ရုရှား၏ အမှီအခိုကင်းသောမီဒီယာ (သို့မဟုတ်) NovayaGazeta သတင်းစာ

ရုရှား၏ အမှီအခိုကင်းသောမီဒီယာ (သို့မဟုတ်) NovayaGazeta သတင်းစာ
၂၀၂၁ ခုနှစ် မတ် ၂၄ ရက်က ရိုက်ကူးထားသည့်ဓာတ်ပုံတွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် NovayaGazeta သတင်းစာ အယ်ဒီတာချုပ် ဒီမီထရီမူရာတော့ဗ်ကို တွေ့ရစဉ် (Photo:AFP)
၂၀၂၁ ခုနှစ် မတ် ၂၄ ရက်က ရိုက်ကူးထားသည့်ဓာတ်ပုံတွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် NovayaGazeta သတင်းစာ အယ်ဒီတာချုပ် ဒီမီထရီမူရာတော့ဗ်ကို တွေ့ရစဉ် (Photo:AFP)
Published 11 December 2021
ဖြိုးဟိန်းကျော်

ငြိမ်းချမ်းရေး နိုဘယ်ဆုကိုပူပူနွေးနွေး ရရှိထားသည့် ရုရှားသတင်းသမား ဒီမီထရီမူ ရာတော့ဗ် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေသည့် NovayaGazeta သတင်းစာသည် ရုရှားနိုင်ငံတွင် လွတ်လပ်စွာပြောဆိုရေးသားခွင့်အတွက် အစဉ်တစိုက် ခုခံကာကွယ် ရပ်တည်နေသည့် အမှီအခိုကင်းသော မီဒီယာတစ်ခု ဖြစ်ကာ ၎င်းသတင်းစာတိုက်၏ ဂျာနယ်လစ်အချို့သည် ၎င်းတို့၏ ရပ်တည်ချက်အတွက် အသက်ကိုပင် ပေးဆပ်ခဲ့ကြသည်။

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ၁၉၉၃ ခုနှစ်တွင် NovayaGazeta သတင်းစာတိုက်ကို တည်ထောင်ခဲ့သည့် ဂျာနယ်လစ်များထဲတွင် ပါဝင်သော မူရာတော့ဗ်က ၎င်းရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုသည် သတ်ဖြတ်ခံခဲ့ရသည့် သတင်းစာတိုက်မှ ဂျာနယ်လစ်များနှင့် အကျဉ်းကျခံနေရသည့် ရုရှားအစိုးရ၏ အထင်ကရ အတိုက်အခံ အလက်ဆေးနာဗာညီအတွက် ရည်စူးကြောင်း ပြောကြားခဲ့သည်။

ရုရှားတွင် အတိုက်အခံများနှင့် လွတ်လပ်သောမီဒီယာများအပေါ် သမိုင်းတွင် လောက်သည့် ဖိနှိပ်မှုများရှိနေချိန်တွင် မူရာတော့ဗ်က ၎င်းဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ အများစုမှာအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် ရုရှားမီဒီယာလောကအတွက် NovayaGazeta သည် သီးခြားလွတ်လပ်စွာ ရပ်တည်နေသော ရှားရှားပါးပါးမီဒီယာတစ်ခုလည်း ဖြစ်ပေသည်။

ယခုနှစ်ထဲတွင် သတင်းမီဒီယာအများအပြား ပိတ်သိမ်းခံခဲ့ရပြီး အထင်ကရ ဂျာနယ်လစ်အချို့သည်လည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အသက် ၄၅ နှစ် အရွယ် အစိုးရအတိုက်အခံ နာဗာညီသည် ဖေဖော်ဝါရီလတွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၎င်းနှင့်ဆက်နွှယ်သည့် အဖွဲ့အစည်းများသည်လည်း မတရားအသင်းအဖြစ် ကြေညာခံခဲ့ရသည်။

NovayaGazeta သတင်းစာတိုက်သည်လည်း ၎င်း၏အမှီအခိုကင်းသောရပ်တည်မှုနှင့် စုံစမ်းဖော်ထုတ် သတင်းရေးသားမှုများအတွက် ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။

၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အဆိုပါ သတင်းစာတိုက်မှ စုံစမ်းဖော်ထုတ် သတင်းရေးသားသည့် ထိပ်တန်းသတင်းထောက် အန်နာပိုလစ်ကော့စ်ကာယာ အပါအဝင် ဆောင်းပါးရှင်နှင့် သတင်းထောက်ခြောက်ဦးတို့သည် ၎င်းတို့၏ သတင်းရယူရေးသားမှုများနှင့်ပတ်သက်ပြီး သတ်ဖြတ်ခံခဲ့ရသည်။ ၎င်းတို့၏အဖြူအမည်းဓာတ်ပုံများကို မော်စကိုမြို့လယ်ရှိ သတင်းစာတိုက်ရုံးခန်းတွင် ယနေ့ထက်တိုင် ချိတ်ဆွဲထားဆဲဖြစ်သည်။

သမ္မတဗလာဒီမာပူတင်နှင့် ချေချင်း ညာစစ်ပွဲအကြောင်း ဝေဖန်သူဖြစ်သည့် ပိုလစ်ကော့စ်ကာယာသည် ၂၀၀၆ ခုနှစ် အောက်တိုဘာ ၇ ရက်က ၎င်းနေထိုင်ရာ အဆောက်အအုံ ဝင်ပေါက်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

သတင်းစာတိုက်မှ ဂျာနယ်လစ်များသည် သူတို့အလုပ်ကြောင့် အသက်အန္တရာယ် ရှိနေမှန်းသိပါလျက်နှင့်ပင် အခြားသော အစိုးရဝေဖန်သူအချို့ကဲ့သို့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်မည်မဟုတ်ကြောင်း မတ်လထဲတွင် AFP သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် မူရာတော့ဗ်က ပြောကြားခဲ့သည်။

ပူတင်၏ သတိပေးမှု

အဖြူရောင် မုတ်ဆိတ်ရှိပြီး ၀ိုင်းစက်သည့် မျက်နှာပိုင်ရှင် မူရာတော့ဗ်သည် ရုရှားနိုင်ငံ၏ အထင်ရှားဆုံးသောလွတ်လပ်သည့် ဂျာနယ်လစ်များထဲမှ တစ်ဦးအဖြစ် ဆယ်စုနှစ်များစွာ ရပ်တည်နိုင်ခဲ့သည်။

မူရာတော့ဗ်နှင့် NovayaGazeta သတင်းစာတိုက်ကို ပူးတွဲတည်ထောင်ခဲ့သူများသည် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်း၏ လွတ်လပ်ခွင့်များကို အားကျနေသူများ ဖြစ်သည်။

အစောပိုင်းတွင် ၎င်းသတင်းစာတိုက်ကို အဓိက ထောက်ပံ့ပေးခဲ့သူမှာ ဆိုဗီယက်

ခေါင်းဆောင်ဟောင်း မီခေးဂေါ်ဘာချော့ဗ်ပင်ဖြစ်သည်။ ဂေါ်ဘာချော့ဗ်သည် ၁၉၉၀ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည့် ဆုကြေးငွေများထဲမှ တချို့တဝက်ကို အဆိုပါ သတင်းစာတိုက်အတွက် ပထမဆုံးကွန်ပျူတာများ ဝယ်ယူရာတွင် လှူဒါန်းခဲ့ပြီး ၎င်းကွန်ပျူတာတစ်လုံးကိုသတင်းစာတိုက် ရုံးခန်းတွင် ယနေ့ထက်တိုင် ခင်းကျင်းပြသထားဆဲဖြစ်သည်။

အစောပိုင်းကာလများတွင် ယင်းကဲ့သို့ နိုင်ငံ့ခေါင်းဆောင်များ၏ အထောက်အပံ့ကို ရရှိခဲ့သည့် ကာလများ ကုန်လွန်ခဲ့သည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် သမ္မတပူတင် အာဏာရလာခဲ့သည့် နှစ်ကာလများမှစ၍ ဝေဖန်ရေးမီဒီယာများကို ဘေးရောက်သွားစေရန် ပိုမိုလုပ်ဆောင်လာခဲ့သည်။

NovayaGazeta သတင်းစာသည်လည်း အမှောင်ဖုံးလွှမ်းခဲ့သည့် မီဒီယာအသိုင်းအဝိုင်းတွင် ကျန်ရစ်နေသေးသည့် လွတ်လပ်သောမီဒီယာအနည်းငယ်ထဲမှတစ်ခု ဖြစ်လာခဲ့သည်။

ရုရှားအာဏာပိုင်များသည် အစိုးရကို ဝေဖန်သည့် သီးခြားလွတ်လပ်သောမီဒီယာအများအပြားကို ပြည်ပသူလျှိုများအဖြစ် အမည်တပ်ကာ ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး မီဒီယာအချို့သည်လည်း အပိတ်ခံခဲ့ရသည်ဟု အစိုးရအတိုက်အခံများက ဆိုသည်။

NovayaGazeta သည် ပြည်ပသူလျှိုဟု အမည်တပ်မခံရစေရန် သီးခြားလွတ်လပ်စွာဖြင့် ဆက်လက် ရပ်တည်နိုင်သည့် မီဒီယာအနည်းငယ်တွင် ပါဝင်နေဆဲဖြစ်သည်။ ‘ပြည်ပသူလျှို’ ဟူသောအသုံးအနှုန်းသည် ဆိုဗီယက်ခေတ်တွင် လူထု၏ ရန်သူအဖြစ် အမည်တပ်ခဲ့သည့် အခြေအနေကို ပြန်အမှတ်ရစေသည်။

ရုရှားအစိုးရက မူရာတော့ဗ်ကို နိုဘယ်ဆုရရှိခဲ့သည့်အတွက် ဂုဏ်ပြုခဲ့သော်လည်း ၎င်းဆုကို အကာအကွယ်ယူပြီး ရုရှား၏ ဥပဒေများကိုချိုးဖောက်ခြင်းမပြုရန် သမ္မတပူတင်က သတိပေးခဲ့သည်။

စုံစမ်းဖော်ထုတ်ရေးသားမှုသတင်းပညာ

တစ်ပတ်လျှင် သုံးကြိမ်ထုတ်ဝေသည့် NovayaGazeta သတင်းစာသည် အကျင့်ပျက်ခြစားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခြေခြေမြစ်မြစ် စုံစမ်းဖော်ထုတ်ရေးသားခြင်းကို အဓိကလုပ်ဆောင်လျက်ရှိရာ ၎င်းသတင်းစာတိုက်မှ ဂျာနယ်လစ်များသည် ခြိမ်းခြောက်မှု၊ အကြမ်းဖက်ခံရမှုများနှင့် ကာလရှည် ကြုံတွေ့ခဲ့ရသည်။

၂၀၁၈ ခုနှစ်ကလည်းအရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတွင် သိုသိုသိပ်သိပ် လှုပ်ရှားနေသည့် ဝက်ဂ်နာ ကြေးစားစစ်သားအဖွဲ့အကြောင်း သတင်းရေးသားနေသည့် သတင်းထောက်တစ်ဦးထံ လိပ်မူသည့် စာတိုတစ်စောင်နှင့်အတူ စျာပနတွင် သုံးသည့် ပန်းခွေတစ်ခွေနှင့် တိရစ္ဆာန်အသေကောင် ခေါင်းပြတ်တစ်ခု သတင်းစာတိုက်ရုံးခန်းသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ပြည်ပတွင် ဝက်ဂ်နာ ကြေးစားစစ်သားအဖွဲ့၏ လှုပ်ရှားမှုများအပြင် ရုရှားအစိုးရနှင့်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းရှင် ယက်ဗ်ဂျီနီပရီဂေါ့ဇင်နှင့် ၎င်းအဖွဲ့အကြား ပတ်သက်မှု ရှိနေသည်ဆိုသည့် အကြောင်းအရာများကိုပါ ၎င်းသတင်းစာက ပီပီပြင်ပြင် ဖော်ထုတ်ရေးသားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင်လည်း ၎င်းသတင်းစာတိုက်သည် ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်မှုဟု ယူဆရသော ဖြစ်စဉ်နှင့်ကြုံတွေ့ခဲ့ရသည်ဟု အဆိုပါ သတင်းစာတိုက်မှ အယ်ဒီတာများက ဆိုသည်။

ယင်းကဲ့သို့ ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် ၎င်းသတင်းစာသည် ခက်ခဲကြမ်းတမ်းသည့် စုံစမ်းဖော်ထုတ်မှုများကို လက်ရှောင်ခဲ့ခြင်း မရှိပေ။ ၎င်းသတင်းစာသည် ပနားမားစာရွက်စာတမ်း အရှုပ်တော်ပုံမှ ပေါက်ကြားခဲ့သည့် အကြောင်းအရာများ ကိုစေ့စေ့စပ်စပ် ရှာဖွေဖော်ထုတ်ကာ ရုရှားအစိုးရအရာရှိကြီးများ၏ ပြည်ပတွင် ရှိနေသော ပိုင်ဆိုင်မှုများကို ဖွင့်ချနိုင်ခဲ့သည်။

မူရာတော့ဗ်ကို ၁၉၆၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ရုရှားနိုင်ငံအနောက်တောင်ပိုင်းရှိ ကူဘီရှက် (ယနေ့ခေတ်အခေါ် ဆာမာရာ) မြို့တွင် မွေးဖွားခဲ့သည်။

သတင်းမီဒီယာလောကသို့ စတင်ဝင်ရောက်ခဲ့သည့် အစောပိုင်းကာလများတွင် လူကြိုက်များရေး နေ့စဉ်ထုတ်သတင်းစာ ဖြစ်သော Komsomolskaya Pravda တွင် အလုပ်လုပ်ခဲ့သော်လည်း ၎င်းသတင်းစာ၏  မူဝါဒများကို သဘောမကျသည့်အတွက် လုပ်ဖော်ကိုင်ဖက်အချို့နှင့်အတူ ၎င်းသတင်းစာတိုက်မှ နုတ်ထွက်ခဲ့ပြီး NovayaGazeta သတင်းစာတိုက်ကို အတူတကွ တည်ထောင်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ်ကစပြီး မူရာတော့ဗ်သည် အများအားဖြင့် အဆိုပါသတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။

NovayaGazeta သည် စောင်ရေတစ်သိန်းဝန်းကျင် ရိုက်နှိပ်ထုတ်ဝေလျက်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း အွန်လိုင်းမှ ဖတ်ရှုသူ ၁၈.၄ သန်း ရှိခဲ့သည်။

မိမိတို့ သတင်းစာကိုပြည်ပသူလျှိုဟူသော နာမည်တပ်မည်ဆိုလျှင် မိုက်မဲရာ ကျလိမ့်မည် ဖြစ်ကြောင်း သတင်းစာအယ်ဒီတာချုပ်ဖြစ်သူ မူရာတော့ဗ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံမရယူမီ နာရီပိုင်းအလိုတွင် ပြုလုပ်ခဲ့သည့် AFP သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ သတင်းစာ ထုတ်ဝေခဲ့တဲ့  နှစ် ၃၀ သက်တမ်းတစ်လျှောက်မှာ တိုင်းပြည်အတွက် အပြုသဘောဆောင်တဲ့ ကောင်းကျိုးများစွာကို သယ်ပိုးပြီး အလုပ်အကျွေး ပြုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ပြည်ပသူလျှိုအဖြစ် ကြေညာမည်ဆိုရင် နိုင်ငံရဲ့ သြဇာအာဏာကိုပါ ထိခိုက်စေပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ပအထောက်အပံ့ကိုရယူကာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတစ်မျိုးမျိုးတွင် ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို ပြည်ပသူလျှိုဟု ရုရှားအာဏာပိုင်များက သတ်မှတ်လေ့ရှိသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ သတင်းလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်တွင် ရုရှားနိုင်ငံသည် အဆင့် ၁၅၀ ၌သာ ရှိနေသည်။

Most Read

Most Recent