မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ယခုရာသီတွင် ဘူရီရမ်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြား

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ယခုရာသီတွင် ဘူရီရမ်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြား
Photo: Buriram United
Photo: Buriram United
Published 22 November 2021

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ယခုရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံမှ ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်သူသည် နိုဝင်ဘာ ၂၀ ရက်က ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် ၁၄ အဖြစ် ကစားခဲ့သည့် ဘူရီရမ် (၄-၀) ခွန်ကန်ယူနိုက်တက်ပွဲတွင် ဘူရီရမ်အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်သူသည် ယင်းပွဲတွင် ဒုတိယပိုင်းအစ၌ လူစားလဲ ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး ပွဲကစားချိန် ၆၆ မိနစ်တွင် ပြိုင်ဘက်အသင်း ဂိုးဧရိယာအစပ်မှနေ၍ အဝေးကန်ချက်ဖြင့် ပထမဂိုး၊ ပွဲကစားချိန် ၈၁ မိနစ်တွင် ခွန်ကန်ယူနိုက်တက်အသင်း နောက်ခံလူများကိုကျော်ဖြတ်ကာ ဂိုးသမားကိုပါ လိမ်ခေါက်၍ ဒုတိယဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

အောင်သူသည် ယင်းပွဲတွင် ဘူရီရမ်အသင်းအတွက် ကိုယ်တိုင်နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သလို ထိုင်းလက်ရွေးစင်တိုက်စစ်မှူး ဆူပါချိုင်းသွင်းယူသည့် ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

ယင်းပွဲအပြီးတွင် အောင်သူက ''ဒီနေ့ပွဲကို ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီရာသီအတွက် ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်သလို တစ်ဂိုးလည်း ဖန်တီးပေးခဲ့ပါတယ်။ ဒီနေ့ပွဲကို ကွင်းထဲအထိ လာအားပေးတဲ့ ပရိသတ်တွေကိုရော၊ မြန်မာနိုင်ငံက ပရိသတ်တွေကိုရော ကျေးဇူးတင်ပါတယ်''ဟု ပြောကြားသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ယခုရာသီတွင် ဘူရီရမ်အသင်း၌ ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရပြီး လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရရှိနေခြင်းဖြစ်သည်။

အောင်သူသည် ယခုရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် ၁၃ ပြီးဆုံးချိန်အထိ ဘူရီရမ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးသဖြင့် ဖိအားများ ရင်ဆိုင်ခဲ့ရသည်။

အောင်သူသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ရတနာပုံအသင်းမှ ဘူရီရမ်အသင်းသို့ ပြောင်းရွှေ့ကြေး ဒေါ်လာ ၅၀၀၀၀ ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အောင်သူသည် ပြီးခဲ့သည့်ရာသီတွင် ရာသီဝက်ကာလမှ ရောက်ရှိခဲ့ခြင်းဖြစ်သလို ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အချို့ လွဲချော်ခဲ့ရကာ နှစ်ဂိုးသာ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent