ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်ပွဲများဖြစ်ပွားနေသော ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် မြန်မာဒုက္ခသည်များထံ အရေးပေါ်သွားရောက်တွေ့ဆုံခွင့်ပြုရန် ထိုင်းနိုင်ငံကို တောင်းဆို

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်ပွဲများဖြစ်ပွားနေသော ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် မြန်မာဒုက္ခသည်များထံ အရေးပေါ်သွားရောက်တွေ့ဆုံခွင့်ပြုရန် ထိုင်းနိုင်ငံကို တောင်းဆို
 လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်များကို ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ်
 လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်များကို ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ်
Published 21 December 2021
Ref : AFP

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က တိုက်ပွဲများ ဖြစ်ပွားနေသော ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ထံ ၎င်းတို့အား အရေးပေါ် သွားရောက်တွေ့ဆုံခွင့်ပေးရန် ထိုင်းနိုင်ငံကို ဒီဇင်ဘာ ၂၀ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

မြန်မာတပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲများသည် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ထိုင်းနယ်စပ်နှင့် များစွာကွာဝေးခြင်းမရှိသည့် မြို့တစ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် ဒုက္ခသည် ၇၀၀ ခန့်သည် အမြောက်ဆန်များနှင့် လက်နက်ငယ်ကျည်ဆန်များမှနေ၍ လွတ်မြောက်ရန်အတွက် မြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံ တက် ပြည်နယ်အတွင်းသို့ ဝင်ပြေးခဲ့ကြသည်။ သို့သော် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒီဇင်ဘာ ၂၀ ရက်အထိ ဒုက္ခသည်အရေအတွက်သည် ၃၉၀၀ အထိ ဖြစ်လာသည်ဟု UNHCR က ဆိုသည်။

“UNHCR အနေနဲ့ အဲဒီအရပ်သားတွေရဲ့ အနေအထားကို စိုးရိမ်ပြီး ထိုင်းအာဏာပိုင်တွေထံ ထောက်ပံ့ရေးပစ္စည်းတွေနဲ့အတူ ချဉ်းကပ်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တစ်စောင်၌ ပြောကြားထားသည်။

“UNHCR နဲ့ NGO တွေက ဒုက္ခသည်တွေထံ အရေးပေါ် ဝင်ရောက်တွေ့ဆုံခွင့်ပြုဖို့နဲ့ လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ သူတို့ဆီ ဖြန့်ဝေရေးနဲ့ ရောက်ရှိရေးသေချာစေဖို့ မေတ္တာရပ်ခံခဲ့ပါတယ်” ဟုလည်း ဆိုသည်။

တိုက်ပွဲ ရပ်စဲသွားပုံရပြီးနောက်ပိုင်း ဒါဇင်နှင့်ချီလျက်က ဖြည်းဖြည်းချင်း ပြန်သွားကြသော်လည်း ဒုက္ခသည်ပေါင်း ၃၅၀၀ ခန့်သည် ထိုင်းဘက်ခြမ်း နေရာနှစ်ခု၌ ကျန်ရှိနေဆဲဖြစ်ကြောင်း ထိုင်းပြည်နယ်အာဏာပိုင်များက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

“ ထိုင်းအာဏာပိုင်တွေက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးအပ်ပြီး မြန်မာနိုင်ငံဘက် ပြန်လိုတဲ့သူတွေကို မိုအိမြစ် (သောင်ရင်းမြစ်) ကမ်းတွေကနေတစ်ဆင့် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးပါတယ်” ဟု တက်ပြည်နယ်အစိုးရ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကရင်အမျိုးသမီးအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး နော်ကညောဖောက လူအများစုမှာ ကြောက်ရွံ့ထိတ်လန့်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “သိပ်ကို တင်းမာနေဆဲဖြစ်ပြီး တချို့နေရာတွေမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတုန်းပါပဲ။ ဒါဟာ (မြန်မာနိုင်ငံဘက် ပြန်လိုတယ်ဆိုတာ) ဒုက္ခသည်တွေရဲ့ ခံစားချက်အစစ်အမှန် ဖြစ်လိမ့်မယ်လို့ ကျွန်မတော့ မထင်ပါဘူး” ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုင်းမြန်မာနယ်စပ်ရှိ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ ခိုလှုံနေသော မယ်ထော်သလေးဘက်၌လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် ဒီဇင်ဘာ ၁၉ ရက်တွင် နောက်ထပ်ဒေသခံ ၁၅၀၀ ခန့် ထိုင်းဘက် ထွက်ပြေးခိုလှုံလာကြောင်းလည်း သိရသည်။

“အဲဒီနေရာမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ KNU က သူတို့ကို ပိုပြီးဘေးကင်းလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပေးဖို့ ကြိုးစားနေပါတယ်” ဟု ကရင်ပြည်နယ်နေ ဒေသခံတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ လက်နက်ကြီးကျည်ဆန်များ နာရီနှင့်ချီလျက်ကြာအောင် ကျရောက်နေဆဲ ဖြစ်သောကြောင့် ကလေးများအပါအဝင် လူပေါင်းထောင်နှင့်ချီလျက် အပြေးအလွှား ရွှေ့ပြောင်းနေရသည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မယ်ထော်သလေးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့ပြီး ယခုအခါ KNU နှင့် စေ့စပ်ညှိနှိုင်းခြင်းဖြင့် တပ်မတော်က အနေအထားကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

Most Read

Most Recent