် Protection ကိုယ်ကျိုးစီးပွားရေး ကာကွယ်ရေး ၀ါဒကား တစ်စခန်းထလာသည်ဟု ဆိုရမည်ဖြစ်သည်။

Most Read

Most Recent