အမေရိကန်ကို အံ့အားသင့်စေခဲ့သည့် တရုတ်၏ ဟိုက်ပါဆိုးနစ်ဒုံးကျည် စမ်းသပ်မှုနှင့် အာကာသနည်းပညာစွမ်းရည်

အမေရိကန်ကို အံ့အားသင့်စေခဲ့သည့် တရုတ်၏ ဟိုက်ပါဆိုးနစ်ဒုံးကျည် စမ်းသပ်မှုနှင့် အာကာသနည်းပညာစွမ်းရည်
Photo: Reuters
Photo: Reuters
Published 27 November 2021
ဖြိုးဟိန်းကျော်

ပစ်မှတ်ဆီသို့ အလွန်လျင်မြန်စွာဖြင့် မရောက်ရှိမီ ကမ္ဘာကိုလှည့်ပတ်ပျံသန်းခဲ့သည့် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို တရုတ်က သြဂုတ်လထဲတွင် စမ်းသပ်ခဲ့မှုသည် ၎င်းတို့၏အာကာသနည်းပညာစွမ်းရည် အဆင့်မြင့်မားလာမှုကို မျက်ဝါးထင်ထင်ပြသလိုက်ခြင်းပင်ဖြစ်ပြီး အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းကိုပါ အံ့အားသင့်စေခဲ့သည်။

တရုတ်စစ်တပ်သည် ပစ်မှတ်ဆီသို့ မကျရောက်မီ ကမ္ဘာ့ပတ်လမ်းအနိမ့်မှ ပျံသန်းသော Hypersonicglide Vehicle ကို သယ်ဆောင်သွားသည့် ဒုံးပျံယာဉ်ကိုလွှတ်တင်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းစမ်းသပ်မှုနှင့် ပတ်သက်ပြီးသိရှိထားသည့် ပုဂ္ဂိုလ်ငါးဦးက ဆိုသည်။

ယင်းစမ်းသပ်မှုတွင် ဒုံးလက်နက်သည် ပစ်မှတ်နှင့် မိုင် ၂၀ ကျော်အကွာမှ လွဲချော်သွားခဲ့သည်ဟု ရရှိလာသော ထောက်လှမ်းရေးသတင်းကို အခြေခံပြီး ၎င်းတို့က ပြောကြားခဲ့သည်။ သို့ရာတွင် ယင်းစမ်းသပ်မှုသည် တရုတ်အနေဖြင့် ဟိုက်ပါဆိုးနစ် လက်နက်များနှင့် ပတ်သက်ပြီး အံ့မခန်းလောက်သည့် တိုးတက်မှုကို ရရှိလာကြောင်းနှင့် အမေရိကန် အစိုးရတာဝန်ရှိသူများ တွေးဆထားသည်ထက် များစွာအဆင့်ပိုမြင့်နေကြောင်းကို ပြသလိုက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

ထို့အပြင် အဆိုပါစမ်းသပ်မှုသည် တရုတ်က ၎င်းတို့စစ်တပ်ကိုအဆင့်မြှင့်တင် တည်ဆောက်နေမှုအပေါ် အမေရိကန်က မည်သည့်အတွက်ကြောင့် လျှော့တွက်ခဲ့သည်ဆိုသည်နှင့်ပတ်သက်ပြီးလည်း သံသယများ ထပ်မံဖြစ်ပေါ်စေခဲ့သည်။ တရုတ်အနေဖြင့် ယင်းစမ်းသပ်မှုကို မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သည်ကို မိမိတို့အနေဖြင့် မသိရှိရသေးကြောင်းလည်း ၎င်းတို့ထဲမှ တစ်ဦးက ပြောသည်။

အမေရိကန်၊ ရုရှားနှင့် တရုတ်တို့သည် အာကာသထဲသို့ ဒုံးပျံယာဉ်ဖြင့် လွှတ်တင်ကာ အရှိန်အဟုန်ဖြင့် ကမ္ဘာကိုလှည့်ပတ်ပျံသန်းသည့် Glide Vehicle များ အပါအဝင် ဟိုက်ပါဆိုးနစ် လက်နက်များကို အပြိုင်အဆိုင် တီထွင်လျက်ရှိသည်။ ၎င်းလက်နက်များသည် အသံ၏အမြန်နှုန်းထက် ငါးဆပိုမြန်စွာဖြင့် ပျံသန်းနိုင်ပြီး ပဲ့ထိန်းဒုံးကျည်နှင့် နှိုင်းယှဉ်လျှင်မူ အရှိန်ပိုနှေးကွေးသည်။ သို့ရာတွင် ဟိုက်ပါဆိုးနစ် ဒုံးကျည်လမ်းကြောင်းသည် ပဲ့ထိန်းဒုံးကျည်ကဲ့သို့ ပါရာဘိုလာမျဉ်းကွေးပုံ သဏ္ဌာန်အတိုင်း တစ်သမတ်တည်း မသွားပေ။ သို့ဖြစ်ရာ ထိန်းချုပ်ရန် လွယ်ကူပြီး ခြေရာခံရန်လည်း ပိုခက်ခဲသွားစေမည်ဖြစ်သည်။

နျူကလီးယားထိပ်ဖူး တပ်ဆင်ထားသည့် Hypersonic Glide Vehicle သည် ဝင်ရောက်လာနိုင်သည့် ပဲ့ထိန်းဒုံးကျည်များကို ချေမှုန်းရန် ရည်ရွယ်သည့် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို အချည်းနှီးဖြစ်စေနိုင်သည်ဟု တရုတ်၏နျူကလီးယား လက်နက်မူဝါဒဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သော တေလာဖရေဗယ်က ဆိုသည်။

“Hypersonic Glide Vehicle တွေဟာ အနိမ့်ပျံသန်းနိုင်ပြီး ပျံသန်းနေချိန်တွင် ထိန်းချုပ်ရလွယ်ကူတဲ့အတွက် ခြေရာခံဖျက်ဆီးဖို့ ခဲယဉ်းသွားစေမှာဖြစ်တယ်” ဟု မက်ဆာချူးဆက်စ် နည်းပညာတက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်းဖြစ်သည့် ဖရေဗယ်က ဆိုသည်။

တရုတ်က ယင်းလက်နက်မျိုးကို အလုံးစုံတီထွင်နိုင်ပြီး ဖြန့်ကြက်ထားနိုင်တော့မည်ဆိုလျှင် မတည်ငြိမ်မှုများ ဖြစ်လာစေနိုင်သည်ဟု ၎င်းကသတိပေးခဲ့သော်လည်း ယင်းစမ်းသပ်မှုမှာ တရုတ်အနေဖြင့် ၎င်းလက်နက်ကို ဖြန့်ကြက်နိုင်ပြီဟု မဆိုလိုကြောင်းလည်း ၎င်းကပြောသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ သမားရိုးကျ စစ်အင်အားကို တိုးမြှင့်တည်ဆောက်လျက်ရှိပြီး ထိုင်ဝမ်ကျွန်းအနီးတွင် ရန်လိုသည့် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် တရုတ်၏ နျူကလီးယား စွမ်းရည်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒင်အစိုးရက တရုတ်အပေါ် ခက်ထန်သည့် ချဉ်းကပ်မှုပုံစံကို ကျင့်သုံးလျက်ရှိပြီး တရုတ်ကလည်း အမေရိကန်သည် အလွန်ရန်လိုနေသည်ဟုတန်ပြန်စွပ်စွဲထားကာ နှစ်နိုင်ငံအကြားတင်းမာမှု မြင့်တက်လာခဲ့သည်။

အမေရိကန် အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီဝင် ရီပက်ဘလီကင်အမတ်တစ်ဦးဖြစ်သူ မိုက်ကယ်ဂယ်လာဂါက တရုတ်၏ ဟိုက်ပါဆိုးနစ်လက်နက် စမ်းသပ်မှုသည် တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်သည့် လက္ခဏာမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

“တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှာ ကျွန်တော်တို့ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ချေဖျက်နိုင်ပြီး အမေရိကန်ကိုသမားရိုးကျ လက်နက်တွေနဲ့ရော နျူကလီးယားလက်နက်တွေနဲ့ပါ တိုက်ခိုက်လာနိုင်တဲ့အထိ ခြိမ်းခြောက်မှု ပေးနေပြီဖြစ်တယ်” ဟု ဂယ်လာဂါက ပြောသည်။ ပို၍ စိုးရိမ်စရာကောင်းသည့်အချက်မှာ အမေရိကန်၏ နည်းပညာက တရုတ်စစ်တပ်၏ ဟိုက်ပါဆိုးနစ် ဒုံးလက်နက်အစီအစဉ်အတွက် အထောက်အပံ့ဖြစ်နေခြင်းဖြစ်သည်ဟုလည်း သူကပြောသည်။

တရုတ်၏ နျူကလီးယားလက်နက် စွမ်းရည် တိုးတက်လာမှုနှင့် ပတ်သက်ပြီး မကြာသေးမီလများအတွင်း အမေရိကန်စစ်တပ် တာဝန်ရှိသူများက သတိပေးခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် တရုတ်စစ်တပ်က တိုက်ချင်းပစ် ဒုံးပစ်စင်အသစ်၂၀၀ ကျော် တည်ဆောက်နေပုံကို မြင်တွေ့ရသည့် ဂြိုဟ်တုဓာတ်ပုံများကို ထုတ်ပြန်ခဲ့ပြီးနောက်တွင် ၎င်းတို့ကသတိပေးခဲ့ခြင်းဖြစ်သည်။ တရုတ်သည် မည်သို့သော လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်မျိုးတွင်မှ ပါဝင်ခြင်းမရှိသည့်အတွက် နျူကလီးယားလက်နက်နှင့် မူဝါဒများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒမရှိပေ။

တရုတ်အစိုးရသည် လက်နက်သစ်တစ်မျိုးကို တီထွင်နေသည်ဟု အမေရိကန်လေတပ်မှ အရာရှိတစ်ဦးဖြစ်သူဖရန့်ခ် ကန်ဒါလ်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ တရုတ်သည် အာကာသထဲမှ တစ်ကမ္ဘာလုံး ကိုတိုက်ခိုက်နိုင်သည့် စွမ်းရည်အပါအဝင် ကြီးမားသော တိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်းလည်း သူကပြောသည်။ သို့ရာတွင် ၎င်းကအသေးစိတ် ပြောဆိုခဲ့ခြင်းမရှိဘဲ တရုတ်သည်စစ်အေးခေတ်ကာလက ဆိုဗီယက်ပြည်ထောင်စု ဖြန့်ကြက်ခဲ့ဖူးသည့် Fractional Orbital Bombardment System ဟု အမည်ရပြီးကမ္ဘာ့ပတ်လမ်းအနိမ့်ထဲသို့ နျူကလီးယားထိပ်ဖူးလွှတ်တင်ပြီးမှ ပစ်မှတ်များဆီသို့ ထိမှန်ကျရောက်စေသည့် နျူကလီးယားလက်နက် ပစ်လွှတ်စနစ်နှင့်ဆင်တူကြောင်းလည်း သူက ဆက်လက်ပြောသည်။

“အဲဒီနည်းလမ်းမျိုးကိုအသုံးပြုမယ်ဆိုရင် သမားရိုးကျ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်လမ်းကြောင်းကိုအသုံးပြုလို့ မရတော့ပါဘူး။ အဲဒါက ဒုံးကျည်ကာကွယ်ရေးနှင့် သတိပေးစနစ်တွေကို ရှောင်ကွင်းနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

တရုတ်သည် မကြာသေးမီက အလွန်အဆင့်မြင့်မားသော Hypersonic Glide Vehicle စွမ်းရည်များကို ပြသခဲ့သည်ဟု မြောက်အမေရိကလေကြောင်းရန် ကာကွယ်ရေးဌာနချုပ် (NORAD) ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးဂလန်းဗန်ဟာ့ခ်က သြဂုတ်လထဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ စွမ်းဆောင်ရည်သည ် မိမိတို့၏ အန္တရာယ်သတိပေးမှုနှင့် တိုက်ခိုက်မှုအပေါ် သုံးသပ်နိုင်စွမ်းကို သိသာထင်ရှားသော စိန်ခေါ်မှုများ ဖြစ်ပေါ်စေမည်ဟုလည်း သူက သတိပေးခဲ့သည်။

တရုတ်၏ ဒုံးလက်နက် စမ်းသပ်မှုနှင့် ပတ်သက်ပြီး နားလည်တတ်ကျွမ်းသည့် ပုဂ္ဂိုလ်နှစ်ဦးကလည်း ၎င်းလက်နက်သည် တောင်ဝင်ရိုးစွန်းကို ဖြတ်ကျော်ပျံသန်းနိုင်မည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များသည် မြောက်ဝင်ရိုးစွန်းလမ်းကြောင်းအတွက် အဓိကပြင်ဆင်ထားသည်ဖြစ်ရာ ၎င်းအခြေအနေသည် အမေရိကန်စစ်တပ်အတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်လာမည် ဖြစ်ပေသည်။

တရုတ်နိုင်ငံပိုင် မီဒီယာဖြစ်သော ဂလိုဘယ်တိုင်းမ် သတင်းစာအယ်ဒီတာ ဟူရှီကျင်းကမူ အမေရိကန်ဘက်ကတရုတ်အပေါ် နျူကလီးယားလက်နက် အင်အားဖြင့် ခြိမ်းခြောက်မည့် စိတ်ကူးကိုစွန့်လွှတ်လာစေရန် အလို့ငှာ တရုတ်အစိုးရက နျူကလီးယားလက်နက်များကို တိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း တွစ်တာမှ ရေးသားခဲ့သည်။

ဘိုင်ဒင်အစိုးရသည်ကွန်ဂရက်၏ ခွင့်ပြုချက်ဖြင့်နျူကလီးယားဆိုင်ရာ မူဝါဒနှင့် နျူကလီးယားစွမ်းရည်အပေါ် သုံးသပ်အကဲဖြတ်မည့် Nuclear Posture Review အစီရင်ခံစာကို စတင်လုပ်ဆောင်နေချိန်မှာပင် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်ကြောင့် အမေရိကန်တွင် လက်နက်ထိန်းချုပ်ရေးကို ထောက်ခံလိုလားသူများနှင့် တရုတ်၏အန္တရာယ်ကြောင့် နျူကလီးယားလက်နက်များကို အဆင့်မြှင့်တင်မှုများ ပိုမိုလုပ်ဆောင်ရမည်ဟု ယူဆထားသူများအကြား သဘောထားကွဲလွဲလျက်ရှိသည်။

ပင်တဂွန်ကမူ ၎င်းအစီရင်ခံစာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုခြင်း မရှိသော်လည်း တရုတ်နှင့် ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ “တရုတ်က စစ်ဘက်စွမ်းရည်ကို မြှင့်တင်ဖို့ အရှိန်အဟုန်မပျက် လုပ်ဆောင်နေတဲ့အပေါ်မှာစိုးရိမ်မိကြောင်း အတိအလင်း ပြောကြားလိုပါတယ်။ တရုတ်က အဲဒီလိုလုပ်ဆောင်နေတာဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းမှာ တင်းမာမှုတွေကို မြင့်တက်စေရုံသာ ရှိလိမ့်မယ်” ဟု ပင်တဂွန်ပြောခွင့်ရ ဂျွန်ကာဘီက ဆိုသည်။ ယင်းသည် တရုတ်ကို မိမိတို့၏ နံပါတ်- ၁ စိန်ခေါ်မှုအဖြစ် ရှုမြင်ရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်ခဲ့သည်ဆိုသော ပြောဆိုမှုများကို ပယ်ချခဲ့သည်။အာကာသယာဉ် ပြန်လည်အသုံးပြုနိုင်သည့် နည်းပညာကိုစိစစ်အတည်ပြုရန်အတွက် အာကာသယာဉ်တစ်စီးကို သမားရိုးကျစမ်းသပ်မှုတစ်ခုသာ ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပြောဆိုခဲ့သည်။

အာရှဒေသအမျိုးသားလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက တရုတ်စစ်တပ်သည် ၎င်းစမ်းသပ်မှုကို သြဂုတ်လထဲတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ တရုတ်အာဏာပိုင်များသည် Long March ဒုံးပျံယာဉ်လွှတ်တင်ရာတွင် အများအားဖြင့် ထုတ်ဖော်ကြေညာလေ့ ရှိသော်လည်း သြဂုတ်လထဲတွင် အဆိုပါ ဒုံးပျံယာဉ်လွှတ်တင်မှုကို ဖုံးကွယ်ထားခဲ့သည်မှာ သိသာထင်ရှားနေပေသည်။ တရုတ်က Hypersonic Glide Vehicle ကို ကမ္ဘာ့ပတ်လမ်းထဲသို့ လွှတ်တင်ခဲ့ရာတွင်  အဆိုပါ Long March ဒုံးပျံအမျိုးအစားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

၎င်းလက်နက်ကို China Academy of Aerospace Aerodynamics (CAAA) က တီထွင်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်နှင့် နီးစပ်သည့် နောက်ထပ်လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။ CAAA သည် တရုတ်အစိုးရ၏ အာကာသအစီအစဉ်အတွက် ဒုံးကျည်စနစ်များနှင့် ဒုံးပျံယာဉ်များကို တည်ဆောက်ပေးနေသည့် အထင်ကရ နိုင်ငံပိုင်ကုမ္ပဏီဖြစ်သော တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း လက်အောက်မှ သုတေသနအဖွဲ့အစည်းတစ်ခုပင် ဖြစ်ပေတော့သည်။

Most Read

Most Recent