ကွတ်ခိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် စစ်သည်တစ်ဦးအား စစ်တရားရုံးဖြင့် အရေးယူမည်

ကွတ်ခိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် စစ်သည်တစ်ဦးအား စစ်တရားရုံးဖြင့် အရေးယူမည်
Published 12 November 2021

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် စစ်သည်တစ်ဦးအား စစ်တရားရုံးဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးအား စစ်သည်တစ်ဦးက အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့သဖြင့် ၎င်းစစ်သည်အား ဖော်ထုတ်၍ တရားဥပဒေအတိုင်း အရေးယူပေးစေလိုကြောင်း ဒေသခံအချို့က သက်ဆိုင်ရာသို့ တိုင်ကြားလာခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ထိုသို့တိုင်ကြားသောကိစ္စရပ်သည် ပြည်သူလူထုနှင့် ပတ်သက်၍သော်လည်းကောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းရသော်လည်းကောင်း၊ ကြီးလေးသည့် ရာဇဝတ်မှုမျိုးဖြစ်သည့်အတွက် သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိသူများအား စေလွှတ်၍ စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စိစစ်ဖော်ထုတ်ချက်အရ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လိုအပ်သောအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တပ်သားအဆင့်ရှိ မင်းမင်းစိုး၊ ကျော်မျိုးဝေနှင့် မိုးဝင်းတို့သုံးဦးသည် အခြေပြုနေရာမှ သောက်သုံးရေ သွားရောက်ခပ်ယူစဉ် ရေဆိပ်အနီးရှိ တောင်ယာတဲအတွင်းမှ ခြံစောင့်ဖြစ်သူ အမျိုးသမီးတစ်ဦးအား တပ်သား မင်းမင်းစိုးက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦးဖော်ထုတ်သိရှိခဲ့ရသဖြင့် အဆိုပါစစ်သည်သုံးဦးအား သီးခြားစီခွဲ၍ ထပ်မံစစ်ဆေးခဲ့ရာ တပ်သား မင်းမင်းစိုးမှာ အမှန်တကယ်ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သည့်စစ်သည်အား စစ်စည်းကမ်းအရ အရေးယူနိုင်ရေးအတွက် အများပြည်သူရှေ့မှောက်တွင် တရားစီရင်မှု (Open Court) စစ်တရားရုံးဖြင့် ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေးမည်ဖြစ်ပြီး ယင်းဖြစ်ရပ်မျိုးအတွက် လုံးဝသည်းခံခွင့်လွှတ်ခြင်း မရှိခဲ့သည့်အစဉ်အလာအတိုင်း ပြစ်မှုကျူးလွန်သူအား ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

Most Read

Most Recent