ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မည်ဆိုလျှင် ကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဟု နေတိုး သတိပေး

ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မည်ဆိုလျှင် ကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဟု နေတိုး သတိပေး
နိုဝင်ဘာ ၃၀ က လတ်ဗီးယားနိုင်ငံ ရီဂါမြို့တော်တွင် ပြုလုပ်သည့် နေတိုး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် စတိုတန်ဘာ့ချ်ကို တွေ့ရစဉ်
နိုဝင်ဘာ ၃၀ က လတ်ဗီးယားနိုင်ငံ ရီဂါမြို့တော်တွင် ပြုလုပ်သည့် နေတိုး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် စတိုတန်ဘာ့ချ်ကို တွေ့ရစဉ်
Published 1 December 2021
Ref: AFP

အနောက်နိုင်ငံများအနေဖြင့် ရုရှားကသတ်မှတ်ထားသည့် နောက်ဆုံးစည်းကို ကျော်မလာရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးနေချိန်တွင် ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မည်ဆိုပါက တန်ဖိုးကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဟု နေတိုးက နိုဝင်ဘာ ၃၀ ရက်တွင် သတိပေးခဲ့သည်။

ရုရှားသည် ၎င်း၏ အိမ်နီးချင်းယူကရိန်း နယ်စပ်များတွင် သောင်းနှင့်ချီသည့် စစ်သားများနှင့် လက်နက်ကြီးများကို ပို့ဆောင်နေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ရုရှား၏ ကျူးကျော်ဝင်ရောက်မှုကို ဟန့်တားရန် အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့ မှ ထိပ်သီးသံတမန်များသည် လတ်ဗီးယားနိုင်ငံ၏ မြို့တော် ရီဂါတွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။

“အနာဂတ်မှာ ယူကရိန်းကို တိုက်ခိုက်မယ့် ရုရှားရဲ့ ဘယ်လိုကျူးကျော်မှုမျိုးပဲဖြစ်ဖြစ် ရုရှားအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမှာဖြစ်သလို  ဆိုးရွားတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကျိုးဆက်တွေ ရှိလာပါလိမ့်မယ်” ဟု နေတိုး အတွင်းရေးမှူးချုပ် ယန်းစ်စတိုတန်ဘာ့ချ်က အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများကလည်း ရုရှားနိုင်ငံအပေါ် ရှင်းလင်းချက်မပေးဘဲ စီးပွားရေး ပိတ်ဆို့မှုများနှင့် နိုင်ငံရေးတုံ့ ပြန်မှုများပြုလုပ်သွားမည်ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေဟာ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုပြီး ရုရှားအနေနဲ့ ယူကရိန်းကို စစ်ရေးအရ မကျူးကျော်သင့်တဲ့အကြောင်းကို ကျွန်တော်တို့ အမှာစကားပါးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

အစောပိုင်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မည်ဆိုလျှင် ဆိုးရွားသည့် နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။

၂၀၁၄ ခုနှစ်က ယူကရိန်းထံမှ ခရိုင်းမီးယားဒေသကို သိမ်းယူခဲ့ပြီး ယူကရိန်းအစိုးရနှင့် တိုက်ပွဲဝင်နေသည့် ခွဲထွက်ရေးဝါဒီများကို ထောက်ပံ့ပေးထားသည့် ရုရှားကမူ ၎င်းသည် တိုက်ခိုက်မှုပြုလုပ်ရန် ကြံစည်နေသည် ဆိုသည့်အချက်ကို ငြင်းဆိုခဲ့ပြီး တင်းမာမှုများကို ပိုမိုမြင့်တက်စေမှုအတွက် နေတိုးအဖွဲ့ကို အပြစ်တင်ခဲ့သည်။

နိုဝင်ဘာ ၃၀ ရက်ကလည်း ရုရှားသမ္မတပူတင်က အနောက်နိုင်ငံများနှင့် ယူကရိန်း၏ စစ်ရေးလေ့ကျင့်မှုများနှင့် အခြားလှုပ်ရှားမှုများသည် ရုရှား၏လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ရုရှားအစိုးရ၏ နောက်ဆုံးစည်းကို ကျော်မလာရန် သတိပေးခဲ့သည်။

“ရုရှားဟာ ယူကရိန်းကို ကျူးကျော်တော့မယ်ဆိုပြီး အခုနှစ်အစပိုင်းကတည်းက သူတို့ (အနောက်နိုင်ငံများ) တောက်လျှောက်ပြောလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြောသလို ဖြစ်ခဲ့လို့လား” ဟု ပူတင်က ပြောကြားခဲ့သည်။

ရုရှားသည် နွေရာသီကလည်း ယူကရိန်းနယ်စပ်တွင် စစ်သားအင်အား ၁၀၀,၀၀၀ ကို ဖြန့်ကြက်ချထားခဲ့ပြီး နောက်ပိုင်းတွင် ယင်းစစ်သားအရေအတွက်ကို ပြန်လည်လျှော့ချခဲ့သည်။

နေတိုးသံတမန်များက ၎င်းတို့သည် ပူတင်၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာမသိရသေးကြောင်း ပြောကြားခဲ့သော်လည်း ဝန်ကြီးများသည် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပါက လုပ်ဆောင်ရမည့် အရေးပေါ်အခြေအနေများကို ဆွေးနွေးနေကြသည်။

ထို့ပြင် နေတိုးအရာရှိများကလည်း ယူကရိန်းစစ်တပ်ကို ကူညီထောက်ပံ့မှုများ ပိုပေးရန် စဉ်းစားနေကြသည်။             

 

Most Read

Most Recent