စစ်တွေနှင့်မောင်တော ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကုန်သွယ်မှုပြန်လည်စတင်သည့် အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ဒေါ်လာ ၅ ဒသမ ၂ သန်းကျော် တင်ပို့ထား

စစ်တွေနှင့်မောင်တော ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကုန်သွယ်မှုပြန်လည်စတင်သည့် အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ဒေါ်လာ ၅ ဒသမ ၂ သန်းကျော် တင်ပို့ထား
စစ်တွေ ရွှေမင်းဂံနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းကို တွေ့ရစဉ်(ဓာတ်ပုံ-RSCCI)
စစ်တွေ ရွှေမင်းဂံနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းကို တွေ့ရစဉ်(ဓာတ်ပုံ-RSCCI)
Published 30 November 2021

စစ်တွေနှင့် မောင်တော ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကုန်သွယ်မှု ပြန်လည်စတင်သည့် အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၂၇ ရက်အထိ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၅ ဒသမ ၂ သန်းကျော် တင်ပို့ထား ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

စစ်တွေနှင့်မောင်တော ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်မှုပြန်လည်စတင်ခဲ့သည့် အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၂၇ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ၅၂၃၁၁၃၉ ဒသမ ၁၈ ဒေါ်လာတင်ပို့ခဲ့ပြီး ၂၆၆၂၈ ဒသမ ၂၉ ဒေါ်လာ တင်သွင်းခဲ့ကြောင်း၊ ရေထွက်ကုန် အမျိုးအစားထဲမှ ရေချိုငါးအများဆုံးတင်ပို့ခဲ့ပြီး ၄၅ ရက်ခန့်အတွင်း ဒေါ်လာ ၃ ဒသမ ၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

စစ်တွေကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ ဆိပ်ကမ်း) မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကုန်သွယ်မှုပြန်လည်စတင်သည့် အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၃ ရက်အထိ နှစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၆ သန်းရှိကာ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃၅ သန်းကျော်ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ရွှေမင်းဂံဆိပ်ကမ်းမှ နှစ်ပတ်အတွင်း ကုန်သွယ်မှုတန်ဖိုး ၁၃၅၆၇၆၁ ဒေါ်လာ (၁ ဒသမ ၃၆ သန်း) ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ ၁၃၅၃၂၆၁ ဒေါ်လာ (၁ ဒသမ ၃၅ သန်းကျော်) နှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၃၅၀၀ ရှိခဲ့သည်။

တင်ပို့ကုန်ပစ္စည်းအများစုမှာ ရေချိုငါး၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဂျင်းစိမ်း၊ ဇီးယိုမျိုးစုံ၊ မကျည်းသီး၊ မကျည်းစေ့တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို COVID-19 တတိယလှိုင်းကြောင့် ဇူလိုင် ၁၅ ရက်မှစ၍ ပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည်။

COVID-19 တတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်မှ ပိတ်ထားခဲ့ရသော နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့အား အောက်တိုဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်စည်းကမ်းချက်များကို လိုက်နာလျက် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကုန်သွယ်မှုများ အမြန်ဆုံးစတင်နိုင်ရေးအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် သိရှိလိုသည့် သတင်းအချက်အလက်များကို အသင်းရုံးသို့  စုံစမ်းမေးမြန်းနိုင်ပြီး သတ်မှတ်ထားသည့် COVID-19 စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။

ယင်းစည်းကမ်းချက်များအနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများသာ ကုန်သွယ်မှုဆိပ်ကမ်းထဲသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှကုန်ချပြီး ပြန်လည်ရောက်ရှိလာသော ရေယာဉ်များသည် ရွှေမင်းဂံဆိပ်ကမ်းချောင်းရှိ သတ်မှတ်ထားသောနေရာ (ရေလယ်) တွင် ကျောက်ချရပ်နားပြီး Quarantine ၁၀ ရက် ခံယူရမည်ဖြစ်ကြောင်း၊ ရေယာဉ်မထွက်ခွာမီနှင့် ရေယာဉ်ရောက်ရှိချိန်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ သတ်မှတ်စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ပြီး ရေယာဉ်ဝင်/ထွက်မှုအတွက် ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ သတ်မှတ်နေရာတွင် ကုန်တင်ချမှုမပြုလုပ်ခြင်းနှင့် စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းအတွက် ရေယာဉ်ပြေးဆွဲခွင့်နှင့် ကုမ္ပဏီ၏ ကုန်သွယ်မှုဆောင်ရွက်ခွင့်များကို ရုပ်သိမ်းအရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ အခြားပြည်နယ်နှင့်တိုင်းဒေသကြီး သို့မဟုတ် တောင်ကုတ်၊ ကျောက်ဖြူစသော ရခိုင်ပြည်တွင်းရှိ သတ်မှတ်ဆိပ်ကမ်းမှ ကုန်တင်ဆောင်လာသော ရေယာဉ်များသည် စစ်တွေရွှေမင်းဂံ ဆိပ်ကမ်း၌ OSS ကုန်ပစ္စည်း စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။