၀ယ်ယူမှုစရိတ်နှင့် ရောင်းဈေးများ သိသာစွာမြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ၁၃ လဆက်တိုက်ကျဆင်းမှု

၀ယ်ယူမှုစရိတ်နှင့် ရောင်းဈေးများ သိသာစွာမြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ၁၃ လဆက်တိုက်ကျဆင်းမှု
ရန်ကုန်မြို့ရှိ ဈေးတစ်ဈေးမှ ဈေးသည် ဈေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဈေးတစ်ဈေးမှ ဈေးသည် ဈေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 10 October 2021
နီလာ

အာဆီယံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၌မူ စက်တင်ဘာလအတွင်း စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ပြန်လည်ဦးမော့လာခဲ့ပြီး မြန်မာနိုင်ငံတွင် ကျဆင်းမှုနည်းလာခဲ့ကြောင်း IHS Markit အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို အာဆီယံဒေသတွင်းရှိ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာစသည့် ခုနစ်နိုင်ငံကို စစ်တမ်းအဓိကကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် အဓိကအကျဆုံး အာဆီယံ၏ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ စက်တင်ဘာတွင် အမှတ် ၅၀ တွင် မှတ်တမ်းတင်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လတွင် အမှတ် ၄၄ ဒသမ ၅ မှာသာ ရှိနေခဲ့ခြင်း ဖြစ်သည်။

“အကျုံးဝင်သည့် ခုနစ်နိုင်ငံများထဲက သုံးနိုင်ငံဖြစ်တဲ့ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် စက်မှုထုတ်လုပ်မှုပြန်ပြီး ဦးမော့လာခြင်းက ထုတ်လုပ်နိုင်စွမ်းကို မသိမသာ မြှင့်တင်ပေးနိုင်ခဲ့ပြီး ဗီယက်နမ်မှအပ ကျန်နိုင်ငံများတွင် ဆုတ်ယုတ်မှုနှုန်းမှာ အားပျော့လာခဲ့ပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသည်။

စင်ကာပူနိုင်ငံ PMI အညွှန်းကိန်းမှာ သြဂုတ်တွင် ၄၄ ဒသမ ၃ ရှိရာမှ စက်တင်ဘာတွင် ၅၃ ဒသမ ၄ သို့ မြင့်တက်လာခဲ့ခြင်းက ခိုင်မာသည့် တိုးတက်မှုကို ညွှန်ပြနေပြီး အားအကောင်းဆုံး ဦးမော့မှုကို မြင်ခဲ့ရခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၁ ခုနှစ် ဇွန်မှစ၍ ကုန်စည်ထုတ်လုပ်မှု တိုးတက်ခြင်းကို ပထမဆုံး အကြိမ်ပြလာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလအတွင်း ၎င်း၏ PMI အညွှန်းမှာ ၅၂ ဒသမ ၂ ရှိပြီး အသင့်အတင့် တိုးတက်မှုကို ပြသနေသည်။

ထုတ်လုပ်ရေးကဏ္ဍ တိုးတက်မှုကို ပြသခဲ့သည့် နောက်နိုင်ငံတစ်ခုမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်သည်။ စက်တင်ဘာလအတွင်း ၎င်း၏ PMI အညွှန်းကိန်းမှာ ၅၀ ဒသမ ၉ ရှိသည်။

ထိုင်းနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၄၈ ဒသမ ၉ ရှိပြီး သုံးလအတွင်းမှာ အနည်းဆုံး တိုးတက်မှုနှုန်းကို ပြနေကြောင်း၊ အလားတူပင် မလေးရှားနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၄၈ ဒသမ ၁ ရှိပြီး ကျဆင်းမှုနှုန်း အနည်းဆုံးသို့ အားပျော့သွားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် စက်တင်ဘာလတွင် ကျဆင်းမှုနှုန်းနည်းလာခဲ့ပြီး PMI အညွှန်းကိန်း ၄၁ ဒသမ ၁ ရှိနေသည်။ သို့သော်လည်း ထုတ်လုပ်ရေးအခြေအနေများ လျင်မြန်စွာဆုတ်ယုတ်လာနေခြင်းကို ညွှန်ပြနေဆဲဖြစ်သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် စက်တင်ဘာလအတွင်း စက်မှုကဏ္ဍအပေါ်သို့ COVID-19 ကပ်ရောဂါနှင့် ကန့်သတ်ရေးအစီအစဉ်များ၏ သက်ရောက်မှုများကြောင့် လေးလမြောက်ဆက်တိုက် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ စက်တင်ဘာလ၏ PMI အညွှန်းကိန်းမှာ ပြီးခဲ့သည့်သြဂုတ်လ၏ PMI အညွှန်း ၄၀ ဒသမ ၂ မှာသာ မပြောင်းလဲဘဲ ရှိနေခဲ့သည်။

Purchasing Manager’s Index (PMI) အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်း ကိန်းငါးခုကို တွက်ချက်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကအားဖြင့် ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ စက်တင်ဘာတွင် တစ်ဟုန်ထိုးကျဆင်းသွားသော်လည်း နှုန်းမှာမူအားပျော့လာကြောင်း၊လက်ကျန်အလုပ်များ စံချိန်တင်မြင့်တက်လာခြင်း၊ ဝယ်စျေးများနှင့် ရောင်းစျေး၏ငွေကြေးဖောင်းပွမှု အားပြင်းလာနေကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

“နောက်ဆုံး PMI ဒေတာက ဗိုင်းရပ်စ်ကူးစက်မှုများ ထပ်ပြီးတိုးလာခဲ့ပြီးနောက်  စက်ရုံများနဲ့လုပ်ငန်းများ ဆက်ပြီးပိတ်ထားရတဲ့အတွက် မြန်မာနိုင်ငံတစ်ဝန်းက ထုတ်လုပ်ရေးကဏ္ဍဟာ ခက်ခဲတဲ့ကာလကို ဖြတ်ကျော်နေရတယ်ဆိုတာ ထောက်ပြနေပါတယ်။ အလုပ်သမားတွေ သူတို့ဇာတိနေရပ်ကို  ဆက်လက်ပြန်သွားနေကြရာ ကုမ္ပဏီတွေအနေနဲ့ မကြာခဏဆိုသလို အစားထိုးဖို့ ကျွမ်းကျင်လုပ်သားတွေ ရှာမရကြပါဘူး။ အဲဒီအတွက် ထုတ်လုပ်ရေးလုပ်ငန်းအပေါ် ဖိအားပေးမှုတွေ တိုးလာပြီးတော့ စစ်တမ်းရဲ့ ခြောက်နှစ်နီးပါးကာလအတွင်းမှာ လက်ကျန်စာရင်းတွေ အမြင့်ဆုံးနှုန်းနဲ့ တိုးလာပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာမှာ ကုန်ကြမ်းပစ္စည်းတွေ ရှားပါးလာခြင်းနဲ့ အခြေမသာတဲ့ ငွေလဲနှုန်းကစားမှုတွေကြောင့် ကုန်ကျစရိတ်တွေ ထိုးတက်သွားပါတယ်” ဟု  IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် စက်တင်ဘာလကုန်ပိုင်းက ကျပ် ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်း ဒေါ်လာစျေး အနည်းငယ် ကျဆင်းလာသည်ဟု ဆိုနိုင်သော်လည်း တစ်ဒေါ်လာကျပ် ၂၂၀၀ ဝန်းကျင်ရှိနေဆဲဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်း အတက်အကျသည် နိုင်ငံခြားငွေဝယ်လိုအားနှင့် ရောင်းလိုအားကို သက်ရောက်စေနိုင်သော အကြောင်းရင်းများအပေါ်တွင် အခြေခံပြီး အဓိကကျသည့်အချက်များမှာ နိုင်ငံခြားငွေကြေးစျေးကွက် အခြေအနေ၊ နိုင်ငံ့ပို့ကုန်သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ရသုံးမှန်းခြေ ငွေစာရင်းအခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ စျေးနှုန်းအခြေအနေတို့ ဖြစ်သည်။

ဒေါ်လာစျေး မြင့်တက်မှုကြောင့် ပြည်ပမှ သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆေးဝါး၊ အစားအစာကဲ့သို့ ကုန်စည်များကို စျေးနှုန်းမြင့်တက်စေခဲ့သည်။ ထို့ပြင် ပြည်ပမှသွင်းကုန်အများစု စျေးနှုန်းမြင့်တက်နေခြင်းက မြန်မာ့ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် သက်ရောက်လာခဲ့သည်။

COVID-19 ကူးစက်မှုများ တိုးလာခြင်းက စက်တင်ဘာလတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းက စက်ရုံများနှင့်လုပ်ငန်းများကို ဆက်ပိတ်လာစေရာ ရှေ့ဆက်ကျဆင်းမှုဆီ ဦးတည်နေကြောင်း IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

Purchasing Manager’s Index (PMI) အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များစသည့် အညွှန်းကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

လုပ်ကိုင်မှုအခြေအနေများသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှစပြီး လစဉ်ဆုတ်ယုတ်လာခဲ့ရာ နောက်ဆုံးကျဆင်းမှုမှာ စစ်တမ်းသမိုင်းထဲတွင် အပြင်းထန်ဆုံးဖြစ်သည်။ သို့သော်လည်း ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ၏ ကျဆင်းမှုနှုန်းမှာ သြဂုတ်တွင် မြင်ခဲ့ရသည်ထက် သိသာစွာအားပျော့လာသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် စက်တင်ဘာလအတွင်း အနည်းငယ်မြင့်တက်ခဲ့သော်လည်း ထုတ်လုပ်မှုပမာဏမှာ ၁၃ လ ဆက်တိုက်ကျဆင်းနေခြင်းဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် အဓိကအကျဆုံး မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ စက်တင်ဘာတွင် ၄၁ ဒသမ ၁ တွင် ရှိ၍ ပြီးခဲ့သည့် သြဂုတ်လတွင်ရှိခဲ့သည့် ၃၆ ဒသမ ၅ ထက် မြင့်တက်လာခဲ့သည်။

သို့သော်လည်း PMI အညွှန်းကိန်း၏ အရေးကြီးသည့် အပြောင်းအလဲမရှိ အမှတ် ၅၀ အောက်မှာ ၁၃ လ ဆက်တိုက်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး လုပ်ကိုင်မှု အခြေအနေများမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာမှစပြီး လစဉ်ဆုတ်ယုတ်လာခဲ့ခြင်းဖြစ်ကြောင်း စစ်တမ်း၌ဖော်ပြထားသည်။

စက်တင်ဘာတွင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ၏ ကျဆင်းမှုနှုန်းမှာ ပြီးခဲ့သည့် သြဂုတ်တွင် တွေ့မြင်ခဲ့ရသည်ထက် သိသာစွာ အားပျော့လာခဲ့သည်။

“ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များထဲက ကျဆင်းမှုများမှာ လွန်ခဲ့သည့်နှစ်လနှင့်စာလျှင် သိသာစွာအားပျော့လာပြီး ကာကွယ်ဆေးထိုးပေးရန် အားထုတ်မှုများ အရှိန်ရလာလျက် စတုတ္ထလှိုင်းကို ဟန့်တားပေးနိုင်ဖွယ်ရှိပါတယ်။ လောလောဆယ်တွင် ကုမ္ပဏီများက ကန့်သတ်ချက်များ ရုပ်သိမ်းပေးမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေရင်း ၎င်းတို့၏လုပ်ငန်းများ ပြန်လုပ်ကိုင်နိုင်ကာ လက်ကျန်စာရင်းများကို ရှင်းပစ်လိုကြပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

စျေးနှုန်းများကို လေ့လာကြည့်လျှင် နိုင်ငံတကာတွင် ကုန်ကြမ်းပစ္စည်းများ ရှားပါးနေခြင်းနှင့် အခြေမသာသည့် ငွေလဲနှုန်းကစားမှုများက ငွေကြေးဖောင်းပွမှုကို ဖိအားပေးလာကြပြီး ဝယ်ယူမှုစရိတ်များနှင့် ရောင်းစျေးများ သိသာစွာ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ကုန်ကျစရိတ် မြင့်တက်လာခြင်းကို တု့ံပြန်ရင်း ကုမ္ပဏီများက ၎င်းတို့၏ရောင်းစျေးများကို မြှင့်တင်ခဲ့ကြရာ စစ်တမ်းသမိုင်းထဲတွင် စတုတ္ထအများဆုံးဖြစ်လာကြောင်း၊ ရောင်းစျေးများမှာ ယခု ၁၀ လဆက်တိုက် တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်း ရင်ဆိုင်လာရမှုသည် ကိုဗစ်ပထမလှိုင်း၊ ကိုဗစ် ဒုတိယလှိုင်းကို အလူးအလဲခံစားခဲ့ရသည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများအပေါ် စိန်ခေါ်မှုကြီးစွာရှိနေခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများ၊ ဘဏ်လုပ်ငန်းအခက်အခဲများ၊ ငွေသားထုတ်ယူမှုအပေါ် ရာခိုင်နှုန်းပေး၍ ထုတ်ယူနေရသည့်အခြေအနေများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေမှု အခြေအနေများက စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသည့် အခြေအနေများ၊ ကုန်ကြမ်းရရှိမှု အခက်အခဲများ ဖြစ်ပေါ်လာခြင်း၊ ကုန်ချောထုတ်လုပ်ရန်ခက်ခဲမှုများ၊ ငွေကြေးလည်ပတ်စီးဆင်းမှု အခက်အခဲများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက်လုပ်ကိုင်နေကြသည့် လုပ်ငန်းအချို့ လုပ်ငန်းပိတ်သိမ်းရင် ပြင်ဆင်နေကြကြောင်း ယင်းလုပ်ငန်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်ရုံ၊  အလုပ်ရုံများ အများဆုံးတည်ရှိရာ လှိုင်သာယာမြို့နယ်တွင် လှိုင်သာယာ စက်မှုဇုန်၊ ရွှေလင်ဗန်းစက်မှုဇုန်နှင့် ရွှေသံလွင်စက်မှုဇုန်တို့တွင် ဖေဖော်ဝါရီလ နောက်ပိုင်းကာလ၌ ပိတ်သိမ်းသည့် စက်ရုံများစွာရှိကြောင်း စက်မှုဇုန်ကော်မတီများထံမှ သိရသည်။

လှိုင်သာယာစက်မှုဇုန်တွင် ဖေဖော်ဝါရီမှစ၍ လက်ရှိအချိန်အထိ ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့် စက်ရုံ ၂၉ ရုံရှိကြောင်း လှိုင်သာယာစက်မှုဇုန် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ လှိုင်သာယာစက်မှုဇုန်မှာတော့ ပိတ်ထားတဲ့စက်ရုံ ၂၉ ရုံရှိပါတယ်။ ဒီနှစ်အတွင်း ဖေဖော်ဝါရီကနေ စပြီးတော့ပေါ့။ ကျွန်တော်တို့ဆီကို စာတင်တာတော့ ယာယီပိတ်တယ်လို့ တင်တာပါ။ အလုပ်သမားတွေအတွက် လစာနဲ့ပတ်သက်ပြီးတော့က အကုန်လုံး ဥပဒေအတိုင်း နစ်နာကြေးတွေပေးပြီး ပိတ်လိုက်တာပါ” ဟု လှိုင်သာယာစက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ရွှေသံလွင်စက်မှုဇုန်တွင်လည်း ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့်စက်ရုံ ကိုးရုံရှိကြောင်း ရွှေသံလွင်စက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ရွှေသံလွင်စက်မှုဇုန်မှာတော့ ပိတ်တဲ့စက်ရုံက အစကတော့ ၁၂ ရုံရှိတယ်။ အဲဒီ ၁၂ ရုံရှိတဲ့အထဲမှာ ပြန်ဖွင့်တဲ့ စက်ရုံကသုံးရုံရှိတဲ့အတွက် အခုကိုးရုံပဲ ကျန်တော့တယ်။ ဒီနှစ် ဇန်နဝါရီကနေ ခုချိန်အထိပေါ့နော်။ တချို့စက်ရုံတွေကတော့ ပိတ်တယ်ပြောပေမဲ့ ယာယီပိတ်တာရှိတယ်။ တခြားနေရာပြောင်းဖွင့်တာတွေလည်း ရှိတာပေါ့” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ရွှေလင်ဗန်းစက်မှုဇုန်တွင်လည်း ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့် စက်ရုံပေါင်း ၃၅ ရုံရှိကြောင်း တာဝန်ရှိသူတို့၏ ပြောကြားချက်များအရ သိရသည်။

“ကျွန်တော်တို့စက်ရုံမှာတော့ ယာယီပိတ်တာ ၃၀ လောက်တော့ရှိတယ်။ အပြီးပိတ်တာ ငါးရုံလောက်တော့ ရှိတယ်။ စုစုပေါင်း ၃၅ ရုံရှိတယ်။ ပိတ်တဲ့စက်ရုံတွေ အကုန်လုံးကတော့ အလုပ်သမားခတွေ ရှင်းပြီးမှ ပိတ်တာပါ” ဟု ရွှေလင်ဗန်း စက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ပိတ်သိမ်းသည့် စက်ရုံများတွင် အထည်ချုပ်စက်ရုံများ အပါအဝင် အခြားစက်ရုံ၊ အလုပ်ရုံများလည်း ပါဝင်ကြောင်း သိရသည်။

“ပိတ်တဲ့အထဲမှာလည်း အထည်ချုပ်စက်ရုံတွေလည်း ပါတာပေါ့နော်။ ဒါပေမဲ့ စက်ရုံအသေးလေးတွေကတော့ ပိတ်တာများတာပေါ့နော်။ ဟိုနေ့ကဆို မုန့်လုပ်တဲ့ စက်ရုံပိတ်တာပေါ့နော်။ ဆီစျေးက တက်လာတာလေ။ အဲဒီတော့ မကိုက်တော့ ပိတ်တာရှိတယ်။ ခုလည်း ပိတ်တဲ့ ၃၅ ရုံထဲမှာ အထည်ချုပ်စက်ရုံက အနည်းဆုံး ၁၀ ရုံလောက်တော့ ရှိတယ်” ဟု ၎င်းကဆိုသည်။

ကုန်စည်ထုတ်လုပ်သူ လုပ်ငန်းရှင်များက ရောင်းရမှုနည်းလာခြင်း၊စျေးနှုန်းများ မြင့်တက်လာခြင်းနှင့် စက်ရုံများ ပိတ်နေရခြင်းတို့ ပေါင်းစုံမိခြင်းက ဝယ်ယူမှုများကို လျော့ကျလာစေခဲ့ကြောင်း ထောက်ပြခဲ့ကြပြီး ဝယ်ယူမှုပမာဏ ကျဆင်းမှုမှာ ပြင်းထန်ခဲ့ကြောင်းဟု ပြောကြားခဲ့သည်။       

ပြီးခဲ့သည့်သြဂုတ်လတွင် ငါးလအတွင်း အနိမ့်ဆုံးသို့ ဆင်းသွားခဲ့သည့် ထည့်ကုန်စျေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ စက်တင်ဘာတွင် မြင့်တက်လာခဲ့ပြန်သည်။ စစ်တမ်းတွင် ပါဝင်ကြသူတို့၏ အဆိုအရ အခြေမသာသည့် ငွေလဲနှုန်းနှင့် ကုန်ကြမ်းရှားပါးမှုများမှာ ငွေကြေးဖောင်းပွမှုကို မြှင့်တင်နေကြသည့် ဖိအားများဖြစ်ကြသည်ဟု စစ်တမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

ထုတ်လုပ်မှုဆိုင်ရာ ၁၂ လအတွက် မျှော်မှန်းချက်မှာ စက်တင်ဘာတွင် သြဂုတ်လ၏စံချိန်တင် ကျဆင်းမှုမှ မြင့်တက်လာခဲ့ပြီး အပေါင်းလက္ခဏာသို့ ပြောင်းလာခဲ့ကြောင်း၊ ခြုံပြောရလျှင် အကောင်းမြင်မှုမှာ အားနည်းခဲ့ပြီး ထုတ်လုပ်မှုအတွက် ၁၂ လ မျှော်မှန်းချက်မှာ စစ်တမ်းသမိုင်းတွင် အနိမ့်ဆုံးမှာ ရှိနေသည်ဟုသိရသည်။

စီးပွားရေးလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံသူများက လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ တည်ငြိမ်ကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုရရှိလာသည်အထိ လုပ်ငန်းလည်ပတ်မှုများကို ရပ်စဲထားကြသဖြင့်  မြန်မာ့စက်မှု ကုန်ထုတ်လုပ်မှုကဏ္ဍ ပြန်လည်ဦးမော့လာမည့် အခြေအနေကို ခန့်မှန်းရန် မလွယ်ကူသေးကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent