မြန်မာနိုင်ငံ၌ Stay at Home မြို့နယ် လျှော့ချလာမှုနှင့် ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေး

မြန်မာနိုင်ငံ၌ Stay at Home မြို့နယ် လျှော့ချလာမှုနှင့် ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေး
လားရှိုးမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံနေစဉ် (ဓာတ်ပုံ - စိုင်းထွန်းနေလှိုင်)
လားရှိုးမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံနေစဉ် (ဓာတ်ပုံ - စိုင်းထွန်းနေလှိုင်)
Published 31 October 2021
ပြည့်ဖြိုးအောင်

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါ ကာကွယ်ဆေးများကို လူဦးရေ၏ သတ်မှတ်ရာခိုင်နှုန်းအတိုင်း ထိုးနှံပြီးနောက် ကူးစက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သော်လည်း ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေးအတွက် စည်းမျဉ်းကန့်သတ်ချက်များ ဖြေလျှော့လာကြသည်။

နိုင်ငံအသီးသီးတွင် သတ်မှတ်ထားသော Lockdown များ ရုပ်သိမ်းခြင်း၊ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များအစရှိသည့် လူအများသွားလာနိုင်သည့်နေရာများ၊ ခရီးသွားလည်ပတ်မှုကဏ္ဍများကို တားမြစ်ကန့်သတ်ထားရာမှ လက်ရှိတွင် ပြန်လည်ဖွင့်လှစ်သွားလာခွင့်ပေးပြီး ကိုဗစ်နှင့် ယှဉ်တွဲနေထိုင်ရေး ဆောင်ရွက်နေကြပြီဖြစ်သည်။

နိုင်ငံတကာတွင် လက်ရှိအနေအထားအရ ကြည့်ပါက နေ့စဉ်ဘဝ ပုံမှန်ဖြစ်ရေးနှင့် စီးပွားရေးကို ထိခိုက်သည့် Lockdown ချမှတ်ခြင်းနှင့် ပြင်းထန်သည့် အခြားကန့်သတ်ထိန်းချုပ်မှုများ ဖြေလျှော့ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်ကောင်းမွန်မှုတို့အကြားမှ မျှခြေကို ပြန်လည်တွက်ဆ လာကြသည်။

နိုင်ငံတကာ၏ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေး အခြေအနေ

ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အခါမျှ ပျောက်ကွယ်သွားဖွယ်မရှိဘဲ ကမ္ဘာသူကမ္ဘာသားများအနေဖြင့် HIV ဗိုင်းရပ်စ်နှင့် ဆက်လက် နေထိုင်နေရသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်နှင့် နေထိုင်ရန် သင်ယူရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့သည်။        

ကိုရိုနာဗိုင်းရပ်စ်၏ တွယ်ကပ်နေနိုင်သည့် အလားအလာသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေးတို့အကြား အတိမ်းအစောင်းမခံသည့် မျှခြေတစ်ရပ်ကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများ အနေဖြင့် ရှာဖွေရန် ဖြစ်လာစေခဲ့သည်။

ထို့ကြောင့် နိုင်ငံတကာတွင် COVID-19 ကပ်ရောဂါကို အလူးအလဲ ခံစားခဲ့ရပြီးနောက် နိုင်ငံအတွင်း လူဦးရေ၏ ကာကွယ်ဆေးထိုးနှံမှု အခြေအနေနှင့် ရောဂါပိုးတွေ့ရှိမှု လျော့ကျလာသည့် အင်အားကြီးနိုင်ငံများ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် COVID-19 ရောဂါဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များကို ရုပ်သိမ်းလာကြပြီး ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ရေး အဆင့်ဆင့် သတ်မှတ်ဖြေလျှော့မှုများ ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။

COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးထိခိုက်မှုကို လပေါင်းများစွာ ကြုံတွေ့ခံစားခဲ့ကြရပြီး နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာခရီးသွားများ၏ ဝင်ထွက်မှုများအတွက် ကပ်ရောဂါဆိုင်ရာ သတ်မှတ်ချက်များကို ဖြေလျှော့ပေးလာကြသည်။

နေ့အလိုက် ကူးစက်မှုများနေသော်လည်း ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်ရန်ခြေလှမ်း တစ်ရပ်အနေဖြင့် တောင်ကိုရီးယားက  ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို စတင်ဖြေလျှော့မည်ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံက ကြေညာခဲ့သည်။

ကာကွယ်ဆေးထိုးနှံထားကြောင်း အထောက်အထားပြသနိုင်ပါက စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်ဖွင့်ချိန်များကို ကန့်သတ်ထားခြင်း၊ အားကစား လေ့ကျင့်ရာနေရာများ၊ ဘားများကဲ့သို့သော ကူးစက်မှုအန္တရာယ် မြင့်မားသောနေရာများတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ နေထိုင်ရန်ကြိုးစားရမည်ဖြစ်သည်။

အလားတူပင် အခြားသော အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအများစုမှာလည်း နိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်ချိန်တွင် ကန့်သတ်ထားသည့် စီးပွားရေးလုပ်ငန်းများ၊ ပြည်ပခရီးသွားဝင်ရောက်မှုနှင့် နိုင်ငံအတွင်း အပန်းဖြေခရီးသွားလာမှု ပြန်လည်ကောင်းမွန်စေရန်အတွက် ကန့်သတ်ချက်များကို ရုပ်သိမ်းပြီး ကိုဗစ်ရောဂါနှင့် ယှဉ်တွဲနေထိုင်ရေးကို ဆောင်ရွက်နေကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ပယ်ဖျက်လာသည့် Stay at Home နှင့် ကိုဗစ်နှင့် ယှဉ်တွဲနေထိုင်ရေးအလားအလာ

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်တတိယလှိုင်းကို ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံလာနိုင်မှုများကြောင့် လက်ရှိတွင် ရောဂါပိုးတွေ့ရှိမှုနှုန်းများ လျော့ကျလာပြီး ကိုဗစ်စည်းမျဉ်း ကန့်သတ်ချက်များကို ဖြေလျှော့မှုများရှိလာပြီ ဖြစ်သည်။

ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံ၌ ရောဂါကူးစက်ပျ့ံနှံမှု များပြားသည့်နေရာဒေသများ၏ မြို့နယ်များကို Stay at Home အဖြစ် ကြေညာသတ်မှတ်ခဲ့ပြီး လူအများဖြင့် အလုပ်လုပ်ကြရသည့် စက်ရုံ၊အလုပ်ရုံများ အပါအဝင် စားသောက်ဆိုင်များ၊ စာသင်ကျောင်းများ ယာယီပိတ်ထားကာ Stay at Home သတ်မှတ်ချက်နှင့်အတူ နေထိုင်ခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း အစပျိုးခဲ့သည့် မေလကုန်ပိုင်းမှစတင်ကာ ချင်းပြည်နယ်၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ကို Stay at Home (နေအိမ်၌ နေထိုင်ရေး) အမိန့်ထုတ်ပြန်ကာ ရောဂါကူးစက်ပျံ့နှံမှု ထိန်းချုပ်နိုင်ရန် စတင်ဆောင်ရွက်ခဲ့ရသည်။

ထို့နောက် ရောဂါပိုးကူးစက်မှု သိသိသာသာ မြင့်တက်လာသည့် ဇွန်လနှင့် ဇူလိုင်လအတွင်းတွင် မြန်မာနိုင်ငံ၏ လူဦးရေသိပ်သည်းမှု များပြားသည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အပါအဝင် ရောဂါကူးစက်မှု များပြားခဲ့သည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြို့နယ်များကိုလည်း Stay at Home အမိန့်ထုတ်ပြန်ခဲ့သည်။

ရောဂါပိုးတွေ့ရှိမှုနှုန်းများ  သိသိသာသာ လျော့ကျလာပြီးနောက် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်ကို အောက်တိုဘာ ၂၇ ရက်က Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သက်ဆိုင်ရာ မြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော ၁၄ ရက်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများကလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ (Stay at Home အစီအစဉ် ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော ၁၄ ရက်အတွင်း ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း အပါအဝင် ပိုးတွေ့လူနာများ လျော့နည်းလာခြင်းကို စိစစ်တွေ့ရှိရခြင်းကြောင့် Stay at Home အစီအစဉ် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ Stay at Home အစီအစဉ်  ပယ်ဖျက်ခဲ့ရာတွင် လူဦးရေထူထပ်ပြီး ရောဂါပိုးတွေ့ရှိမှု အများဆုံးတွင်ရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ တိုက်ကြီးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်တို့ ပါဝင်ခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးမှ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ချင်းပြည်နယ်မှ တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဟုမ္မလင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ တောင်ငူမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ဝေါမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ ပွင့်ဖြူမြို့နယ်၊ မွန်ပြည်နယ်မှ သထုံမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဘိုကလေးမြို့နယ်၊ ဟင်္သာတမြို့နယ် စသည့်မြို့နယ် ၄၄ မြို့နယ်ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပယ်ဖျက်ပြီး နောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက် လူ ၅၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် အမိန့်အား အောက်တိုဘာ ၃၀ ရက်မှစပြီး လူ ၁၀၀ ဦးထက်ပို၍ စုဝေးခြင်း မပြုရန် ပြင်ဆင်ထုတ်ပြန်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအရ အောက်တိုဘာ ၃၀ ရက်မှစပြီး အဆိုပါအမိန့်များမှ ခြွင်းချက်ပြု ဖော်ပြထားသည့်ကိစ္စရပ်များမှအပ လူ ၅၀ အစား လူ ၁၀၀ ထက်ပို၍ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်လိုက်ကြောင်း ကြေညာချက်အရ သိရသည်။

ထို့ပြင် ရောဂါကူးစက်မှု လျော့ကျလာသည့်အတွက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၆ မြို့ နယ်မှအပ အခြားမြို့နယ်များရှိ အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင်) အား နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကျောင်းများ ပြန်လည်မဖွင့်သေးသည့် မြို့နယ်များမှာ ကချင်ပြည်နယ်ရှိ နောင်မွန်းမြို့နယ်၊ ပူတာအိုမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ မိုညှင်းမြို့နယ်နှင့် ချီဖွေမြို့နယ်၊ ကယားပြည်နယ်ရှိ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်ရှိ ဖာပွန်မြို့နယ်နှင့် သံတောင်ကြီးမြို့နယ်၊ ချင်းပြည်နယ်ရှိ ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီးမြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ကံမမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ်၊ ရှမ်းပြည်နယ်ရှိ လားရှိုးမြို့နယ် အပါအဝင် ၂၆ မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

COVID-19 ပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ငါးရာခိုင်နှုန်းအောက်လျော့ကျလာပြီး အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ၂၉ ရက်အထိ သေဆုံးသူ ၉၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံရှိ နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်၍ အောက်တိုဘာ ၂၆ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသည့်  လူဦးရေ ၆၄၂၉၀၅၉ (၆ ဒသမ ၄၂ သန်း) ၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၆၃၆၉၂၆၃ ဦး (၆ ဒသမ ၃၆သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၁၂၇ ၉၈၃၂၂ (၁၂ ဒသမ ၇၉သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၉ သန်း ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ်အကုန်တွင် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ရာခိုင်နှုန်း ၅၀ ထိုးနှံနိုင်ရန်နှင့် ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ရာခိုင်နှုန်း ၇၀ ထိုးနိုင်ရန် စီစဉ်ထားသော်လည်း လက်ရှိကာကွယ်ဆေးထိုးနှံနိုင်မှုအရ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုမရှိသေးဘဲ ကာကွယ်ဆေး ဆက်လက်ထိုးနှံရန် လိုအပ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနည်းတူ နိုင်ငံတကာ ခရီးသွားများကို သတ်မှတ်စည်းမျဉ်းဖြေလျှော့၍ ဝင်ရောက်သွားလာခွင့်ပြုရန် လိုအပ်ပြီး ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်သည်။

COVID-19 ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ်သည် ကမ္ဘာ့ပေါ်မှ မည်သည့်အချိန်တွင်မျှ ပျောက်ကွယ်သွားနိုင်ခြင်းမရှိဘဲ ရောဂါကူးစက်ဖြစ်ပွားမှုကို ဟန့်တားထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းသာ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးတို့အကြား တိကျသည့် မျှခြေတစ်ရပ် ချမှတ်ဖော်ဆောင်ရမည်ဖြစ်ပြီး နေ့စဉ်လူမှု ဘဝပုံမှန်ဖြစ်စေရန်အတွက် COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းကို ဆောင်ရွက်ပေးနိုင်ရေးမှာ အလိုအပ်ဆုံး ဖြစ်သည်။

Most Read

Most Recent