ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရှေးဟောင်းမွေတော် စေတီတော်များတည်ရှိရာ ခြောက်နေရာ

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရှေးဟောင်းမွေတော် စေတီတော်များတည်ရှိရာ ခြောက်နေရာ
Published 1 November 2021
လျှပ်စီး

ကက္ကူမွေတော်စေတီစုဘုရားများကို ဖူးတွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှေးနှစ်ထောင်ပေါင်းများစွာကပင် တည်ထားကိုးကွယ်ခဲ့သော မွေတော် စေတီစု စေတီတော်များ အများအပြား တည်ရှိပါတယ်။ အထူးသဖြင့် ထင်ရှားကျော်ကြားသည်မှာ ပအိုဝ်းဒေသမှ ကက္ကူမွေတော်စေတီစုဘုရားများ၊ ညောင်ရွှေ မြို့နယ် အင်းတောင်ပိုင်း စံကားဒေသမှ တာခေါင်မွေတော် စေတီစုဘုရားများ၊ ညောင်ရွှေ မြို့နယ် အင်းတောင်ပိုင်းရှိ သမိုင်းဝင် ရွှေအင်းတိန်စေတီတော်များ၊ မိုးနဲမြို့ရှိ ရှေးဟောင်း စေတီတော်များ၊ ပင်းတယ ရွှေဥမင်လိုဏ်ဂူ စေတီတော်များ၊ ရွှေညောင်မြို့မှ အရိပ်မပေါ် မွေတော်ဘုရား လွယ်မိုင်းစဉ်တောင်တော် တို့ပဲ ဖြစ်ပါတယ်။

ဒါအပြင် လူသိနည်းနေသေးသော ရှေး ဟောင်းမွေတော် စေတီတော်များစွာ ကျန်ရှိ နေသေးပါတယ်။ ရာဇဝင်အရ အလောင်းမင်း တရားကြီးသည် စီးတော်ယာဉ် လှေဦး၊ ဖောင် တော်ဦးတွင် ဆင်းတုတော်များကို ပင့်ဆောင် လာစဉ် လမ်းတစ်လျှောက် တည်ထားကိုးကွယ် ခဲ့သော ရှေးဟောင်းမွေတော် ဘုရားများလည်း ရှိပါသေးတယ်။

■ သမိုင်းဝင် ရွှေအင်းတိန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျေးပေါခုံကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် ရွှေအင်းတိန်ဘုရားကို သာသနာတော်နှစ် ၂၀၀ ခုနှစ်ကျော်ခန့်တွင် ပါဋလိပုတ် ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီး တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး အနော်ရထာမင်းက ရှေးဦးစွာ ပြုပြင်ထပ်ဆင့်တည်ထား၍ ထပ်မံ ပြုပြင်ခဲ့သော မင်းများမှာ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်း ခေါင်၊ ဆင်ဖြူရှင်မင်းတို့ဖြစ်ကြောင်း သိရပါ တယ်။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်မြတ် စွာဘုရားကြီးတွင် အရန်စေတီတော် အဆူ ပေါင်း ၁၀၅၄ ဆူ ရှိပြီး အဆူပေါင်း ၇၀၀ ကျော် ခန့်မှာ ပြုပြင်ပြီးစီးခဲ့ပြီး ထပ်မံ၍ ပြုပြင်ရန် စေတီတော်ပေါင်း ၃၀၀ ကျော် ကျန်ရှိနေသေး ခြင်းဖြစ်ကြောင်း၊ တစ်နှစ်လျှင် စေတီအဆူ ပေါင်း ၂၅ ဆူခန့် ပြင်ဆင်ခွင့်ကို ရှေးဟောင်း သုတေသန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဘုရားဂေါပကအဖွဲ့က ကြီးကြပ်ရုံမျှသာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့အတွင်းရေးမှူးက ပြောပါတယ်။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် ဘုရားသို့ ညောင်ရွှေမြို့၊ အင်းလေးဒေသ၊ အနောက်ဘက် အင်းပတ်လမ်းအတိုင်း သွားရ ပြီးတောင်လေးလုံးလမ်းဆုံမှ ရွှေအင်းတိန် ဘုရားသို့ ၂၂ မိုင် ကတ္တရာလမ်းဖြင့် လည်း ကောင်း၊ အောင်ပန်းမြို့မှ ရွှေအင်းတိန် ဘုရားကြီးသို့ ၂၄ မိုင်၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်းဖြင့် လည်းကောင်း၊ ညောင်ရွှေမြို့မှ ရွှေအင်းတိန်ဘုရားကြီးသို့ ၁၆ မိုင်၊ ရေလမ်း ခရီး စက်လှေဖြင့် လည်းကောင်း ဖူးမြော်နိုင် ကြောင်း သိရပါတယ်။

အင်းလေးကန်၊ ဖောင်တော်ဦးမြတ်စွာ ဘုရားဒေသစာရီ ကြွချီလှည့်လည်အပူဇော်ခံပွဲ ပထမနေ့တွင် ညောင်ရွှေ မူလစံကျောင်းတော် မှ ရွှေအင်းတိန် ဘုရားကျိန်းကျောင်းတွင် တစ်ညတာ ကျိန်းစက်အပူဇော်ခံထားရှိခြင်း ဖြစ်ပြီး ရေလမ်းခရီးကျဉ်းသဖြင့် ကရဝိက်ဖောင်တော် အငယ်ဖြင့်သာ ကြွချီခြင်းဖြစ်ကာ ရေလမ်း ကျယ်သော ကျေးရွာအရောက်တွင်မှ ဖောင်တော်အကြီးဖြင့် ပြောင်းလဲပင့်ဆောင်တော် မူခြင်းဖြစ်ကြောင်း သိရပါတယ်။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်ဘုရားကြီး၌ သီတင်းကျွတ်နှင့် ကဆုန်လတို့ တွင် နှစ်စဉ် ဗုဒ္ဓပူဇနိယဆွမ်းကြီးလောင်း လှူပွဲတော် နှစ်ပွဲကျင်းပလေ့ရှိပြီး သီတင်းကျွတ် လပြည့်ကျော် ၇ ရက်တွင် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ၈ ရက်တွင် ဆွမ်း၊ ဟင်းလျာ တို့ဖြင့် နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် လောင်းလှူပူဇော် ကျင်းပလျက်ရှိကြောင်း သိရပါတယ်။

တာခေါင်မွေတော်ဘုရား

စကားရှေးဟောင်းသမိုင်းဝင်ဘုရား၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ စကားမြို့နှင့် စကားငါးရက်စျေးနှင့် သာခေါင်စေတီစုများ၊ သာယာကုန်းရွာ အရက်ဖိုတို့ကို လည်ပတ် နိုင်ပါတယ်။ စကားရွာမှာ ရှေးဟောင်း သမိုင်း ဝင် ဘုရားပေါင်း ၁၂၀ ဆူ ရှိပြီးတော့ သာခေါင် ရွာ ရှေးဟောင်း သမိုင်းဝင်ဘုရားပေါင်း ၂၃၆ ဆူရှိကာ သာခေါင်ဆွမ်းလောင်းပွဲကို နတ် တော်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပလေ့ ရှိမြဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး ခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ရှမ်း၊ အင်း၊ ပအိုဝ်း တိုင်းရင်းသားများ နေထိုင်ရာ စံကားရွာသည် တိမ်မြုပ်နေသော ရှေးဟောင်း မြို့ဟောင်း ကျေးရွာတစ်ရွာအဖြစ် ထင်ရှားပြီး ရှေးဟောင်း ယဉ်ကျေးမှု ဘုရားစေတီများစွာ ရှိပါတယ်။ စံကားတွင် တာခေါင်မွေတော်စေတီစု တည်ရှိပြီး ကက္ကူမွေတော် ဘုရားကဲ့သို့ပင် ယွန်းရှမ်းများ၏ လက်ရာ ရှေးဟောင်းဗိသုကာ အမွေအနှစ်များကို လေ့လာနိုင်ပါတယ်။ စံကားမြို့ဟာ အေဒီ ၁၄၇၉ ခုနှစ်တွင် ထိုင်း နိုင်ငံချင်းဟိုင်းကို အုပ်စိုးသော စော်ဘွား ညီ တော် ဗရားလိုင်း ၊ နောက်ပါများက အခြေချခဲ့ ကြောင်း မှတ်တမ်းအရ သိရပါတယ်။ ခရစ် သက္ကရာဇ် ၁၇၉၀ ခုနှစ်တွင် အိမ်ခြေ ၁၉၆၀ နီးပါးရှိသော စံကားမြို့ဟာ စည်ပင် တိုးတက် ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်ခန့်မှာ မိုးဗြဲရေလှောင် တမံ တည်ဆောက်ခြင်းကြောင့် စံကားမြို့ တော် တစ်ဝက်ကျော် ရေဖုံးလွှမ်းခဲ့ပြီး ကျေးရွာ ပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရကာ စံကားအင်း နဲ့ ဖယ်ခုံအင်း ဖြစ်လာပါတယ်။

■ လက်ကျန်အမွေအနှစ် ရှေးဟောင်းကက္ကူမွေတော်ဘုရား

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ နယ်ရှိ ယခင်ကကျောက်တစ်လုံးကြီး မြို့နယ် ခွဲ၌ရှိသော ရှေးဟောင်းမွေတော် ကက္ကူ ဘုရားစေတီများကို မြန်မာနိုင်ငံမှာသာမက ကမ္ဘာပေါ်မှာပါ ထင်ရှားကျော်ကြားတဲ့ ရှေး ဟောင်းအမွေအနှစ် တစ်ခုလည်း ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အောင် ထိန်း သိမ်းခြင်း ပြုပြင်ခြင်းတွေနဲ့ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းကိုတင်သွင်း နိုင်ဖို့ ကြိုးစားရမှာလည်းသမိုင်းပေး တာဝန် တစ်ရပ် ဖြစ်ပါတယ်။

မွေတော်ကက္ကူသည် ပအိုဝ်းဘာသာ စကား ကက်ကူ၊ ကက် = စခန်း၊ ကင်းစခန်းနှင့်၊ ကူ= နယ်ခြား ဖြစ်သည်။ နယ်ခြားစခန်းက ဘုရားစေတီစုများ ဖြစ်သည်ဟု ပအိုဝ်းလို အနက်အဓိပ္ပာယ် ရှိကြောင်းသိရပါတယ်။

မွေတော် ကက္ကူဘုရားစေတီတော်များ ကို မည်သည့် ခုနှစ်ကမည်သည့် အလှူရှင်ကတည်ထားကိုးကွယ်ခဲ့သည်ကို မည်သူမှ အတိ အကျ မသိရှိကြချေ။ ရှေးနှစ်ထောင်ပေါင်း များစွာကတည်းက တည်ရှိလာခဲ့ပြီး ပြုပြင် မွမ်းမံရာတွင်လည်းမူလအလှူရှင် အမှူးပြု၍ ဟုသာကမ္ပည်းရေးထိုးနိုင်တော့ကြောင်းသိရပါတယ်။ ကက္ကူစေတီစုဟာ မြန်မာပြည်မှာရှိတဲ့ တခြားစေတီစုတွေနဲ့ မတူပါဘူး။ စေတီအဆူ ပေါင်းထောင်ချီပြီး တစ်စုတစ်ဝေးတည်း တည် ရှိကာမိုးညှင်းသမ္ဗုဒ္ဓေတို့လို ပြီးရင် မွေတော် ကက္ကူဘုရားမှာပဲရှိပါတယ်။

မွေတော် ကက္ကူဘုရားရှိရာ ကက္ကူနေရာသည် ဆီဆိုင်စော်ဘွားနယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်တွင် ဖြစ်နေသောကြောင့် ရှေးယခင်ကတစ်နယ်နှစ် တစ်နယ် အစပ်ဖြစ်တဲ့  နယ်ခြားဒေသ ဖြစ်တာကြောင့် နယ်စပ်မှာ ရှိသောဘုရားလို့ ပအိုဝ်းလိုခေါ်ရာကနေ ကက္ကူဘုရား ဖြစ်လာပုံရသည်ဟုဆိုကြပါတယ်။ လက်ရှိ ပအိုဝ်းဒေသ ပအိုဝ်းတိုင်းရင်းသား အများဆုံးနေထိုင်သော နေရာတစ်ခုဖြစ်တာကြောင့် ကက္ကူကို ပအိုဝ်းဘာသာ စကားလို့ပဲဒေသခံတွေကယုံကြည်နေကြပါတယ်။

မွေတော်ကက္ကူမွေတော် ဘုရားသည် နှစ်ပေါင်းထောင်ကျော် ကြာမြင့်ပြီး ရှေးခေတ် ယွန်းလူမျိုးများ၏ လက်ရာဟုသက်ကြီးစကား သက်ငယ်ကြားအဖြစ် လေ့လာမှတ်သားရဖူး ပါတယ်။ ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်း အစကို မြန်မာသမိုင်းဆရာစာပေပညာရှင် များရေးသားချက်များကို ခန့်မှန်းရာပုဂံခေတ် အလောင်းစည်သူမင်း(၁၁၇၄-၁၂၁၁) ဖောင် ဆိုက်ရာမှ တည်ထားကိုးကွယ်သည်ဟု သိရ ပါတယ်။ ပအိုဝ်းမှတ်တမ်းများအရ နရပတိ စည်သူမင်းတည်ထားသည် သို့မဟုတ် ပြန် လည် ပြုပြင် မွမ်းမံသည်ဟုဆိုပြန်ပါတယ်။ ပါးစပ်ရာဇဝင်များအရ မွေတော် ကက္ကူဘုရား သည် ဗုဒ္ဓဘာသာ၊ သာသနာပြုသူရဲကောင်း မင်းကြီး ဖြစ်တော်မူသော သီရိဓမ္မာသောက မင်းကြီးရဲ့ ရှစ်သောင်းလေးထောင် ၈၄၀၀၀ စေတီစုများထဲမှ တစ်ခုဖြစ်တယ်လို့လည်း ဆိုကြပြန်ပါတယ်။

မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏ သီဆိုတာလိုပဲ ရှမ်းပြည်နယ်မှာရှိတဲ့ ရှေး ဟောင်း မွေတော် ဘုရားစေတီ၊ ဂူပုထိုးတွေ အတော်များများကတော့ သီရိဓမ္မာသောက မင်းကြီးရဲ့ ကုသိုလ်တော်တွေလို့ ဆိုကြပါ တယ်။ ဒါ့အပြင် နည်းနည်းလေး ပုဂံခေတ် ကိုရောက်လာပြန်ရန် မြန်မာနှစ် ၁၁၀၀ ခုနှစ် ကျော်လောက်က အလောင်းစည်သူမင်းလို့လည်းဆိုကြပြန်ပါတယ်။

သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြု လုပ်ငန်းနဲ့ ဆက်စပ်နေသောထူးခြားသော အရာ ဖြစ်စဉ် ခြောက် ခုရှိပြီး ထိုအရာများမှာ ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်း ဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာ ဟောင်းနှင့် သိမ်နေရာဟောင်းတို့ပဲ ဖြစ်ကြ ပါတယ်။

စေတီတော် သွင်ပြင် လက္ခဏာ

ကက္ကူ မွေတော် ဘုရားမှာစေတီတော် ပေါင်း ၂၄၇၈ ဆူရှိပြီး အတွင်းမှာဆုတောင်း ပြည့် အာသောကစေတီတော်ကြီးတည်ရှိကာ ပတ်ပတ်လည်မှာစေတီတော် ငယ်ပေါင်းအုပ်စု ဖွဲ့၊ အုပ်စုဖွဲ့ကာ ထောင်ပေါင်းများစွာတည် ထားကိုးကွယ်ခြင်း ဖြစ်ပါတယ်။ အဆိုပါ စေတီ တော်များကို ကြည့်ခြင်းဖြင့် ရှေးအနုပညာ လက်ရာများ၊ ရှေးခေတ်အရုပ်များကို ကြည့် ခြင်းဖြင့် ထိုခေတ်၏ ဝတ်စားဆင်ပုံများ၊ ယဉ် ကျေးမှု အဆင့်အတန်းနှင့် နောက်ခံသမိုင်း ကြောင်းတို့ကိုတစ်စိတ် တစ်ပိုင်းလေ့လာခွင့် ရမှာ ဖြစ်ပါတယ်။

မွေတော်ကက္ကူစေတီတော်နှင့် သဘာဝဘေးအန္တရာယ်

သမိုင်းဝင် မွေတော် ကက္ကူ စေတီတော် တွင် ၂၀၁၅ ခုနှစ် မေလမှာ တစ်ကြိမ် လေပြင်းတိုက်ခတ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက် ညဘက်မှာလည်းလေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်ရဲ့ သုံးပုံ နှစ်ပုံလောက် ပျက်ယွင်းခဲ့ရတယ်လို့ သိရတယ်။ လွန်ခဲ့သော ၂၀၁၅ ခုနှစ် မေလတွင်လည်းတစ်ကြိမ် ဖြစ်ဖူး ပြီး မိုးသက်လေပြင်းကြောင့် စေတီ ၃၈ ဆူ ပျက်စီးကာ တစ်လ နှစ်လအတွင်း ပြန်လည် ပြုပြင်ခဲ့ကြောင်း၊ ယခုအကြိမ် ပျက်စီးခြင်း သည် ဆုံးရှုံးမှုများကြောင်း သိရပါတယ်။

ပင်းတယ ရွှေဥမင် သဘာဝလိုဏ်ဂူဘုရား

ရှေးဟောင်းဒဏ္ဍာရီလာအရ “ပင့်ကူရ” မှ ဆင်းသက်လာသည်ဟု ဆိုကြပြီး တောင်ခြေ တွင် နတ်သမီး ခုနစ်ဖော် ရေကစားခဲ့သည်ဟု ဆိုသော ပုန်းတလုတ်ရေကန်လည်း တည်ရှိပါ တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၇၀ ပေတွင် တည်ရှိပြီး ဂူရဲ့ အရှည်ဟာ ပေ ၄၉၀ ဖြစ်ကာ အမြင့်ဆုံး နေရာ ပေ ၁၅၀ မြင့်ပြီး ဂူ ထဲတွင် ဗုဒ္ဓဆင်းတုတော်၊ ရုပ်ပွားတော် ၈၀၀၀ ကျော် ခန့် ရှိပါတယ်။

ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူတော် ဘုရားသည် တောင်တန်း၏ တောင်ကြောပေါ် တွင် တည်ထားခြင်းဖြစ်ကာ တောင်ကြောမှာ ဂူပေါက် သုံးပေါက် ရှိပြီး ဘယ်ဘက်အပေါက်ဝ (ဓာတ်လှေကားဘက်) ရှိတဲ့ နေရာကို အဓိက လည်ပတ်ကြပါတယ်။ ညာဘက်မှာ ကျောင်း ဆောင်ကြီးနဲ့ ဘုန်းတော်ကြီးကျောင်းတွေ စေတီတော်တွေနဲ့ တခြားဂူတွေလည်း အများ ကြီး ကျန်ရှိပါတယ်။

ရွှေဥမင်လိုဏ်ဂူတွင် ဘုရားအဆူပေါင်း ၈၀၉၄ တည်ထားပြီး ပထမဆုံး တည်ထားသော ကုသိုလ်ရှင်မှာ အသောကမင်းကြီး ဖြစ်ကာ ဒုတိယ ကုသိုလ်ရှင်မှာ အလောင်းစည်သူမင်း ဖြစ်ပြီး ရွှေဥမင်သဘာဝလိုဏ်ဂူသည် ပေ ပေါင်း ၄၉၀ ဝင်ရောက်နိုင်ကာ ယခုအခါ ဓာတ်လှေကားနှစ်စင်းဖြင့် အတက်အဆင်း ပြုလုပ်ပေးနေကြောင်း သိရပါတယ်။ ပင်းတယ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဟာ  အင်းလေး ကန်ကဲ့သို့ပင် ထုံးကျောက်တောင်ဖြစ်ပြီး နိုင်ငံ တကာမှ သုတေသီများက ကျောက်စက်တိုင်ကို စမ်းသပ်ချက်အရ နှစ်သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၂၀၀ ကျော်ပြီ ဖြစ်ကြောင်း သိရပါတယ်။။

ဂူအတွင်းထဲတွင် ဆင်ချည်တိုင်၊ မြင်း ချည်တိုင်၊ ဝင်္ကပါဂူ ၊ ချွေးထွက်ဘုရား၊ အောင် မြေ၊ နတ်ရေကန် တို့သည် ထင်ရှားသဖြင့် လာ ရောက် ကြည်ရှုဖူးမြော်သူများပြားခြင်း ဖြစ် ကြောင်း သိရပါတယ်။

ဒါအပြင် ရှေးဟောင်း လက်ရာတွေ မထိန်းသိမ်းဘဲ ပျက်စီးတာတွေ၊ ငှက်ချေး ကြောင့် ပျက်စီးနေတာတွေ ရှိနေကြောင်း ဒေသခံတချို့ကလည်း ပြောပြကြပါတယ်။ သဘာဝလိုဏ်ဂူတွေ အကြောက်ရဆုံးက ငလျင်ဒဏ်နဲ့ မိုင်းခွဲခြင်းတွေကိုပါပဲ။ ပင်း တယမြို့သည် ရှမ်းပြည်တောင်ပိုင်း တောင် ကြီးခရိုင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် တည်ရှိပါတယ်။

ရိုးရာဓလေ့ ပွဲတော်များ

အထူးထင်ရှားကျော်ကြားသည်မှာ ပင်းတယ ရွှေဥမင်လိုဏ်ဂူ ဘုရားပွဲတော်သည် သီတင်းကျွတ်ပွဲတော်နှင့် တပေါင်းပွဲတော် တို့ကို ကျင်းပလေ့ရှိပြီး ကြက်ပျံမကျ စည်ကား ပါတယ်။ အဖိတ်နေ့မှ စတင်ကာ လပြည့်ကျော် ၁ ရက်အထိ ကျင်းပပါတယ်။ တန်ခူးလဆန်း ၁ ရက်မှာ ပင်းတယ မြို့အဝင် တမဲဘုရားဝင်း အတွင်း ကျင်းပသော တောင်ရိုး လူမျိုးတို့၏ တာတက်ပွဲမှာလည်း ထူးခြားပါတယ်။ ထို့ပြင် ဒိုးပစ်ပွဲဟာလည်း မကြုံဖူးသူအဖို့ ထူးဆန်း သော တိုင်းရင်းသား ရိုးရာဓလေ့ပွဲတော်လည်း ဖြစ်ပါတယ်။

ဓနုတို့ရဲ့ စာချိုးတွေ၊ သံချပ်တွေနဲ့ အိုး စည်တို့ဟာ တောင်ပိုင်းမှာ ထင်ရှားပါတယ်။ သံချပ်တွေကို သီချင်းတွေ အဖြစ် သီဆိုခြင်း၊ မီးပုံးပျံ ပွဲတော် မှာ သံပြိုင် ဟစ်ေ<ကးခြင်းတွေ ကြောင့် လူသိများလာတာလည်း ဖြစ်ပါတယ်။ တာတက်ပွဲမှာ ပျော်ဖို့လာ၊ ပျော်ဖူးလား၊ ပျော် ဖူးလား၊ ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ ဆိုတဲ့ ဓနု သံချပ်ကို လူတိုင်း ကြားဖူးမှာ ဖြစ်ပါတယ်။ တာတက်ပွဲ ဆိုတာ ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်း ရင်းသား လူမျိုးများရဲ့ ရိုးရာပွဲတော် တစ်ခု ဖြစ်ပြီးတော့ စိုက်ပျိုးရေး အောင်မြင်ချိန် ကျေးရွာတွင်းရှိ ဘုရားစေတီပုထိုးနှင့် ဘုန်း တော်ကြီးကျောင်းများသို့ သွားရောက် လည် ပတ်ပြီးတော့ လှူဖွယ်ပစ္စည်းများကို စုပေါင်း လှူဒါန်းကြခြင်း၊ ဘုရားဆွမ်းတော်ကြီး ကပ် ခြင်းဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။ တာတက်ပွဲကို ရိုးရာ အတာသင်္ကြန်အတက်နေ့မှ စတင်၍ ကဆုန်လပြည့်နေ့အထိ လည်ပတ်ကြတာ ဖြစ်တယ်။ လှူဖွယ်များကို ပဒေသာပင် လုပ်ပြီး လှူဒါန်း ပူဇော်ပါတယ်။ အဆိုပါ တာတက်ပွဲ မှာ လူပျို၊ အပျိုတွေ ဆုံတွေ့ကြပြီး ဖူးစာရှင် ရှာတဲ့ပွဲတော်တစ်ခုလည်းဖြစ်တဲ့အတွက် ကြောင့် သူတို့တွေ အရမ်းလည်း ပျော်ကြပါ တယ်။ ဟဲဟိုးမှာ အာလူးဖော်ချိန် အာလူး ပေါက်ပွဲရှိပြီး မိမိ ကြိုက်နှစ်သက်သော အမျိုး သမီး၊ အမျိုးသားများကို အာလူးသေးသေး လေးတွေနဲ့ ပစ်ပေါက်ပြီး ကျီစယ်လို့ ရပါ တယ်။ ကောင်မလေးက လက်ခံတယ်ဆိုရင် ချစ်ခွင့်ပန်လို့လည်း ရပါတယ်။ တိုင်းရင်းသား များ၏ ချစ်စရာ ဓလေ့ပွဲတော် များလည်း ဖြစ် ပါတယ်။

မိုးနဲ (သို့မဟုတ်) ရှမ်းပုဂံ

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့သည် အညာဒေသရှိ စေတီပုထိုးပေါင်း ရှစ်သောင်းလေးထောင်ကျော်တည်ရှိသော ပုဂံဒေသကဲ့သို့ ပုံစံတူ ဘုရားစေတီများပြည့် နှက်နေသော မြို့တစ်မြို့ဖြစ်သည့်အတွက် ရှမ်းပုဂံဒေသလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။ မိုးနဲမြို့အဝင်မှ စ၍ ရှေးဟောင်း စေတီတော်များစွာ မြင်တွေ့နိုင်ပြီး ရှေးဟောင်း စေတီတော်များ၊ ကျောင်းကန်များတို့ကို မိုးနဲ မြို့တောင်ပေါ်မှ လှမ်းမြော်ကြည့်ရှုလိုက်လျှင် အင်မတန်မှ လှပသော မြင်ကွင်းကို မြင်နိုင်ပါ တယ်။

မိုးနဲမြို့သည် ရှမ်းပြည်နယ်မှာ ရှေးအကျ ဆုံးသော မြို့ဟောင်းတစ်မြို့ဖြစ်ပြီး မိုးနဲမြို့ကို စော်ဘွားအဆက်ဆက် အုပ်စိုးခဲ့ကာ မိုးနဲစော် ဘွားကြီးသည် ဘုန်းမီးနေလ ထွန်းတောက်ခဲ့ ကြောင်း ပုဂံနှင့် ခေတ်ပြိုင် ထွန်းကားခဲ့သည်ဟု သုံးသပ်ကြပါတယ်။

မိုးနဲမြို့သမိုင်းသည် ဘီစီ ၅၁၉ တွင် ပထမ မိုးနဲ၊ ဒုတိယ မိုးနဲ၊ တတိယ မိုးနဲ ဟူ၍ ခေတ်ကာလခွဲခြားထားပြီး ပထမမိုးနဲသည် နန္ဒာပူရ ၊ ရှမ်းဘာသာ နံသာပူ ဟုခေါ်ပြီး ဒုတိ ယ မိုးနဲသည် လက်ရှိ မိုးနဲမြို့၏ အရှေ့ဘက် တွင် ခုနစ်မိုင် အကွာတွင် တည်ရှိသည်ဟု ဆို ကာ လက်ရှိ မိုးနဲမြို့သည် တတိယ မိုးနဲမြို့ ဖြစ်သည်ဟု အကျဉ်းချုံး သမိုင်းကြောင်းကို ရှေ့မီနောက်မီပုဂ္ဂိုလ်တွေက ကပြောပါတယ်။ လက်ရှိ မိုးနဲမြို့နယ် အတွင်းရှိ စေတီတော်ကြီး လေးဆူ အပါအဝင် မြို့တွင်းရှိ စေတီတော် ငယ်များကိုသာ ရှာဖွေထိန်းသိမ်းနိုင်ပြီး မြို့ပြင် နေရာများတွင် ပျက်စီး ပျောက်ကွယ်သွားသော စေတီတော် များစွာ ရှိခဲ့ကြောင်း၊ ရှာမတွေ့ဘဲ လက်လှမ်းမမီဘဲ ချုံနွယ်ပိတ်ပေါင်းများဖြင့် ပျောက်ဆုံးနေသော စေတီတော်ပေါင်းများစွာ ရှိကြောင်း၊ မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ ၀ိဇ္ဇာ ရိယဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဦးဆောင် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒထံမှ သိ ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့တွင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ သော စေတီတော်ပေါင်း ၄၄၇ ဆူရှိပြီး လတ် တလောတွင် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းပြ တိုက်၊ စာပေ၊ ပုရပိုဒ် စာကြည့်တိုက်နဲ့ ဓမ္မဗိ မာန် တစ်ဆောင်ကို တည်ဆောက်ထားရှိရန် စီစဉ်နေကြောင်း မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ ၀ိဇ္ဇာရိယဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ဦးဆောင် ဆရာတော် သဒ္ဓမ္မဇော တိကဓဇ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန္တမာ ဃိန္ဒထံမှ သိရပါတယ်။

မိုးနဲမြို့သမိုင်းကိုလည်း သံဃာတော်များ၊ ပညာရှင်များ၊ ဒေသခံ ရပ်မိရပ်ဖ ပြည်သူလူထု များဖြင့် စနစ်တကျ ပြုစုနေကြောင်း သိရပါ တယ်။ မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော် များသည် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက်ယခုအခါ တစ်စစ ပြိုပျက်လာ ပါတယ်။  လင်းခေးခရိုင်အတွင်း ပါဝင်သော လင်းခေး၊ မိုးနဲ၊ မောက်မယ်နဲ့ မိုင်းပန် စသည့် မြို့နယ် လေးခုတို့သည် ပြည်ပခရီးသည်များ လေ့လာလည်ပတ်နိုင်ခြင်း မရှိသော မြို့များ တွင် ပါဝင်ပြီး နယ်မြေလုံခြုံရေးအရ ကန့်သတ် ထားခြင်းဖြစ်ပါတယ်။

လည်ပတ်ကြည့်ရှုစရာ ရှေးဟောင်းလက်ရာများ

မိုးနဲမြို့တွင် လည်ပတ်နိုင်သော နေရာ များမှာ (၁) မြို့ဝင်ကြာဖူးများ၊ (၂) ၁၂ ပါး တောင်ပေါ်ဂူ၊ (၃) ဦးသီလ စေတီတော်စုများ၊ (၄) နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ (၅) လွိုင်မြေ ဘုရား၊ (၆) ဆင်တောင် မွေတော်စုဘုရားများ၊ (၇) ဦးရွှေအောင် စေတီ၊ (၈) စော်ဘွားဟော် နန်းရှေ့ရှိ နွားရုပ်နှင့် မာန်လည်တိုင် (ယခုထွေ အုပ်ရုံး) တို့ပဲ ဖြစ်ပါသည်။

ယခင် စော်ဘွားလက်ထက်တုန်းက ကျန် ရှိခဲ့တဲ့ မြို့အဝင်မှာ နယ်နိမိတ် ဧရိယာတိုင် အဖြစ် သတ်မှတ် ထားတဲ့ ဘယ်ညာ မြို့ရိုးကြာ ဖူးတိုင်ကို ပထမကြာဖူး၊ ဒုတိယကြာဖူးနဲ့ မြို့ ပြင်မှာလည်း ကြာဖူးတစ်ခုပေါင်း သုံးနေရာ ရှိပြီး မိုးနဲမြို့ ဆိုင်းဘုတ် အနောက်တွင်လည်း မြို့ရိုးဟောင်းကြီး နှစ်ခုကို ဘယ်ညာမှာ ယခု တိုင် တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဒုတိယကြာဖူးမှ အနောက်ဘက်သို့ တစ် မိုင်ခွဲလမ်းအတိုင်း ဝင်ရောက်သွားတဲ့အခါ လွိုင်လင်းကျောင်းကို ရောက်ရှိလေ့လာနိုင်ပါ ပါတယ်။ ဒုတိယကြာဖူး အကျော်နားမှာတော့ လမ်းမကြီးပေါ်မှာပဲ မြို့ဦးမွေတော်စု စေတီ တော်များ ဝင်ရောက် ဖူးမြော်နိုင်ပြီး နည်းနည်း ဆက်သွားရင် ညောင်ကိုင်းဆက် သစ်တံခါးကို ထူးဆန်းစွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သစ် တံခါးနားတွင် စိန်တောင်ကျောင်းရှိ လေးမျက် နှာဘုရား စေတီတော်များကိုလည်း ဖူးမြော်နိုင် ပြီးတော့ အောင်သပြေ ရွာအနီးမှ အနောက် ဘက် လမ်းကြားအတိုင်းသွားလိုက်သောအခါ ၁၂ ပါး ဂူတောင်ပေါ်ကို ဝင်ရောက် လည်ပတ် နိုင်ပါတယ်။

အောင်သပြေရွာကနေ ကတ်နောက်ရွာ ကျော်တဲ့အခါ ဦးသီလ စေတီတော်စုများ ရောက်ရှိပြီး မြို့တံခါးကို ဖြတ်သန်း၍ မြို့တွင်း ဝင်ရောက်ရပါတယ်။ မြို့တွင်းမှာ နှစ်ကျိပ်ရှစ် ဆူဘုရားကို ဖူးမြော်နိုင်ပြီးတော့ တောင် ဘက်အတိုင်း လမ်းခွဲနှစ်ခုကို ရောက်ပါလိမ့် မယ်။  ဘယ်ဘက်က မောက်မယ် သွား လမ်းခွဲ နဲ့ ညာဘက်က လင်းခေးသွားတဲ့ လမ်းခွဲတို့ဖြစ် ပါတယ်။ မောက်မယ် လမ်းခွဲအတိုင်း သွားတဲ့ အခါ လွိုင်မြေဘုရား မရောက်ခင် လမ်းကြား အတိုင်း တက်သွားရင် ဆင်တောင် မွေတော်စု ဘုရားများကို တက်ရောက် ဖူးမြော်နိုင်ပြီး တောင်ပေါ်မှ ကြည့်လျှင် မင်းသားစေတီနှင့် နှစ်ကျိပ်ရှစ်ဆူ (ရွှေရောင်) စေတီတော် တို့ကို လှမ်းမြင်နိုင်မှာဖြစ်ပါတယ်။ ဆင်တောင်ပေါ် မှာ တက်ကြည့်ရင်လည်း အင်မတန်မှ သာယာ လွှမ်းမောဖွယ်ကောင်းပါတယ်။

လင်းခေးလမ်းခွဲအတိုင်း သွားတဲ့အခါ ဦးရွှေအောင်စေတီကို ရောက်ပြီး မြို့တံခါး ကို ဖြတ်သန်း၍ မြို့ပြင် မှ ဘုရားများကို လိုက် လံဖူးမြော်လို့လည်း ရပါသေးတယ်။ ယခင်စော် ဘွားဟော်နန်း ဖြစ်ခဲ့ဖူးတဲ့ မြို့နယ် ထွေအုပ် ရုံးတွင်းက နွားရုပ်နဲ့ ရုံးရှေ့က မန်လည်တိုင် နဲ့ ဟစ်တိုင်တို့ပဲ ဖြစ်ပါတယ်။

အရိပ်မပေါ်မွေတော်ဘုရား လွယ်မိုင်းစဉ် တောင်တော်

လွယ်မိုင်းစဉ်သည် ရှမ်းစကားဖြစ်ပြီး ရှုခင်းသာဟု အဓိပ္ပာယ်ရကြောင်း၊ တောင် ပေါ်မှ ကြည့်လျှင် တောင်ခြေရှုခင်းကို လှပစွာ မြင်ရသဖြင့် ထိုသို့ ခေါ်ကြောင်း ဆိုပါတယ်။ ယခင်က ရှမ်းတိုင်းရင်းသား များ နေထိုင်ကြပြီး ယခုအခါမှာ ရှမ်းရွာ၊ ရေပူရွာ၊ တောင်ခြေရွာ၊ တောင်ဦးရွာတို့မှာ ရှမ်း၊ ပအိုဝ်း၊ အင်းသား များ ရောနှော နေထိုင်ကြောင်း၊ အဓိက စိုက် ပျိုးရေး အသက်မွေးလုပ်ငန်းလုပ်ကြောင်း သိရပါတယ်။ တောင်ကြီးမြို့နယ်၊ ရွှေညောင် မြို့တွင် လွယ်မိုင်းစဉ် တောင်တော် တည်ရှိပါ တယ်။

ထူးခြားချက်မှာ လွယ်မိုင်းစဉ် တောင် တော်ပေါ်တွင် တည်ထားကိုးကွယ်သော စေတီတော်စုများ၏ ပင်မ စေတီတော် အရိပ် သည် မပေါ်ဘဲ အင်းလေးကန်တွင် သွား ရောက်အရိပ်ပေါ်သည်ဟုသော ယုံကြည်ချက် ကြောင့် ဒေသတွင်း ထင်ရှားသော မွေတော် ဘုရား ဖြစ်ပါတယ်။

ပုဂံသမိုင်းကြောင်းထဲက ရှေးဟောင်းဘုရားသမိုင်း

အလောင်းစည်သူ၊ နရပတိစည်သူ၊ မဏိ စည်သူ၊ ရွှေကူ ဒါယကာ အဖြစ် နာမည် လေး မျိုးဖြင့် ထင်ရှား ကျော်ကြားခဲ့သော ဘုရင်မင်း မြတ် တစ်ပါးသည် စေတီတော်ကို ပြန်လည် မွမ်းမံ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အလောင်းစည်သူ မင်းကြီးသည် ပုဂံမင်းဆက် ၅၅ ဆက်တွင် ၄၅ ဆက်မြောက်မင်း တစ်ပါး လည်း ဖြစ်ပါတယ်။ အလောင်းစည်သူမင်း ပထမဆုံး တည်သော စေတီသည် ပုဂံတွင် ရှိ သော ရွှေကူစေတီတော်ကြီး ဖြစ်ပါတယ်။ ရှမ်း ပြည်နယ်တွင် အလောင်းစည်သူ တည်ထားကိုး ကွယ်ခဲ့သော စေတီပေါင်း များစွာလည်း ရှိပါ တယ်။ နောက်ဆုံး တည်ခဲ့သော စေတီမှာ မြင့် မိုရ်တောင်မှ အပြန် တောင်ဘက် သပြေကိုင်းမှ ထုလုပ်ထားသော ဘုရားသုံးဆူကို ဌာပနာ၍ တည်ထား ကိုးကွယ်ခဲ့သော အညာရှိ ရှင်ဖြူ ရှင်လှ ကဿဖ ဘုရားလည်း ဖြစ်ပါတယ်။

အလောင်းစည်သူ ၏ အဘိုး၊ အဘေးများ ဖြစ်သော သီရိဓမ္မာသောကမင်း၊ ထီးလှိုင်ရှင် တို့ တည်ထားသော စေတီတော် များကို လိုက် လံပြုပြင်မွမ်းမံရန် ရှမ်းပြည်ကို ရောက်ခဲ့ပါ တယ်။ ပထမအကြိမ်က မိုးနဲ၊ လင်းခေးတို့ အထိ ရောက်ရှိကာ သာသနာပြုခဲ့ပါတယ်။ နောက်ထပ် ဒုတိယအကြိမ် တက်လာစဉ်မှာ ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ် တွင်း ရှိ ရွှေလင်ပန်းဘုရား၊ ဂူကြိုးဘုရားပြီးလျှင် လွယ်မိုင်းစဉ်တောင် သမိုင်းဝင် ဘုရား သုံးဆူကို ပြုပြင်ရန် လာရောက်ခြင်း ဖြစ်ပါတယ်။ ထို စေတီသုံးဆူသည် သီရိဓမ္မသောက မင်းတရား ကြီး တည်ထားသော ရှေးဟောင်းဘုရားများ ဖြစ်ပြီး၊ ဘုရားကို စောင့်ရှောက်ရန် အစောင့် အရှောက်များကိုလည်း ထားရှိခဲ့သည်ဟု ဆို သည်။ အလောင်းစည်သူမင်းကြီးသည် ရွှေ လင်ပန်းနှင့် ဂူကြိုးများကို ပြုပြင်ပြီးနောက် လှမ်းမြင်နေရသောမှိုင်းညိုညို တောင်တန်းကို ဘာတောင်လဲ ပရိသတ်ကို မေးမြန်းတယ်။ မင်းစဉ် တောင်ခေါ်တယ်။ အဲဒါဆို ငါ့ဖောင် တော် အဲဒီတောင်ကို မောင်းခိုင်းတယ်။ အဲဒီ တောင်မှာ ဘုရားတည်တယ်။ တောင်ပေါ်က နေ ဦးပေါင်းတော်ကို ချွတ်ကာ ရှေးက ဘိုး လောင်းတော်တို့တည်ထားသော စေတီရှိရာ သွားစေဟု အဓိဋ္ဌာန် ဖြင့် ပစ်လိုက်ရာ ပေါင်း ပိုင်းဘက်တွင် ကျရောက်ကြောင်း ဆိုပါတယ်။ ထိုနေရာအရောက်တွင် ရှာကြည့်ရာ ဘုရား စေတီမတွေ့ရသဖြင့် အစောင့်အရှောက် ဘိုး ဘိုးကြီးများကို ခေါ်ယူမေးမြန်းကြည့်ရာ စေတီ တော်ဟောင်း နေရာတွင် ဌာပနာကို ပြန်တွေ့ သဖြင့် အောက်ခြေတွင် အတောင် ၂၀ တူးကာ ငါးတောင်မြင့်သော ပေါင်းပိုင်း စေတီတော် ကို တည်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

ညောင်ရွှေမြို့နယ်အတွင်းရှိ ပေါင်းပိုင်း စေတီတော်သည် ရှေးဟောင်းစေတီတော် တစ်ဆူဖြစ်ပြီး တန်ဖိုးရှိသော ရတနာများ ဌာပနာထားကြောင်း သိရပါတယ်။ သီရိဓမ္မာ သောကမင်းဘုရားကြီးသည် ရှမ်း/တောင် တွင် တည်ထားသော ဘုရား နှစ်ဆူ ရှိပါပါ တယ်။ ညောင်ရွှေမြို့နယ်တွင်းရှိ ပေါင်းပိုင်း ဘုရားနှင့် မြင်ထင်တောင်ဘုရားတို့ပင် ဖြစ် ပါတယ်။

Most Read

Most Recent