ကိုဗစ်တတိယလှိုင်းတွင် သေဆုံးမှုနှုန်းမြင့်မားရခြင်းသည် ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုအားနည်းခြင်းနှင့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ မပြည့်စုံခြင်းကြောင့်ဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ကိုဗစ်တတိယလှိုင်းတွင် သေဆုံးမှုနှုန်းမြင့်မားရခြင်းသည် ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုအားနည်းခြင်းနှင့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ မပြည့်စုံခြင်းကြောင့်ဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 21 December 2021

ကိုဗစ်တတိယလှိုင်းတွင် သေဆုံးမှုနှုန်း မြင့်မားရခြင်းသည် ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုအားနည်းခြင်းနှင့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ မပြည့်စုံခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်သည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုဗစ်ကူးစက်ရောဂါသည် မြန်မာနိုင်ငံတွင် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသည်ဖြင့် ဖြစ်ပွားခဲ့ပြီး တတိယလှိုင်းတွင် ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများ မြင့်မားခဲ့ကြောင်း၊ ထိုသို့ဖြစ်ခဲ့ရခြင်းမှာ ကိုဗစ်ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုအားနည်းခြင်း၊ တစ်ကမ္ဘာလုံးအနေဖြင့် ကူးစက်မြန် ဗီဇပြောင်း ဒယ်တာမျိုးကွဲများ ပျံ့နှံ့ရောက်ရှိလာခြင်း၊ ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ မပြည့်စုံမှုများကြောင့် ကိုဗစ်တတိယလှိုင်းကို အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ပြောကြားသည်။     

ကိုဗစ် ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည့် အချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့ အချို့သောဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်းကျင့်ဝတ်များကို မျက်ကွယ်ပြုကာ မိမိတို့ တာဝန်ကျရာဆေးရုံ၊ ဆေးပေးခန်းများကို စွန့်ခွာသွားကြသည့် ဂုဏ်သိက္ခာမဲ့လုပ်ရပ်များကြောင့် လူနာများမနိုင်မနင်းဖြစ်ကာ အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုများဖြစ်ပွားခဲ့သည်ကို မြင်တွေ့ခဲ့ရမည်ဖြစ်ကြောင်း၊ အဆိုပါကာလများတွင် ကျန်းမာရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီး အဓိကဆုံးရှုံးနစ်နာရသူများသည် သာမန်ပြည်သူလူထုများသာဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် စတုတ္ထလှိုင်းဖြစ်ပွားလာနိုင်မှုကို ကြိုတင်မျှော်တွေးပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် တပ်မတော်အနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့် ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းအတွက် ရောဂါကာကွယ်ဆေး (Dose) ၄၂ သန်းကျော် ရရှိအောင် ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုကို ယခုလအကုန်တွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ထိ ထိုးနှံပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ရောဂါသည် လုံးဝပျောက်ကင်းသွားမည်မဟုတ်ဘဲ အတူယှဉ်တွဲနေထိုင်ရမည့်ရောဂါတစ်ခုဖြစ်သဖြင့် ကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်ပါ တပ်မတော်အနေဖြင့် အရေးပါသည့် အခန်းကဏ္ဍမှာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်တာဝန်ကျရာနေရာ ဒေသအသီးသီးကို ရောက်ရှိသည့်အခါတွင် ကိုဗစ်ကပ်ရောဂါ ကာကွယ်ကုသရေး တာဝန်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အသိပေးမှာကြားလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ် သက်ပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်အတိုင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပေးနိုင်ရန်၊ ဆေးသိပ္ပံပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent