ရှာဖွေခြင်း

ရှာဖွေခြင်း
ဓာတ်ပုံ-အောင်သူထွန်း
ဓာတ်ပုံ-အောင်သူထွန်း
Published 23 November 2021
ငြိမ်း (ပဲခူး)

ကျွန်တော့်ပါးစပ်ထဲကနေ “ဟာ ဟာ” လို့ လုပ်လိုက်တယ်။ အငွေ့တွေ ထွက်မလာဘူး။ ကျွန်တော့်ခန္ဓာကိုယ်က အေးမနေဘူး။ ကျွန်တော် ဝတ်ထားတာ စွပ်ကျယ်အကျႌ။ ညဘက်အိပ်တုန်းက ချွတ်ပြီးအိပ်တယ်။ အခုမနက် အိပ်ရာနိုးမှ ပြန်ဝတ်လိုက်တာ။ ပြီးတော့ ကျွန်တော် အိမ်အောက်ဆင်းလာခဲ့တယ်။ ဘယ်မှာလဲ နှင်းတွေ။ တဖြောက်ဖြောက်နဲ့ ကျနေတဲ့ အသံတွေ။ သစ်ရွက်လေးတွေပေါ်မှာ တွဲလွဲခိုနေတဲ့ အစက်ကလေးတွေ။ ကျွန်တော် သေချာလိုက်ကြည့်နေတာပဲ။ မတွေ့ဘူး။

အိမ်ထဲကနေ အိမ်အပြင် ထွက်လိုက်တယ်။ လမ်းပေါ်မှာ လူတစ်ယောက် နှစ်ယောက်လောက်ပဲ တွေ့တယ်။ အရင်တုန်းကဆို ဒီလိုအချိန်ရောက်ရင် လမ်းပေါ်မှာ လူတွေအများကြီးပဲ။ ဒါပေမဲ့့လည်း ကျွန်တော် ပုံဖော်ကြည့်မိတယ်။ ပြီးနောက် လမ်းကလေးရဲ့ အရှေ့ဘက်ကို ကြည့်လိုက်တော့ လူတွေရှင်းလို့။ အိပ်နေကြတုန်း ဖြစ်မယ်။ ပြီးတဲ့အခါ လမ်းကလေးရဲ့ အနောက်ဘက်ကို ကြည့်လိုက်တော့လည်း စောစောက တွေ့လိုက်တဲ့ လူတစ်ယောက် နှစ်ယောက်ပဲ လမ်းလျှောက်နေတယ်။

ပြောင်းလဲခြင်းတွေဟာ အချိန်တိုင်းပဲဆိုတာကို ကျွန်တော်အစက မသိဘူး။ ဒါပေမဲ့ အခုသိလာတယ်လို့ ပြောလို့ရတယ်။ ဘယ်မှာလဲ အိမ်ရှေ့မီးပုံလေးတွေ။ ဘယ်မှာလဲ မီးလှုံနေကြတဲ့ လူတွေ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ မိုးသားတွေဟာ မည်းမှောင်လို့။ မိုးရွာတော့မှာလား။ ကျွန်တော် မသိဘူး။ ကျွန်တော်က မိုးနတ်မင်းမှ မဟုတ်တာ။ ဒါ ဆောင်းရာသီလေ။ ဘာဖြစ်လို့ မိုးရာသီရဲ့ အပိုင်းအစတွေက ဝင်ရောက်နေရာယူနေတာလဲ။ အေးပြလိုက်ပါ။ နှင်းတွေ ကျပြလိုက်ပါ။ ပတ်ဝန်းကျင်တစ်ခွင်လုံး စမ်းတဝါးဝါး ဖြစ်သွားအောင်။

၀ါးရုံပင်တွေ ဘယ်ရောက်သွားလဲ။ ကုက္ကိုပင်တွေ ဘယ်ရောက်သွားလဲ။ နှင်းလေးတွေ တွဲလွဲခိုနေတဲ့ ထိကရုံးပင်လေးတွေ ဘယ်ရောက်သွားလဲ။ အရင်တုန်းက ၀ါးရွက်တွေ ကုက္ကိုရွက်တွေ မြေသားလမ်းကလေးပေါ်မှာ ပြန့်ကျဲနေတာ။ လေတိုက်လိုက်တိုင်း။ အဲဒီအပင်က အရွက်တွေကို ကျွန်တော် လိုက်ကောက်ကာစုပြီး အိမ်ရှေ့ကိုသယ်ယူကာ မီးရှို့ပြီး မီးလှုံတာပေါ့။ လက်နှစ်ဖက်ကို ပွတ်လိုက်။ မီးလှုံလိုက်။ ဖက်ကြမ်းဆေးလိပ်ဖွာလိုက်။ တကယ့်ဖီးလ်ပဲ။ အိမ်ရှေ့မှာ ကျွန်တော်တစ်ယောက်တည်း ရပ်နေပြီး ဟိုတွေးဒီတွေး။ ဟိုကြည့် ဒီကြည့်နဲ့။

အကြည့်တွေက ဦးလှရွှေအိမ်ရှေ့ရောက်သွားတယ်။ သူ့အိမ်ရှေ့မှာ ဘာမှမရှိတော့ဘူး။ ငြိမ်သက်လို့။ ဦးလှရွှေလည်း ဆုံးသွားတာကြာပြီ။ သူမရှိတော့ သူနဲ့အတူ တံမြက်စည်းကြမ်းကြီးတစ်ချောင်းရယ်၊ သူ့အိမ်ရှေ့က မီးပုံလေးရယ် တစ်ပါတည်းယူသွားပြီ။ ပြီးတော့ မြေသားလမ်းကလေးကလည်း ပြောင်းလဲသွားပြီလေ။ ဦးလှရွှေသာသိရင် အံ့သြနေမလား။ ကိုကျော်မိုးရော။ သူလည်း ဆုံးသွားပြီ။ သူ့အမျိုးသမီး ဆေးလိပ်လိပ်ရာကနေ ထွက်လာတဲ့ ဖက်စတွေကို မီးရှို့ရာကနေ ဖြစ်ပေါ်လာတဲ့ မီးပုံကလေး။ မရှိတော့ဘူး။ ကိုကျော်မိုးနဲ့အတူ ပျောက်ကွယ်လို့ သွားပြီ။

ဦးခင်ဇော်က အိမ်ပြောင်းသွားတာကြာပေါ့။ သူရဲ့ အုန်းလက်တွေကို မီးရှို့ကာ ဖြစ်ပေါ်လာတဲ့ မီးပုံလေးကို ကျွန်တော် လွမ်းနေရပေါ့။ ကြီးရှည်ကြီးရဲ့ ဘိန်းမုန့်ဖုတ်တဲ့ မီးပုံလေး။ ဘယ်ရောက်သွားလဲ။ ကျွန်တော် ရှာဖွေနေမိတယ်။ အော်၊ ကြီးရှည်ကြီးလည်း ဆုံးသွားတာ ကြာပြီပဲ။ မတည်မြဲခြင်းတွေဟာ အရာရာတိုင်းပေါ်မှာ သက်ရောက်နေတာ။ ကျွန်တော်တောင် ဆံပင်အနည်းအကျဉ်း ဖြူနေပြီ။ သွေးသားကြောင့် ဖြစ်မယ်။ အဲဒါလည်း မတည်မြဲခြင်းပဲ။ မဟုတ်ဘူးလား။ ကျွန်တော့်ကိုယ် ကျွန်တော်ပြောနေတာ။

“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့ နံနက်စောစောထပြီး လမ်းလျှောက်ဖို့ နှိုးဆော်သံတစ်သံ ကျွန်တော့်နားထဲ ရောက်လာတယ်။ ကျွန်တော် လိုက်ရှာကြည့်တယ်။ မတွေ့ဘူး။ အဲ့ဒါနဲ့ သေသေချာချာလေး နားပြန်စွင့်လိုက်တော့ အဲဒီအသံတွေက အတိတ်ဆောင်းနေ့ရက်တွေထဲက ဖြစ်နေတယ်။ အဲဒီတုန်းက ဆိုက်ကားတစ်စီးပေါ်မှာ ဓာတ်စက်တင်ပြီး ဖွင့်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်။ အတိတ်ကဆောင်း နံနက်ခင်းတွေကို နိုးထစေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်။

အဲဒီသီချင်းသံကြားပြီဆိုတာနဲ့ အိပ်ရာထဲကနေ ချက်ချင်းထ။ မထလို့လည်း မရဘူး။ အရမ်းအေးလာတော့ အိပ်ရာထဲမှာကွေးနေလို့ မရဘူး။ ပြီးတော့ အမြန်မျက်နှာသစ်။ နှေးနေရင်တော့ မျက်နှာသစ်နေရင်း ဆောင်းလေတိုက်လိုက်ရင် ဂွမ်းပြီ။ ပြီးတဲ့အခါ သွားလည်းအမြန်တိုက်ပေါ့။ အားလုံးပြီးသွားရင်တော့ လမ်းလျှောက်ဖို့ စုရပ်ကို ဒိုးပြီ။ အဲဒီမှာ ရပ်ကွက်အလိုက် ဘုရားလမ်းကို ချီတက်။ ရောက်ရင် ဓာတ်ပုံရိုက်။ ဗီဒီယိုရိုက်။ နံနက် ခင်းရုပ်မြင်သံကြားသတင်းမှာ ဖော်ပြ။ လမ်းလျှောက်ကြတယ် ဘာညာပေါ့။

တဝုန်းဝုန်းနဲ့ ရေအမြန်ချိုးနေတဲ့ အသံတစ်သံ ကျွန်တော့်နားထဲ ဝင်ရောက်လာပြန်ပြီ။ ကျွန်တော် လိုက်ရှာကြည့်မိတယ်။  ဘယ်မှာလဲဆိုတာ။ မတွေ့ဘူး ဖြစ်နေတယ်။ ဒီတစ်ခါတော့ တွေ့အောင်ရှာမယ်။ လမ်းဖြေးဖြေးလျှောက်ပြီး ကျွန်တော် လိုက်ကြည့်နေတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်တော် လက်လျှော့ချင်လာတယ်။ အဲ့ဒီအချိန်မှာပဲ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာတယ်။ အဲဒီမှာ ကျွန်တော်တစ်ယောက်တည်း ပြုံးမိသွားတယ်။ လမ်းကလေးထက်မှာ မတ်တတ်ကလေး ရပ်နေရင်း။

ဘယ်ဟုတ်မလဲ။ ရေချိုးအမြန်ချိုးနေတဲ့ အသံပိုင်ရှင်တွေက အိမ်ပြောင်းသွားတာကြာပေါ့။ ဆောင်းနံနက်ခင်းတိုင်း စက်ရုံဆင်းဖို့အတွက် တဝုန်းဝုန်းနဲ့ ရေအမြန်ချိုးနေကြ တဲ့ ညီအမနှစ်ယောက်။ သူတို့နဲ့ လမ်းမှာ တစ်ခါတစ်ခါ တွေ့တယ်။ စက်ရုံလည်း မဆင်းတော့ပါဘူး။ အခြားအလုပ်တွေ လုပ်နေကြပြီ။ ကျွန်တော်သာ တစ်ယောက်တည်း အတွေးလွန်နေတာ။ ကျွန်တော်သာ တစ်ယောက်တည်း ရှာဖွေနေမိတာ။

လမ်းပေါ်မှာ လူတွေ တဖြည်းဖြည်း များလာပြီ။ လမ်းလျှောက်ကြတာမဟုတ်ဘူး။ အလုပ်ကိုယ်စီလုပ်ဖို့ သွားနေကြတာ။ အားလုံး ခပ်သုတ်သုတ်ပဲ။ ပြီးတော့ အနွေးထည်တွေလည်း မပါကြဘူး။ အရင်အချိန် ဆောင်းရာသီတုန်းကလို လူတွေကို သဲသဲကွဲကွဲ မမြင်ရဘူး။ ထို့အတူပဲ စက်ဘီးတွေ ဆိုင်ကယ်တွေ နဲ့ကားတွေကိုရော။ အရွေ့တွေထဲမှာ ဆောင်းရာသီလည်း အသွင်သဏ္ဌာန် ပြောင်းလဲသွားပြီ။ ကျွန်တော့်ရဲ့ ငယ်ဘဝတုန်းက ဆောင်းရာသီ။ ကျွန်တော့်ရဲ့ လူငယ်ဘဝတုန်းက ဆောင်းရာသီ။ ဘယ်ကို ရောက်သွားပြီလဲ။

ကျွန်တော်ဟာ ကျွန်တော့်ဘေးကနေ အရှိန်နဲ့ ဖြတ်မောင်းသွားတဲ့ ကားတစ်စီးကို ငေးလိုက်တယ်။  ဆောင်းရာသီပါသွားလားလို့။ ကျွန်တော်ဟာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မောင်းလာနေတဲ့ ဆိုင်ကယ်တစ်စီးကို ကြည့်လိုက်တယ်။ ဆောင်းရာသီ ပါလာပြီလားလို့။ ကျွန်တော်ဟာ ကျွန်တော့်ကို ကျော်တက်ပြီး နင်းသွားတဲ့ စက်ဘီးတစ်စီးကို လိုက်ကြည့်မိတယ်။ ဆောင်းရာသီကို တွေ့ရမလားလို့။ အချည်းနှီးပါပဲ။ ကျွန်တော်သာ စိတ်မောသွားတယ်။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဆောင်းရာသီကို ရှာမတွေ့ဘူး။ ကျွန်တော့် ခြေလှမ်းတွေကို နောက်ပြန်ခေါက်လိုက်တယ်။ အိမ်ဘက်ဆီကို။

ကျွန်တော့် ခြေလှမ်းတွေကို တစ်လှမ်းချင်းလှမ်းရင်း တွေ့လိုတွေ့ငြား ရှာဖွေရင်း မိုးရေစက်ကလေးတွေ တစ်စက်ပြီးတစ်စက် ကျလာတယ်။ ဘယ်လိုဖြစ်တာလဲ။ ရာသီတွေ ဖောက်ပြန်နေတာလား။ ဆောင်းရာသီထဲကို မိုးရာသီက ကျူးကျော်ဝင်ရောက်လာတာလား။ မိုးလေဝသ ဦးထွန်းလွင်သာ ရှိသေးရင် Facebook ကနေ မေးလိုက်ချင်တယ်။ တအောင့်လောက်နေတော့ မိုးရေစက်ကလေးတွေ ကျမလာတော့ဘူး။ မိုးသားတွေကတော့ အုံ့မှိုင်းနေဆဲပဲ။ မိုးတွေပဲ အကြီးအကျယ် ရွာတော့မလိုလို။

အမှန်ဆို ပျောက်သောသူကိုပဲ ရှာဖွေရတာ မဟုတ်ဘူးလား။ အခုတော့ ကျွန်တော်ဟာ ပြက္ခဒိန်ပေါ်မှာ အခန့်သားရှိနေတဲ့ ဆောင်းရာသီကို ရှာဖွေနေမိသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လို့နေတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေပါစေ နောက်တစ်ခါ ဆောင်းရာသီရောက်ရင်လည်း ကျွန်တော်ဟာ ရှာဖွေနေဦးမှာပဲ။ ဆောင်းရာသီရောက်မှန်း သိသိကြီးနဲ့ ပြက္ခဒိန်ပေါ်က ဆောင်းရာသီထဲမှာ အတိတ်ဆောင်းရာသီကို တမ်းတနေတဲ့ လူတစ်ယောက်အဖြစ်နဲ့ပေါ့။

Most Read

Most Recent