စာခြောက်ရုပ်

စာခြောက်ရုပ်
Photo: Shutterstock
Photo: Shutterstock
Published 1 November 2021
သိုက်စိုးထွန်း(နတ်ရွာ)

လယ်တောမှာလည်းသူနေတယ်၊ ယာတောမှာလည်း သူနေတယ်၊ စပါးခင်းမှာလည်း သူနေတယ်၊ မြေပဲခင်းမှာလည်းသူနေတယ်။ အခင်းတကာမှာ သူနေတယ်။ သူနေတာက မလှုပ်မယှက်၊ မတ်တတ်ကြီးရပ်လို့၊ ပါးစပ်ကြီး ဖြဲလို့၊ သွားတွေကကျဲလို့၊ လက်နှစ်ဘက်က ဘေးမှာစန့်စန့်ကြီးတန်းလို့။ လေအရှေ့မှာ သူ့အကျႌ၊ ပုဆိုးတွေက တဖျပ်ဖျပ်လွင့်လို့။ မြင်ရပုံက မထိတ်သာ၊ မလန့်သာရှိလိုက်တာ။ မင်းကုသထက်နှာတစ်ဖျားသာတဲ့ ဥပဓိမျိုးနဲ့။

ခြေကားယား၊ လက်ကားယားနဲ့ မတ်မတ်ကြီးပဲ နေတတ်လေသလား။ မဟုတ်ပါ။ ခြေတစ်ဖက်မြှောက်ပြီးတော့လည်း နေတတ်တယ်။ ငုတ်တုတ်ကြီးလည်း ထိုင်နေတတ်တယ်။ ပက်လက်ကြီးလည်း စန့်နေတတ်တယ်။ သစ်ကိုင်းဖျားမှာ စောက်ထိုးကြီးလည်း တွဲလွဲခိုနေတတ်သေးတယ်။ သူ့ရဲ့အဓိကတာဝန်ကတော့ သူ့ဆရာပေးတဲ့အမိန့်အတိုင်း တစ်သဝေမတိမ်းလိုက်နာဖို့ပါပဲ။ မတ်တတ်ဆို မတ်တတ်၊ ငုတ်တုတ်ဆိုငုတ်တုတ်၊ တုပ်တုပ်မှ မလှုပ်၊ ခိုင်းတဲ့အတိုင်းလုပ်ရမှာက သူ့အလုပ်ပဲလို့များ ခံယူထားလေသလားမသိပါဘူး။ ထားရာမှာနေ၊ စေရာမှာသွား၊ ကြားတဲ့အတိုင်းမှတ်၊ ရပ်ဆိုရပ်၊ ထိုင်ဆိုထိုင်၊ ဒီစတိုင်ပဲ ကိုယ်နဲ့သင့်တော်ပါတယ်လေလို့များ ခံယူထားလေသလား မပြောတတ်ပါဘူး။

ခိုင်းတဲ့အတိုင်းတော့လုပ်ပါရဲ့။ ထားတဲ့အတိုင်းတော့နေပါရဲ့။ ခက်တာက သူ့ဦးနှောက်နဲ့သူ နည်းနည်းလေးမှ စဉ်းစားပြီး မလုပ်တတ်ဘူး။ သူ့ကို ဘာရည်ရွယ်ချက်နဲ့ စပါးခင်းထဲ ပို့ထားတာလဲဆိုတာ သူစိတ်မဝင်စားဘူး။ သူဘာ့ကြောင့် နေကြာခင်းထဲ ရောက်နေရတယ်ဆိုတာ သူမတွေးတတ်ဘူး။ ယုတ်စွအဆုံး သူရှိနေရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်တဲ့ စပါးခင်း၊ ပဲခင်းကိုလာစားမယ့် စာတွေ၊ ခိုတွေ၊ ကြက်တူရွေးတွေကို      ခြောက်လှန့်မောင်းနှင်ဖို့ဆိုတာလောက်ကိုတောင် သူမသိတော့ဘူး။

သူမသိဘူး။ သူမတွေးဘူး။ သူ မစဉ်းစားနိုင်ဘူး။ ဘယ်စဉ်းစားနိုင်ပါ့မလဲ၊ သူ့ခေါင်းထဲမှာ ဦးနှောက်မှ မရှိတာလေ။ အလွန်ဆုံးရှိလှ ကောက်ရိုးပေါ့။ တချို့က ကောက်ရိုးလေး တစ်မျှင်တောင်ရှိတာမဟုတ်ဘူး။ ဟာလာဟင်းလင်းကြီးမှ တကယ့်ဟာလာဟင်းလင်းကြီး။ ဟာလာဟင်းလင်းကြီးကို အိုးလေးတစ်လုံး စွပ်ထားပြီး ခေါင်းရှိချင်ယောင်ဆောင်နေတာ။ ခက်တော့ခက်ပါရဲ့လေ။ ခေါင်းထဲမှာ ကောက်ရိုးပဲရှိတဲ့သူကို ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားစေချင်နေတာဆိုတော့ သူ့အလွန်လား၊ ကိုယ့်အလွန်လား ခွဲခြားဖို့တောင် ခပ်ခက်ခက်ပဲ။ ကိုယ့်အမှားပဲ ရှိပါစေတော့လေ။

ဟေး၊ ဟေး၊ ဟိုး၊ ဟိုး၊ ဟူးလေ့လေ့လေ့နဲ့ ကိုယ်ကဘယ်လောက်ပဲကြိုးစားပန်းစား အော်ဟစ်ပြီး စာတွေ၊ ကျေးတွေမောင်းနေမပေမဲ့ ကိုယ်ကသာ ဖတ်ဖတ်မောနေရ၊ သူကတော့ တုဏှိဘာဝေ ဆိတ်ဆိတ်နေနိုင် လွန်းပါဘိ။ ဣန္ဒြေကြီး တစ်ခွဲသားနဲ့ သမာဓိမြဲနိုင်လွန်းပါဘိ။ ကြည့်ရတာ ဒီအလုပ်တွေက သူနဲ့မဆိုင်ဘူးလို့ ခံယူထားပုံပါပဲ။

ဖုံးဖုံးလုံးလုံး တန်ဆောင်မုန်းတဲ့။ သီတင်းကျွတ်လပြည့်ကျော်ဘက်၊ တန်ဆောင်မုန်းလဆန်းဘက်ဆိုရင် စပါးခင်းက အနံ့လေးတွေမွှေးနေပြီ။ အနှံလေးတွေထွက်တော့မယ်နော်လို့ စပါးပင်တွေက လက်တို့ပြီးမပြောပေမယ့် ပြောသလိုလို ရှိနေကြပြီ။ အချိန်တန်တော့လည်း ပြူတစ်ပြူတစ်နဲ့ ထွက်လာကြပြီ။ ဝတ်ရည်လေးတွေလည်း စပါးစေ့ထဲမှာ မခဲတခဲရှိနေကြပြီ။ ဒီအချိန်ဆို မရွှေစာတို့က အကြိုက်ပေါ့။ အုပ်လိုက်ကြီး ပျံချလာပြီး ကျလို့ကျလီ စလို့စလီ တီတီတာတာတွေမြည်သံပေးပြီး ပြေးရင်းလွှားရင်း၊ နားရင်းခိုရင်း၊ ပျံရင်းသန်းရင်းနဲ့ စပါးနှံထဲက ဝတ်ရည်ကို စုပ်ကြတာများ ခြောက်သာ မထုတ်နိုင်လို့ကတော့ လယ်တစ်ခင်းလုံးမှာ အကောင်းတစ်နှံတောင်ကျန်မယ်မထင်ဘူး။ ဒီတော့ ခြောက်ရပြီ၊ လှန့်ရပြီ၊ မောင်းရပြီ၊ နှင်ရပြီ။

မိုးမလင်းခင်က ပျိုးခင်းဝင်ရတယ်ဆိုတဲ့အတိုင်း ချမ်းချမ်းစီးစီး အညာဆောင်းရဲ့ နှင်းငွေ့မြူငွေ့တွေ ကြားမှာ အတင်းတိုးရင်း လယ်ထဲအမြန်ဆင်းနိုင်ဖို့ သုတ်ခြေတင်ရတယ်။ မဟုတ်ရင် မရွှေစာတို့ လက်ချက်နဲ့ အကုန်တက်တက်ပြောင်မှာလေ။ နှင်းကြားမြူကြား တိုးရတော့ လူမိုက်နှင်းတိုးဆိုတဲ့ စကားလေးကိုလည်း သတိရမိပြန်တယ်။ နှင်းတွေကတစ်ညလုံးရွှဲရွှဲစိုအောင်ကျထားတဲ့အချိန်၊ နေရောင်မလာသေးလို့ နှင်းလည်းမကွဲသေးတဲ့ အချိန်၊ ဒီအချိန်ကြီး စာမောင်းဖို့ထအလာ၊ လမ်းမှာကလည်း ပဲစင်းငုံခင်းတွေ၊ ပြောင်းခင်းတွေနဲ့၊ ရှောင်နေကွင်းနေဖို့ကလည်း အခက်။ မထူးပါဘူးလေဆိုပြီး ဇွတ်တိုးလိုက်လို့ကတော့ အခင်းဟိုဘက်မရောက်ခင် တစ်ကိုယ်စွတ်နှစ်ကိုယ်စွတ်မက ရွှဲရွှဲစိုရော့။ တောထဲလူတွေအဖွဲ့လိုက်ကြီးသွားကြရင် လူလည်လူနပ်တွေက နောက်ဆုံးကကပ်လိုက်ကြတာ။ ရှေ့ကလူတွေကြောင့် သူ့အပေါ်နှင်းအရွှဲ သက်သာအောင်ပေါ့။ မိုက်တဲ့သူရှေ့ကတိုးပေါ့။ ကိုယ်တစ်ယောက်ထဲဆိုမှတော့ ကိုယ်ပဲရှေ့က တိုးလိုက်ရုံပေါ့လေ။

တောရောက်တော့ ဘတ်ကလေးတစ်စင်းနဲ့ ဟိုဟိုဒီဒီ ရမ်းရပစ်ရတယ်။ ထန်းလက်ရဲ့ ဖောင်းကားနေရာ အလွန်လောက်ကို မှန်းပစ်လိုက်ရင် ဖောင်းခနဲမြည်တယ်။ ဖောင်းခနဲမြည်တော့ မရွှေစာတို့ လန့်ဖျတ်ပြီး ဝေါခနဲထပျံကြရော။ ကုလားတက်ကလေးတစ်ခုနဲ့ တောက်တောက်တက်တက် အဆက်မပြတ် ခေါက်နေရတယ်။ သံပုံးကလေး၊ သွပ်ပုံးကလေးရှိပြန်တော့လည်း တဂျမ်းဂျမ်း တဗိန်းဗိန်းနဲ့ ရိုက်ရနှက်ရပြန်တယ်။ ဒါနဲ့တင် အားမရတော့ ဟိုးဟိုးဟေးဟေးနဲ့ ပါးစပ်က မြည်သံပေးရတာများ ခုနစ်သံချီထက်လွန်ပြီး ရှစ်သံကိုးသံအထိများ ရောက်သွားမလားမပြောတတ်ပါဘူး။

ဝတ်ရည်ဖွဲ့ချိန်မှာ မရွှေစာတို့ကို ကြောက်ရသလို အနှံတွေငိုက်ပြီး လယ်ယာမြေရွှေရောင်ဝင်းနေချိန် ကျပြန်တော့လည်း ကိုရွှေကျေးတို့ကို လန့်ရပြန်သေးတာ။ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ခြောက်ရလှန့်ရတာက လူရှိတုန်းပဲလုပ်နိုင်တာလေ။ လူမရှိချိန် အလစ်အငိုက်ကိုချောင်းနေတဲ့ ငှက်အုပ်ကြီးတွေက တစ်ခါတစ်ခါ အချိန်မဟုတ်၊ အခါမဟုတ် ဝင်ဝင်စားကြသေးတာကိုး။ ဒီတော့ လူမရှိချိန်မှာ နည်းနည်းလေးမှ အဟန့်အတားလေး ရလိုရငြားဆိုပြီး သူ့ကိုထားခဲ့ရတာပေါ့။

တုတ်ရှည်ရှည်လေး တစ်ချောင်းမြေမှာစိုက်၊ တုတ်လေးတစ်ချောင်းက အပေါ်မှာ ကန့်လန့်ထားပြီး လျှော်နဲ့တုပ်၊  ကောက်ရိုးကလေးတွေနဲ့ ပတ်ပတ်လည်စုချည်၊ ပုဆိုးစုတ်၊ အကျႌစုပ်လေးတွေပတ်၊ ခေါင်းအတွက်က တုတ်ချောင်းထိပ်မှာ မြေအိုးလေးတစ်လုံးမှောက်။ မြေအိုးဖင်မှာ မြေဖြူလေးတွေ၊ မီးသွေးလေးတွေနဲ့ ကာလာစုံသွင်းပြီး ၀ိသုကြုံရှုံးအောင်ဖန်ဆင်းလိုက်တော့ စာခြောက်ရုပ်ဆိုတာများ မြင်မြင်သမျှ ဖျားသွားမယ်လို့တောင် ကြုံးဝါးနိုင်လောက်ပါပေရဲ့။  အပြောကျယ်တဲ့ စပါးခင်းအလယ်မှာ ခန့်ခန့်ကြီး ရပ်နေလိုက်တာများ စစ်သူကြီးမဟာဗန္ဓုလတောင် ရှုံးရလောက်တဲ့ ကိုယ်နေဟန်ထားမျိုး။

သူ့ဆရာစွမ်းရင် စွမ်းသလောက် သူ့ဥပဓိက ကြောက်ဖွယ်လိလိရှိနေတတ်တာ။ ကောက်ရိုးသက်သက်နဲ့ ချိုးထားတာတွေရှိသလို ကောက်ရိုးနဲ့မြက်၊ ကောက်ရိုးနဲ့သစ်ရွက်၊ ကောက်ရိုးနဲ့အဝတ်ပေါင်းစပ်ပြီး ဉာဏ်ရှိသလို လက်စွမ်းပြထားကြတာမျိုးလည်း ရှိလေရဲ့။

စပါးခင်းမှာ စာမောင်းရသလို မြေပဲခင်းကျ ပြန်တော့လည်း ခိုတွေ၊ ကျီးတွေကြောက်လို့ ခြောက်လှန့်အော်ဟစ်ရပြန်ရော။ ဆွယ်လေးတွေချလို့ ဥလေးမှ ဥမယ်မကြံသေးဘူး အပင်ခြေမှာ ခြေနဲ့ယက်ဖြဲပြီး ခိုတွေကျီးတွေက ဖော်စားကြလှပြီ။ နံနက်တိုင်း၊ ညနေတိုင်း တဝုန်းဝုန်း တဗုန်းဗုန်းနဲ့ ခြောက်ရမောင်းရပြီပေါ့။ ကိုယ့်အခင်းကျယ်ရင်ကျယ်သလောက် ဟိုထိပ်ဒီထိပ်ပြေးပေဦးရော့။ ဟိုး၊ ဟဲ၊ ဟူးနဲ့ အော်မြည်မောင်းထုတ်ပြီး ကိုယ်ပြန်လာချိန်မှာ အစောင့်အဖြစ်ထားခဲ့တာက သူ့ကို။

နေပူပူမှာ ခေါင်းပြောင်ပြောင်ကြီးနဲ့ မဟုတ်သေးပါဘူးလေဆိုပြီး တစ်ခါတစ်လေတော့ မြေအိုးပေါ်မှာ ၀ါးဖက်ခမောက်ကြီး တစ်ချပ်တင်လို့။ သူ့ရဲ့အခြံအရံတွေကတော့ ဗီဒီယိုတိတ်ခွေအပျက်၊ ကက်ဆက်တိတ်ခွေ အပျက်တွေကရလာတဲ့ တိပ်မည်းမည်းပြောင်ပြောင်တွေ။ ဒီအပင်ကနေ ဟိုအပင်၊ ဟိုအပင်ကနေ သူ့လက်မောင်းပေါ်၊ ပင့်ကူအိမ်ဖွဲ့သလို တိတ်တွေနဲ့တန်းထားတယ်။ ပလပ်စတစ် အိတ်ခွံတွေ ခပ်ကျဲကျဲချိတ်လိုက်တော့ လေအဝှေ့မှာ အိတ်တွေကတလွင့်လွင့်၊ တိတ်တွေက တလက်လက်နဲ့ ရုတ်တရက်မြင်ရတဲ့ ငှက်ကလေးတွေအတွက်တော့ စုန်း၊ တစ္ဆေ၊ မြေ ဘုတ်ဘီလူး ခိုဝင်ပူးကပ်နေသလိုလို။ တချို့ကျတော့လည်း နို့ဆီဘူးခွံနဲ့၊ သားရေကွင်းနဲ့၊ သွပ်ပါးပါးကိုညှပ်ထားတဲ့ လေဒလက်နဲ့ ညှပ်တုပ်ပြီး ပုခုံးပေါ်တင်ထားလိုက်တော့ လေတိုက်တိုင်း တတက်တက်မြည်သံပေးနေတော့တာ။

ထားခဲ့တဲ့အတိုင်းလည်း မလှုပ်မယှက်နေနေခဲ့ပါရဲ့။ ဣရိယာပုတ်မပြောင်းဘဲလည်း ဇွဲတင်းနေခဲ့ပါရဲ့။ မြင်ခါစမှာ စာတွေ၊ ကျီးတွေကလည်း လန့်ခဲ့ကြပါရဲ့။ ရုတ်တရက်ထပျံခဲ့ကြပါရဲ့။ နောက်တော့လည်း သူတို့စဉ်းစားကြမှာ ပေါ့လေ၊ စူးစမ်းကြမှာပေါ့လေ။ နေစမ်းပါဦး၊ သေချာကြည့်ပါဦး။ မတုန်မလှုပ်၊ ကျောက်ရုပ်ကြီးလိုနေနေတဲ့သူက ဘာမှပြန်မလုပ်နိုင်မှန်းလည်းသိရော အနားကိုရစ်သီရစ်သီ လုပ်လာကြတယ်။ အနီးကပ်ပျံဝံ့ကပ်ဝံ့လာကြတယ်။ ဒါတင်မကသေးဘူး။ တစ်ခါတစ်ခါ သူ့ပုခုံးပေါ်၊ သူ့ခေါင်းပေါ်ကိုတောင် နားဝံ့လာကြတယ်။ ယုတ်စွအဆုံး၊ သူ့အပေါ်ကိုတောင် မစင်စွန့်ချဝံ့လာကြတယ်။

စာတွေ၊ ခိုတွေ၊ ကျီးတွေကြားမှာ ဒီသတင်းက တောမီးလိုများ တဟုန်ထိုးပျံ့သွားလေသလားမသိ။ သူ့ကိုထားခဲ့ပြီးရက်တွေ သိပ်မကြာခင်မှာပဲ သူကသာရကာငှက်ကျေးတွေနဲ့ အရောတဝင်ဖြစ်နေတော့တယ်။ သူ့အနားမှာ စာတွေ၊ ခိုတွေ အုပ်လိုက်ဝိုင်းနေတော့တယ်။ ဒါကို သူကလည်း သူ့ကိုဝန်းရံနေကြတယ်ထင်လို့ကျေနပ်နေပုံမျိုးနဲ့ တုတ်တုတ်မှ မလှုပ်၊ ယုတ်စွအဆုံး ချောင်းလေးတစ်ချက်တောင်မဟန့်၊ စန့်စန့်ကြီးသာ ရပ်မြဲအတိုင်းရပ်နေတယ်။ သူ့ကို ယာထဲကိုင်းထဲထားခဲ့တာ စာမောင်းဖို့ဆိုတဲ့ မူလဘူတရည်ရွယ်ချက်ကိုတောင် မေ့သွားပုံပါ။ မေ့မှာပေါ့လေ၊ သူ့ခေါင်းထဲမှာက ဦးနှောက်မှမရှိတာကို။ ဦးနှောက်မပါတဲ့ခေါင်းပိုင်ရှင်ကို စဉ်းစားခန်း ဝင်စေချင်နေတာကိုက ကိုယ့်အမှားပဲဖြစ်မယ်ထင်ရဲ့။

သူ့တာဝန်သူတော့ ထမ်းနေပါရဲ့။ မျက်လုံးကြီးပြူးလို့၊ လျှာကြီးထုတ်လို့၊ လက်ကြီးတွေကားလို့။ ခက်တာက သူဘယ်လောက် ခြောက်ခြောက် ဘယ်သူမှ မကြောက်ကြတော့ဘူး။ သူဘာမှပြန်မလုပ်နိုင်မှန်း အကုန်သိကုန်ကြပြီ။ လျှို့ဝှက်သတင်းက ပေါက်ကြားကုန်ပြီ။ အနားကိုကပ်ပျံပြီး မခံချင်အောင် စတဲ့သူကစ၊ ပုခုံးပေါ်လာနားပြီး စိန်ခေါ်တဲ့သူက ခေါ်၊ သူ့ခေါင်းပေါ်မစင်စွန့်ပြီး အချစ်စမ်းတဲ့ သူကစမ်း။ သူ့ခမြာလည်း ရှက်သွေးများဖြန်းနေလေမလား မပြောတတ်ပါဘူး။

လယ်တောမှာလည်း သူနေတယ်၊ ယာတောမှာလည်း သူနေတယ်၊ စပါးခင်းမှာလည်း သူနေတယ်၊ မြေပဲခင်းမှာလည်းသူနေတယ်။ အခင်းတကာမှာ သူနေတယ်။ သူနေတာက မလှုပ်မယှက်၊ မတ်တတ်ကြီးရပ်လို့၊ ပါးစပ်ကြီးဖြဲလို့၊ သွားတွေကကျဲလို့၊ လက်နှစ်ဘက်က ဘေးမှာစန့်စန့်ကြီးတန်းလို့။ လေအဝှေ့မှာ သူ့အကျႌ၊ ပုဆိုးတွေက တဖျပ်ဖျပ်လွင့်လို့။ မြင်ရပုံက မထိတ်သာ၊ မလန့်သာရှိလိုက်တာ။ မင်းကုသထက်နှာတစ်ဖျားသာတဲ့ ဥပဓိမျိုးနဲ့။ ခက်တာကသူ့ခေါင်းထဲမှာ ဦးနှောက်မရှိဘဲ ကောက်ရိုးတွေချည်း ရှိနေပြန်သတဲ့။

စာခြောက်ရုပ်ကလေး ဖြစ်ရပုံတွေရယ်ပါ။

Most Read

Most Recent