ကိုးလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းရောင်းချခဲ့ခြင်း၊ တစ်ဒေါ်လာ ကျပ် ၂၀၀၀ အောက်ရှိလာသည့် နိုင်ငံခြားငွေလဲနှုန်းနှင့် ကျပ် ၁၈ သိန်းအောက် ကျဆင်းလာသော ပြည်တွင်းရွှေဈေး

ကိုးလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းရောင်းချခဲ့ခြင်း၊ တစ်ဒေါ်လာ ကျပ် ၂၀၀၀ အောက်ရှိလာသည့် နိုင်ငံခြားငွေလဲနှုန်းနှင့် ကျပ် ၁၈ သိန်းအောက် ကျဆင်းလာသော ပြည်တွင်းရွှေဈေး
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 31 October 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၀၀၀ ကျော် ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၉၆ သန်းနီးပါးလျော့ကျခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၁၅ ရက်အတွင်း ပြည်ပသို့ပို့ကုန်ဒေါ်လာ ၅၀၂ ဒသမ ၉၄၂ သန်းတင်ပို့ထားပြီး သွင်းကုန်ဒေါ်လာ ၅၃၈ ဒသမ ၆၅၅ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၁၀၄၁ ဒသမ ၅၉၇ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံကျော်သာရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၇ ဒသမ ၁၄၆ ဘီလျံကျော် ကုန်သွယ်မှုလျော့ကျခဲ့ သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ လျော့ကျလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူထက် လျော့ကျနေသည်။

ကိုးလအတွင်း ဗဟိုဘဏ်က ဒေါ်လာ  ၂၉၄ ဒသမ ၈ သန်း ရောင်းချ

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ  ကျပ် ၁၈၂၀ ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၂၂ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသန်း ၃၀ ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာကျပ် ၁၈၀၀ ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချခဲ့ရာ လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ  ကျပ် ၁၇၉၀ ဖြစ်သည်။

သို့ဖြစ်ရာ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသန်း ၁၁၀ အထိ စံချိန်တင်ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာလကုန်အထိ နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့်  ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချမှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှု မရှိခဲ့ပေ။

ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း ရောင်းချခဲ့သည်။ သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာလအတွင်း ဒေါ်လာ ၆၃ သန်း ၊ အောက်တိုဘာတွင် ဒေါ်လာသန်း ၁၁၀ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေပြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖွင့်လှစ်ဆောင်ရွက် နေသည်။

ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့်  ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့်နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ  သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ရောင်းချခြင်း ဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း နိုုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၀၀၀ အောက်ရောက်ရှိလာခြင်း

၂၀၂၁ ခုနှစ် အောက်တိုဘာ လနောက်ဆုံးပတ်အတွင်း ပြည်တွင်းစျေးကွက်အတွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၀၀၀ အောက်သို့ ရောက်ရှိလာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid - Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ယင်းနောက် စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချလာခဲ့သည်။

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းလာခဲ့ပြီး အောက်တိုဘာ ၂၉ ရက်တွင် တစ်ဒေါ်လာကျပ် ၁၉၄၀ ဝန်းကျင်ရှိလာခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၁၀၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၇၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၂၀ ကျပ်၊ ထိုင်းဘတ် ၅၆ကျပ်၊ ဂျပန်ယန်း ၁၆ ကျပ်၊ တရုတ်ယွမ်ကျပ်၂၉၀ တို့ဖြစ်သည်။

ကျပ် ၁၈ သိန်းအောက် ကျဆင်းလာသည့် ပြည်တွင်းရွှေစျေး

စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၃၃ ဝန်းကျင်ရှိပြီး ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့သည့်  ပြည်တွင်းရွှေစျေးနှုန်းမှာ အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၁၈ သိန်းအောက် ကျဆင်းလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရွှေစျေးနှုန်းကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ရန်ကုန်ရွှေစျေးကွက်အတွင်းသို့ ရွှေဆိုင်များမှ ရွှေပိဿာချိန် ၅၀ ခန့် ရောင်းချပေးထားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားထားသည်။

စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အစည်းအဝေးပြုလုပ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များမှ ရွှေစျေးကွက်အတွင်း ရွှေများကိုရောင်းချရန် သဘောတူညီမှုရရှိခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ရွှေစျေးကွက်မှာ ပုံမှန်အခြေအနေတွင် တစ်နေ့လျှင် ပိဿာ  ၅၀ နှင့် ၁၀၀ အကြား ရှိကြောင်း၊ အရောင်းအဝယ်ပါးသည့်နေ့တွင် ပိဿာ ၂၀ နှင့် ၂၅ ပိဿာ ကြားတွင်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားထားသည်။

အောက်တိုဘာ ၂၅  ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၉၇ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၉၈၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၆၉၂၅၀၀ ဝန်းကျင်ရှိ နေခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်တွင် ၁၆ ပဲရည် အခေါက်ရွှေစျေးမှာ ကျပ် ၁၇၅၉၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးမှာ ကျပ် ၁၆၅၁၀၀၀၊ အောက်တိုဘာ ၂၈ ရက်တွင် ပြည်တွင်းရွှေစျေးမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးမှာ ကျပ် ၁၇၆၉၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၆၆၅၀၀၀ ဖြစ်သည်။

အောက်တိုဘာ ၂၉ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၉၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၉၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၆၈၅၀၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။

Most Read

Most Recent