လူသားမျိုးနွယ် ပြုစုပျိုးထောင်ခြင်း

လူသားမျိုးနွယ် ပြုစုပျိုးထောင်ခြင်း
Published 31 October 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

အရပ်လက်သည်ဖြင့် မွေးဖွားခြင်းခံရပြီး ယနေ့အချိန် အသက် ၆၀ ကျော်သည်အထိ မွေးစာရင်းစာရွက်မရှိသည့် စာရေးသူအနေဖြင့် လူသားမျိုးနွယ် ပျိုးထောင်ခြင်းအကြောင်းကို ရေးသားတင်ပြရသည်မှာ အလှမ်းကွာဝေးလှပါသည်။ သို့သော်လည်း စာရေးသူအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် ရှင်သန်ရပ်တည်လျက်ရှိကြသည့် တိုင်းသူပြည်သားများအား နောင်အနာဂတ်တွင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင်ရပ်တည်နိုင်စေမည့် ပတ်ဝန်းကျင်ကောင်းကို တည်ထောင်နိုင်ကြစေရေး မျှော်မှန်းမိပါသဖြင့် ယခုဆောင်းပါးကလေးဖြင့် တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်ပါသည်။

စာရေးသူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန် ရန်ကုန်စီးပွားရေးတက္ကသိုလ် ဆရာကြီးတစ်ဦးက ဦးဆောင်သည့် သုတေသနလေ့လာရေးစစ်တမ်းများ ကောက်ယူရာတွင် ပါဝင်ခွင့်ရရှိခဲ့ပါသည်။ ထိုစဉ်အချိန် ဆရာကြီးက စာရေးသူတို့အား သုတေသနလေ့လာခြင်းနှင့် ပတ်သက်သည်များကို လမ်းညွှန်၊ မှာကြား၊ သွန်သင်၊ ဆုံးမသည့် အကြောင်းအရာများထဲမှ စာရေးသူအနေဖြင့် အရေးကြီးသည့် ရှောင်ရန်တစ်ချက်နှင့် ဆောင်ရန်တစ်ချက်ကိုသာ တင်ပြပါမည်။

ရှောင်ရန်တစ်ချက်မှာ မိမိတို့ တိုင်းပြည်နိုင်ငံရှိ ကျေးရွာများကို ကွင်းဆင်းလေ့လာသည့်အချိန်တွင် မိမိတို့အဖွဲ့ကြောင့် ကျေးရွာသူကျေးရွာသားများနှင့် ကျေးရွာအပေါ်တွင် ငွေကြေးအရသော်လည်းကောင်း၊ ပစ္စည်းအရသော်လည်းကောင်း၊ အပြုအမူအရသော်လည်းကောင်း၊ ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရန်နှင့် ဆောင်ရန်အချက်မှာ ကျေးရွာသို့ ရောက်ရှိသည်နှင့် မိမိကိုယ်ကို ယခုကျေးရွာ၏ ကျေးရွာသားအဖြစ် ခံယူသတ်မှတ်ပြီး မိမိသာဆိုပါလျှင် ယခုတွေ့ရှိနေရသည့် အခြေအနေထက် ပိုမိုကောင်းမွန်သည့် လူမှုဘဝများကို ရရှိနိုင်ကြစေရန် မည်ကဲ့သို့ဆောင်ရွက်မည်ဆိုသည့် ခံစားချက်၊ စဉ်းစားတွေးတောချက်များ ရရှိနိုင်စေသည်အထိ ကျေးရွာသို့ရောက်ရှိသည့် အချိန်ကာလအတောအတွင်း အစွမ်းကုန်ကြိုးစားဆောင်ရွက်ရန် ဖြစ်ပါသည်။

အများအားဖြင့် စစ်တမ်းကောက်ယူရသည်မှာ ကျေးရွာတစ်ရွာတွင် တစ်ရက်နှုန်းခန့်သာ အချိန်ပေး ကောက်ယူရလေ့ရှိပါသည်။ ပထမရှောင်ရန်အချက်အတွက် စာရေးသူတို့အသုံးပြုသည့်နည်းလမ်းမှာ စစ်တမ်းကောက်ယူရက်မတိုင်မီ တစ်ရက်ကြိုတင်ပြီး စာရင်းကောက်အဖွဲ့ဝင်နှစ်ဦးခန့်က ရှေ့ပြေးအဖွဲ့အဖြစ် စာရင်းကောက်ယူမည့် ကျေးရွာသို့ သွားရောက်စေကာ စာရင်းကောက်ယူမည့်နေ့တွင် စာရင်းကောက်အဖွဲ့များ စားသောက်နိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ကုန်ကျမည့် ငွေပေးအပ်ခြင်း၊ အိမ်ထောင်စုဦးရေစာရင်းနှင့် နမူနာကောက်ယူရမည့် အိမ်ထောင်စုများကို ရွေးချယ်ခြင်း၊ နမူနာတွင် ပါဝင်သည့် အိမ်ထောင်စုများရှိ ဖြေကြားမည့်သူများအနေဖြင့် စာရင်းကောက်ယူမည့်နေ့တွင် တွေ့ဆုံနိုင်ရန် အဆင်ပြေခြင်းရှိ၊မရှိနှင့် နမူနာအိမ်ထောင်စုများသို့ အချိန်မကုန်ဘဲ အလွယ်တကူ သွားရောက်ကောက်ယူနိုင်စေရန် နမူနာအိမ်ထောင်စုတည်နေရာ အနီး၊အဝေး အပေါ်မူတည်ပြီး စာရင်းကောက်အဖွဲ့တွင် ပါဝင်သည့် လူအရေအတွက်နှင့် ချိန်ကိုက်ခြင်းများ ပြုလုပ်ပါသည်။

ဒုတိယအချက်အတွက် စိန်ခေါ်မှုကို တင်ပြပါမည်။ မိမိတို့ တိုင်းပြည်နိုင်ငံရှိ အချို့သောကျေးရွာများသို့ ရောက်ရှိသည်အထိ သွားလာရသည်မှာ လွယ်ကူချောမွေ့သည့် ခရီးစဉ်များမဟုတ်ပါ။ နေပူချိန်ဖြစ်ပါကလည်း ကျေးရွာသို့ ရောက်ရှိလေ့လာချိန်တွင် ချွေးပြန်ပင်ပန်းနေချိန် ဖြစ်နေတတ်ပြီး မိုးတွင်းချိန်ဖြစ်ပါကလည်း ဗွက်ရုန်းရသည့် အခြေအနေဖြစ်ပါသည်။ ဤကဲ့သို့ အခြေအနေများ ဖြစ်ပေါ်နေချိန် စာရင်းကောက်ယူသည့် မူလပင်မလုပ်ငန်းများလည်း ဆောင်ရွက်ရသည့်အပြင် အထက်ဖော်ပြခဲ့သည့် ကျေးရွာသားတစ်ဦးကဲ့သို့ ခံစားပြီး စဉ်းစားတွေးတောနိုင်ရန်မှာ သာမန်စိတ်ကောင်း စေတနာကောင်းရှိသည့် အဆင့်ဖြင့် မဖြစ်နိုင်ပါ။ အတော်ပင် လေ့ကျင့်ယူရသည့် အခြေအနေ ဖြစ်ပါသည်။

စာရေးသူသည် မြန်မာတစ်နိုင်ငံလုံး နေရာဒေသအနှံ့အပြားတွင် တည်ရှိနေသည့် ကျေးရွာများကို သုတေသန စစ်တမ်းကောက်ယူလေ့လာခွင့် ရရှိခဲ့ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် အလေ့အကျင့်သည်လည်း စာရေးသူတွင် အနည်းငယ်စွဲကပ်လျက် တည်ရှိနေပါသဖြင့် ရောက်ရှိသည့်နိုင်ငံတွင် တွေ့မြင်သိရှိရသည်များကို အခြေခံကာ မိမိတို့တိုင်းပြည်နိုင်ငံအတွက် ကောင်းကျိုးဖြစ်ထွန်းနိုင်စေမည့် အချက်များကို လေ့လာစူးစမ်းမိပါသည်။ အမြဲတမ်း မိမိတို့တိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် အခြေအနေများနှင့် နှိုင်းယှဉ်လေ့လာကြည့်မိပါသည်။ လေ့လာသိရှိရသည်များထဲမှ ထပ်တူထပ်မျှကူးချရန် မဖြစ်နိုင်ပါသော်လည်း သဘောတရားအရ ကျင့်သုံးနိုင်သည့် အချက်များစွာကို တွေ့ရှိရပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ရပြသည့် အဓိကအကြောင်းရင်းမှာ စနစ်တကျ အချိန်ယူ သုတေသနပြုလုပ်ပြီး ရရှိလာသည့် တွေ့ရှိချက်များ မဟုတ်သော်လည်း စာရေးသူနှင့် သိကျွမ်းသည့်မိတ်ဆွေများကို မေးမြန်းစုံစမ်းသိရှိရသည်များကို အခြေခံကာ လူသားမျိုးနွယ်ပြုစုပျိုးထောင်ခြင်း အခြေခံများမှာ ကွာခြားလျက်ရှိနေသည့် အချက်များကို သိမြင်တွေ့ရှိနေရပါသောကြောင့် စာရေးသူ၏ လေ့လာစဉ်းစားတွေးတော ယူဆချက်များကို ဝေမျှလိုပါသဖြင့် တင်ပြခြင်း ဖြစ်ပါသည်။ စနစ်တကျ အချိန်ယူ သုတေသနပြုလုပ်ထားခြင်း မရှိပါသဖြင့် တွေ့မြင်သိရှိရသည့် ယေဘုယျအခြေအနေကိုသာ တင်ပြနိုင်ပါသည်။

စာရေးသူသည် ၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ ဆန်ဟိုဆေး စတိတ်တက္ကသိုလ် (San Jose State University) တွင် စတုတ္ထစက်မှုတော်လှန်ရေးနှင့် ပတ်သက်သည့် နိုင်ငံတကာကွန်ဖရင့် (International Conference on Sustainable Development under the 4th Industrial Revolution (2018 ICOFIS)) ကို တက်ရောက်ရန် သွားရောက်သည့် ခရီးစဉ်တွင် အမေရိကန်ပြည်ထောင်စုရှိ စာရေးသူ၏ ညီအစ်ကိုမိတ်ဆွေများထံမှ အမေရိကန်ပြည်ထောင်စု၏ လူသားမျိုးနွယ် ပြုစုပျိုးထောင်ခြင်း အခြေခံသဘောတရားများကို လေ့လာခွင့် ရရှိခဲ့ပါသည်။ စာရေးသူ၏ ညီအစ်ကို မိတ်ဆွေများမှာ အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးနှင့် သက်ဆိုင်သည့်လုပ်ငန်းများတွင် ဆရာဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြသဖြင့် အချို့သော အကြောင်းအရာများကို ထဲထဲဝင်ဝင် မေးမြန်းလေ့လာခွင့် ရရှိခဲ့ပါသည်။

စာရေးသူက မိမိတို့တိုင်းပြည်နိုင်ငံရှိ ပြည်သူပြည်သားများနှင့် ကွာခြားသည့်အချက်များကို သိလိုစိတ်ဖြင့် လေ့လာရာတွင် ယနေ့အချိန်အထိ စာရေးသူ၏ နားထဲတွင် စွဲနေသည့်အချက်မှာ အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးစနစ်အရ အမျိုးသမီးကိုယ်ဝန်ဆောင်ချိန် စတင်စဉ်ကတည်းကပင် လိုအပ်သည့် ဆေးဝါးများ၊ သင်တန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုများကို အပြည့်အဝခံယူရရှိကြသဖြင့် “အချို့သော ကလေးများမှာ မွေးဖွားပြီးစမှာပင် ကုန်းထနိုင်ရန် ကြိုးစားသည့် အခြေအနေများကိုပင် တွေ့ရှိရတတ်သည်ဟု ပြောပြပါသည်”။ ထို့ပြင် “ကွာခြားတာကတော့ ဆရာရေ မွေးကတည်းက ကွာတာပါ” ဆိုပြီးလည်း ပြောပြပါသည်။

စာရေးသူအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးဖြစ်သည့် အမေရိကန် ပြည်ထောင်စု၏ ကျန်းမာရေးစနစ် နှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ဖြစ်သည့် မိမိတို့တိုင်းပြည်နိုင်ငံ၏ ကျန်းမာရေးစနစ်တို့ကို နှိုင်းယှဉ်တင်ပြလိုသည့် ရည်ရွယ်ချက်မဟုတ်ဘဲ လူသားမျိုးနွယ်ပြုစုပျိုးထောင်သည့် ပုံစံကွာခြားချက်ကြောင့် အကျိုးသက်ရောက်မှု အခြေအနေများကို စာရေးသူကြား သိတွေ့ကြုံခဲ့ရသည့် အချို့ကို သိမြင်ခဲ့ရသည့်အခြေအနေများ အပေါ်တွင် မူတည်ကာ ခံစားရသည်များကို တင်ပြခြင်းသာ ဖြစ်ပါသည်။

ပထမဦးစွာ လူသားမျိုးနွယ် ပြုစုပျိုးထောင်ရာတွင် အဓိကကျသည့် မိခင်၊ ဖခင်၊ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အင်စတီကျူးရှင်းများ (ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများ) ကို ပုံတွင်ဖော်ပြထားပါသည်။ စာရေးသူအနေဖြင့် အင်စတီကျူးရှင်းများကို တိုင်းပြည်နိုင်ငံတော်အစိုးရနှင့် လူမှုအဖွဲ့အစည်းများဟု အလွယ်တကူသိမြင်နိုင်စေရန် အသုံးပြုထားပါသည်။ ကျန်းမာရေးလုံခြုံခြင်း (Health Security) သဘောတရားတွင် ရုပ်နှင့်ပတ်သက်သည့် ကျန်းမာရေး (Physical Security) နှင့် စိတ်နှင့်ပတ်သက်သည့် ကျန်းမာရေး (Mental Health) တို့သည်လည်း ပါဝင်လျက်ရှိရာ ကျန်းမာရေးနှင့် ပတ်သက်သည့် အင်စတီကျူးရှင်းများ မရှိဘဲ ပြည်သူပြည်သားအားလုံးတို့၏ ကျန်းမာရေး လုံခြုံမှုရရှိရန် မဖြစ်နိုင်ပါ။ ကျန်းမာရေးနှင့် ပတ်သက်သည့် အင်စတီကျူးရှင်းများ ခိုင်မာအားကောင်းနေစေရန်မှာလည်း သက်ဆိုင်ရာ တိုင်းပြည်နိုင်ငံက ချမှတ်ထားရှိသည့် ကျန်းမာရေးနှင့် ပတ်သက်သည့်မူဝါဒများ အပေါ်တွင် မူတည်လျက်ရှိနေပါသည်။

၂၀၀၀ ပြည့်နှစ် အချိန်ကာလ ဆရာကြီးတစ်ဦးက ပြောပြခဲ့သည်ကို သတိရမိပါသည်။ “ဒီနိုင်ငံမှာက ဘာမူဝါဒမှ စနစ်တကျ ချမှတ်ဆောင်ရွက်ခြင်းမပြုဘဲ လုပ်ချင်ရာလုပ်တာကိုက ဒီနိုင်ငံရဲ့မူဝါဒလို့ ပြောရမှာပါကွာ” ဆိုပြီး ရှင်းပြခဲ့ပါသည်။ ဖော်ပြပါကဲ့သို့ ရေရှည်ရှင် သန်ခိုင်မာသည့် မူဝါဒချမှတ်ဆောင်ရွက်ခြင်းမပြုဘဲ “ခုဆီထမင်း၊ ခုစာကလေးကြော်” လုပ်ချင်ရာလုပ်သည့် မူဝါဒများ တည်ရှိဖြစ်ပေါ်ခြင်းသည် ပြည်သူပြည်သားများ၏ ဘဝရပ်တည်ရှင်သန်မှုအပေါ်တွင် ဆိုးရွားပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။

ဒုတိယအနေဖြင့် လူသားမျိုးနွယ် ပြုစုပျိုးထောင်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များတွင် မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အင်စတီကျူးရှင်းများ အရေးကြီးပုံ၊ မိခင်၊ ဖခင်၊ မိသားစုဝင်များ၊ ဆွေမျိုးများက ဆောင်ရွက်ခြင်းနှင့် အင်စတီကျူးရှင်းများက ဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာစေသည့် ကောင်းကျိုး၊ ဆိုးကျိုးအချို့ကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ လူသားမျိုးနွယ် ပြုစုပျိုးထောင်ရာတွင် မိသားစုဝင်၊ ဆွေမျိုးများနှင့် အင်စတီကျူးရှင်းများက တစ်ပြိုင်နက်တည်း ပြုစုပျိုးထောင်နိုင်ပါက အကောင်းဆုံး အခြေအနေ ဖြစ်ပါသည်။

သို့သော်လည်း ဖော်ပြပါကဲ့သို့ ပြုစုပျိုးထောင်ခြင်းကို လူတိုင်း၊ အချိန်တိုင်း၊ နေရာတိုင်းအတွက် အစဉ်ထာဝရတည်ရှိနေပြီး အပြည့်အဝ ရရှိနိုင်စေရန်မှာ လွယ်ကူသည့် အခြေအနေမဟုတ်သည်ကို စာဖတ်သူတို့အနေဖြင့် အလွယ်တကူ သိမြင်နိုင်မည်ဟု မျှော်လင့်ပါသည်။

သို့သော်လည်း တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့်၊ မွေးဖွားလာမည့် လူသားအားလုံးတို့အတွက် လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းအတွက် လူသားမျိုးနွယ် ပြုစုပျိုးထောင်ခြင်း ဝန်ဆောင်မှုကို စနစ်တကျခံယူရရှိနိုင်စေရန်မှာ အရေးကြီးလှပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် လူတစ်ဦး၊ တစ်ယောက်တလေကိုမျှ ကြွင်းကျန်ခဲ့ခြင်း မရှိစေရန် ခိုင်မာအားကောင်းပြီး ပြည့်စုံကောင်းမွန်သည့် အင်စတီကျူးရှင်းကြီးများ တည်ရှိဖြစ်ပေါ်နေစေရန် ကြိုးပမ်းတည်ဆောက်ကြပါသည်။ လူသားမျိုးနွယ် ပြုစုပျိုးထောင်ရာတွင် အင်စတီကျူးရှင်းကြီးများကသာ သီးခြားပြုစုပျိုးထောင်ခြင်းကြောင့် ကောင်းကျိုး၊ ဆိုးကျိုးများနှင့် မိသားစုဝင် ဆွေမျိုးများကသာ သီးခြားပြုစုပျိုးထောင်ခြင်းကြောင့် ကောင်းကျိုး၊ ဆိုးကျိုးများ အမြောက်အမြားတည်ရှိနေပါသော်လည်း စာရေးသူအနေဖြင့် တစ်ချက်စီကိုသာ အကျဉ်းချုပ်တင်ပြပါမည်။

အင်စတီကျူးရှင်းကြီးများကသာ ပြုစုပျိုးထောင်သည့်အတွက် ကောင်းကျိုးမှာ ပရော်ဖက်ရှင်နယ် ပြုစုပျိုးထောင်ခြင်းကို ခံယူရရှိနိုင်ပါသည်။ ဆိုးကျိုးမှာ မိသားစုဝင်များ၊ ဆွေမျိုးများကဲ့သို့ လူတိုင်းအတွက် မေတ္တာတရားနှင့် ရေရှည်စိတ်လုံခြုံမှု ပေးစွမ်းနိုင်ရန်မှာ ခက်ခဲမည်ဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် မိသားစုဝင်များ၊ ဆွေမျိုးများကသာ ပြုစုပျိုးထောင်သဖြင့် ကောင်းကျိုးမှာ မေတ္တာတရားနှင့် ရေရှည်စိတ်လုံခြုံမှု ပေးစွမ်းနိုင်ပါသော်လည်း ဆိုးကျိုးမှာလူတိုင်းအတွက် ပရော်ဖက်ရှင်နယ် ပြုစုပျိုးထောင်ခြင်းကို ခံယူရရှိနိုင်ရန်မှာ ခက်ခဲမည်ဖြစ်ပါသည်။

တတိယအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံ၏ လူသားမျိုးနွယ် ပြုစုပျိုးထောင်ခြင်း အခြေအနေကို စာရေးသူ၏ အတွေ့အကြုံဖြင့် တင်ပြပါမည်။ စာဖတ်သူများအတွက် မေးခွန်းမှာ “ယနေ့အချိန်အခါတွင် စာရေးသူ မွေးဖွားစဉ်ကကဲ့သို့ စနစ်တကျသင်ယူတတ် မြောက်ထားခြင်းမရှိသည့် အရပ်လက်သည်နှင့် မွေးဖွားနေရသည့် ကလေး သို့မဟုတ် သားဖွားမိခင် ဘယ်နှယောက်ရှိပါသလဲ” ဖြစ်ပါသည်။ ထို့ပြင် “စာရေးသူကဲ့သို့ မွေးစာရင်းစာရွက်မရှိသည့် နိုင်ငံသားလူဦးရေ ဘယ်နှယောက်ရှိပါသလဲ” ဆိုသည့် မေးခွန်းဖြစ်ပါသည်။

အဓိပ္ပာယ်မှာ မိမိတို့တိုင်းပြည်နိုင်ငံရှိ အင်စတီကျူးရှင်းများအနေဖြင့် လူတိုင်း၊ နိုင်ငံသားတိုင်းအား ပြုစုပျိုးထောင်ခြင်း အဆင့်မရောက်ရှိမီ လူတိုင်း၊ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်ကိုပင် စနစ်တကျ မှတ်တမ်းတင်ထားရှိခြင်းမရှိပါ။ ထို့ကြောင့် မိသားစုဝင်များနှင့် ဆွေမျိုးများအနေဖြင့် မဖြစ်မနေ ပြုစုပျိုးထောင်နေရသည့် အခြေအနေ ဖြစ်ပါသည်။ တိရစ္ဆာန်သတ္တဝါများသည်လည်း ထိုကဲ့သို့ ပြုစုပျိုးထောင်ရသည့် အခြေအနေပင် ဖြစ်ပါသည်။ မိသားစုများနှင့် ဆွေမျိုးများက ပြုစုပျိုးထောင်ရန် ပျက်ကွက်ခဲ့ပါက အဆိုပါ လူသား၊ နိုင်ငံသား၏ဘဝသည် ခိုကိုးရာမဲ့ အခက်အခဲပေါင်း မြောက်မြားစွာနှင့် အသက်ရှင် ရပ်တည်နေထိုင်ရသည့် အခြေအနေသို့ ရောက်ရှိသွားပါတော့သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိသူများ၊ နိုင်ငံသားအားလုံးတို့အနေဖြင့် တစ်သက်တာဘဝများ ကောင်းမွန်စွာ အသက်ရှင်ရပ်တည်နိုင်စေရန်အတွက် မှန်ကန်ပြည့်စုံပြီး ပရော်ဖက်ရှင်နယ်ဖြစ်သည့် လူသားမျိုးနွယ်ပြုစုပျိုးထောင်ခြင်း နည်းလမ်းများကို အချိန်တိုင်း၊ နေရာတိုင်းတွင် အလွယ်တကူ လက်ခံရရှိနိုင်စေရန် အရေးကြီးလှပါသည်။ ထိုကဲ့သို့ အလွယ်တကူ လက်ခံရရှိပြီးလိုက်ပါ ဆောင်ရွက်နိုင်မှာသာလျှင် တိုင်းပြည်နိုင်ငံတော်အတွက်၊ လူမှုအဖွဲ့အစည်းများအတွက်၊ လူသားတိုင်းအတွက် ကောင်းကျိုးချမ်းသာများကို ဆောင်ကြဉ်းပေးနိုင်စေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent