ABSDF  မြဝတီဆက်ဆံရေး ရုံးတာဝန်ခံနှင့် ရုံးအဖွဲ့ဝင်သုံးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် PPST တောင်းဆို

ABSDF  မြဝတီဆက်ဆံရေး ရုံးတာဝန်ခံနှင့် ရုံးအဖွဲ့ဝင်သုံးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် PPST တောင်းဆို
Published 4 November 2021

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မြဝတီဆက်ဆံရေး ရုံးတာဝန်ခံနှင့် ရုံးအဖွဲ့ဝင်သုံးဦးတို့ကို နိုဝင်ဘာ ၂ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကိုယ်စား PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက တောင်းဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-SEAO) မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို နိုဝင်ဘာ ၄ ရက်တွင် Video Conferecing  စနစ်ဖြင့် ပြုလုပ်ပြီး အဆိုပါအစည်းအဝေးအဖွင့် မိန့်ခွန်းပြောကြားရာ၌ PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ထိုသို့ထည့်သွင်းပြောကြားတောင်းဆိုခြင်း ဖြစ်သည်။

“၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ ABSDF  ရဲ့ မြဝတီဆက်ဆံရေးရုံးတာဝန်ခံနဲ့ ရုံးအဖွဲ့ဝင်သုံးဦးကို စစ်တပ်၊ ရဲနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများ လာရောက်ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားတယ်လို့ ကြားသိရပါတယ်။ ဆက်ဆံရေးရုံးနဲ့ ရုံးအဖွဲ့ဝင်များဟာ Bilateral  စာချုပ်နဲ့ NCA စာချုပ်အရ သက်ဆိုင်ရာ EAO များရဲ့ နှစ်ဖက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန်များကဲ့သို့ ဆက်ဆံရေးအရာရှိများ ဖြစ်သည့်အပြင် ၎င်းတို့အား အကာအကွယ်ပေးရမည်ဟု NCA တွင် ပြဋ္ဌာန်းထားသောကြောင့် ဒီပြုမှုချက်က NCA ကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ PPST ကိုယ်စား တောင်းဆိုပါတယ်” ဟု နိုင်အောင်မင်းက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ရွှေ့ဆိုင်းခြင်း၊ NCA-SEAO တစ်ဖွဲ့ချင်း အနေဖြင့် NCA စာချုပ် ခြောက်နှစ်မြောက်နှစ်ပတ်လည်နေ့သို့ တက်ရောက်ခြင်း၊ အကျဉ်းကျဆဲ၊ တရားရင်ဆိုင်နေရဆဲ EAO များ၏ တပ်ဖွဲ့ဝင်များ လွှတ်ပေးခံရခြင်း၊ သီတင်းကျွတ်အခါသမယတွင် အကျဉ်းကျခံနေရဆဲ၊ အမှုရင်ဆိုင်နေရဆဲဖြစ်သော ပြည်သူလူထု ၅၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့သည် ပြီးခဲ့သည့် တစ်လတာကာလအတွင်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲခဲ့ကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ထို့ပြင် တပ်မတော်နှင့် နိုင်ငံရေးပါတီတချို့တွေ့ဆုံ၍ ငြိမ်းချမ်းရေးနှင့် PR စနစ်ဆွေးနွေးခြင်း၊ ၂၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်မပါဘဲ ကျင်းပခြင်း၊ ချင်းပြည်နယ်၊ ထန်တလန်ရှိ အိမ်ခြေ ၂၀၀ ခန့်နှင့် ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း မီးရှို့ဖျက်ဆီးခံရခြင်း၊ ကချင်ခရစ်ယာန်ဘာသာရေးခေါင်း ဆောင်များ၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တပ်မတော်က ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPNC) တို့ တွေ့ဆုံခဲ့ခြင်းများသည် ပြီးခဲ့သည့်လနှင့် ယခုလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်းလည်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

“ဒီကိစ္စတွေအပေါ် မိမိတို့ PPST အနေနဲ့ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်တွေမှာ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် UN က အသစ်ခန့်အပ်လိုက်သော မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ် ဒေါက်တာနိုင်လင်းဟေဇာနှင့် ချိတ်ဆက်ပံ့ပိုးဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ ပြုလုပ်မည့် PPST အစည်းအဝေးတွင် PPST ဆွေးနွေးညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း၊ NCA-SEAO များ၏ စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ကျင်းပခြင်း၊ NCA-SEAO ၏ အနာဂတ်စုဖွဲ့မှု၊ PPST ၏ နိုင်ငံရေး ရပ်တည်ချက်ခုနစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအခြေအနေ၊ COVID-19 ကပ်ရောဂါဆိုင်ရာလုပ်ငန်းစဉ် စသည့်အခြေအနေများအပေါ် ဆွေးနွေးညှိနှိုင်းပြီး သဘောထားချမှတ်သွားရန် ရှိကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

Most Read

Most Recent