မာန်အောင်ကျွန်းမှ နဂါးများရှိရာသို့ ခရီးတစ်ခေါက်

မာန်အောင်ကျွန်းမှ နဂါးများရှိရာသို့ ခရီးတစ်ခေါက်
Published 10 October 2021
​​​​​​​သန်းလှိုင်(စစ်တွေ)

မာန်အောင်မြို့သို့လာခဲ့ရသော ခရီးစဉ်မှာ ကွေ့ကောက်လှသည်။ စစ်တွေက ကျောက်ဖြူရေကြောင်း၊ ယင်းမှ ဇင်ချောင်း၊ ဇင်ချောင်းမှ ရမ်းဗြဲကျွန်းထဲသို့ ဆိုင်ကယ်အ တန်တန်ဖြင့်သွားရသည်။ ရမ်းဗြဲကျွန်းမှ ကူးတို့စက်လှေဖြင့် မာန်အောင်သို့ ပင်လယ်ပြင်ကိုဖြတ်ကာ လာရခြင်းဖြစ်သည်။

မာန်အောင်မြို့ကိုရောက်ရောက်ချင်း နဂါးကို သတိရမိသည်။ နဂါးဆိုသည်မှာ မီးတောင်ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ မာန် အောင်သည် ပင်လယ်ပြင် ပတ်လည်ဝန်းရံ ထားသော ကျွန်းကြီးတစ်ခုလည်းဖြစ်ပြီး မာန် အောင်မြို့ကို ဂေါဒီပကျွန်း၊ နာဂဒီပကျွန်း၊ စတုပါဒ်ကျွန်း၊ ကျွန်းပြာသာဒ်၊ ဘောင်ဒူကျွန်း၊ ကျွန်းသာယာ၊ မိန်းမလှကျွန်း၊ ချဒူဘာကျွန်း၊ မေဃဝတီကျွန်း အစရှိသော အမည်များ ခေါ် တွင်ကြသည်။

ပင်လယ်ပြင်အတွင်းသီးခြားတည်ရှိ သော ကျွန်းတစ်ခုဖြစ်သည့်အတွက် သွားလာရန်ခက်ခဲသော်လည်း စည်ကားသိုက်မြိုက်လှသည်။ တခြားမြို့များနှင့် ရေကြောင်းလမ်း ဖြင့်သာ သွားလာရသည်။ ပွင့်လင်းရာသီမျိုး တွင် လေယာဉ်ငယ်များ တစ်ပတ်လျှင် နှစ် ကြိမ်ခန့်ပြေးဆွဲနေသည်ကို သိရသည်။ သို့ သော်လည်း ဘက်ပေါင်းစုံက နိမ့်ကျနေသော ကျွန်းတစ်ခုဖြစ်သည်ကို အံ့သြဖွယ်ရာ တွေ့ရ သည်။

နဂါးတောင်ဟုပြောလျှင် ယခုခေတ်လူ ငယ်များ ရယ်ကြလိမ့်မည်ဖြစ်သော်လည်း အယူအဆနှင့် တိုးတက်မှုမရှိခဲ့သော ရှေးလူ တို့က မီးတောင်ကို နဂါးတောင်ဟုခေါ်ကြ သည်။ မီးတောင်ပေါက်ကွဲခြင်းကို နဂါးထ သည်ဟုခေါ်ပြီး ဆူပွက်နေသော မီးတောင်များ ကို နဂါးပွက်သည်ဟုလည်း ခေါ်ဆိုကြသည်။ ယင်းအတွက်လည်း နဂါးတောင်ဟုခေါ်ဆို ခြင်းဖြစ်သည်။ နဂါးထသည်ဟု ယနေ့တိုင် ယုံကြည်နေကြဆဲ ခေါ်ဆိုနေကြဆဲဖြစ်သည် ကိုလည်း တွေ့ရသည်။

စာရေးသူမှာ မာန်အောင်မြို့သို့ရောက်သည့်နေ့၌ပင် မြို့၏အနောက်တောင်ထောင့် တွင်တည်ရှိသော ဇီးတောနဂါးတောင်သို့  ဆိုင်ကယ်တစ်စီးငှားယူပြီး ဆိုင်ကယ်မောင်း သူနောက်မှ စီးနင်းလိုက်လာခဲ့သည်။      

မာန်အောင်မြို့နယ်အတွင်း နဂါးတောင် (နဂါး) များစွာရှိသော်လည်း သွားရောက်ရန် ခက်ခဲလှသည်။ ယင်းအတွက်လည်း လာ ရောက်လေ့လာသူ နည်းပါးလှသည်။

ဇီးတောနဂါးတောင်ခရီးကို ဆိုင်ကယ်ဖြင့် တစ်နာရီခန့်သွားရသည်ဟု သိရသည်။ ခရီးပန်းလာသော်လည်း ရောက်ချင်စိတ်က တားမရသဖြင့် ထိုသို့အလျင်စလို သွားရောက် ရခြင်းဖြစ်သည်။ သို့သော်လည်း လမ်းတွင် ခင်းထားသော ကျောက်ကွဲစများက ဆိုင်ကယ် ကို ဒုက္ခပေးတော့သည်။  ထုခွဲထားသော လမ်း ခင်းကျောက်ခဲငယ် များကြောင့် ဆိုင်ကယ်မှာ ဘီးပေါက်သဖြင့် တစ်မိုင်ခန့်တွန်းပြီး သွားကာ ပြန်လည်ပြုပြင်ရသည်။

လမ်းမကောင်း၊ ကျောက်ကြမ်းလမ်းသာ ရှိသည့်အတွက် မော်တော်ဆိုင်ကယ်ဖြင့် အပြင်းနှင်လျှင် နှစ်နာရီခန့်ကြာမြင့်မည်ဟု သိရသည်။ ဆိုင်ကယ်ဆရာ၏ ပညာပြမှု ကြောင့် နောက်မှပြုတ်ကျမကျန်ခဲ့စေရန် အတွက်လည်း ဆိုင်ကယ်ဆရာ၏ပခုံးကို ကိုင် ထားရသကဲ့သို့ ကင်မရာကိုလည်း တစ်ဖက်က သတိထားနေရသည်။

လမ်းတွင် ရခိုင်ရွာများနှင့် ခမီးရွာများ ကိုသာတွေ့ရပြီး တိုင်းရင်းသားမဟုတ်သူများ ကိုမတွေ့ရပေ။ တချို့သောနေရာများတွင် တံတားငယ်များကို  လပေါင်းများစွာပြုပြင်နေရ သဖြင့် လမ်းဟုတ်သည့် လမ်းကြို လမ်းကြား များမှ ခက်ခဲစွာဖြတ်သန်းခဲ့ရသကဲ့သို့ ဆိုင် ကယ်ကို ထမ်းမကာ ချောင်းမြောင်းများကို လည်း ဖြတ်သန်းခဲ့ရသည်မှာ ခရီးသွားခြင်း၏ အရသာတစ်ခုပင်ဖြစ်ပေမည်။

ယင်းတောင်ပေါ်တွင် မဖွယ်မရာများ လုပ်လျှင် အသက်ဆုံးရှုံးတတ်သည်ဟုလည်း ယင်းအနီးမှာ ရွာသားများက ယုံကြည်နေကြ ဆဲဖြစ်သဖြင့် နဂါးတောင်ရောက်လျှင် မဖွယ် မရာပြုလုပ်ခြင်း၊ အရက်သေစာသောက်စား ခြင်းများကို ရှောင်ကြသည်။ မြို့၏ အနောက် တောင်ဘက် မိုင် ၂၀ ခန့်ဝေးသော ဇီးတော နဂါးတောင်သည် ပင်လယ်ကမ်းစပ်တွင် တည်ရှိပြီး တောင်ကုန်းလေးသဖွယ် ဖြစ်နေ သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာက နောက်ဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ယခုတိုင် ငြိမ်သက်နေသော ရွှံ့မီးတောင်ဖြစ်သည်။ ယင်းသို့ပေါက်ကွဲစဉ်က မြေလွှာများအက်ကွဲမှု များဖြစ်ပေါ်ကာ ဇီးတောကျေးရွာသားများပင် တုန်လှုပ်ခဲ့ရကြောင်း သိရသည်။

ယခုအခါတွင် ချော်ရည်များမှာ မြေသား များနှင့်ရောနှောကာ မြက်ပင်ငယ်များပင် ပေါက်နေပြီဖြစ်သည်။ ယခင်က မြေပြန့်တစ် ခုဖြစ်သော်လည်းနောက်ပိုင်းတွင် တောင် ကုန်းသဖွယ် ဖြစ်လာခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

ယင်းမီးတောင်မှာ ထူးခြားသည့်မြင်ကွင်း များကိုမတွေ့ရပေ။ စိတ်ဝင်စားစရာလည်း နည်းပါးလှသည့် မီးတောင်သေတစ်ခုဖြစ်သည် ကိုသာ တွေ့ရသည်။ အလားတူစွာပင် ယင်း ဘက်နယ်တစ်ကြောတွင် သစ်ပုံရွှံ့မီးတောင်၊ ဆန်ပေါနဂါးရွှံ့မီးတောင်၊ ခွေးနဂါးရွှံ့မီး တောင်၊ သူပုန်နဂါးရွှံ့မီးတောင်အစရှိသော ရွှံ့မီးတောင်များစွာလည်း ရှိသေးကြောင်းနှင့် သူပုန်နဂါးရွှံ့မီးတောင်မှာ တိုင်းပြည်မငြိမ် မသက်ဖြစ်တော့မည်ဆိုလျှင် ဆူပွက်လေ့ရှိပြီး ချော်ရည်များ စိမ့်ထွက်လေ့ရှိကြောင်း သိရ သည်။

သို့သော်လည်း ယင်းနေရာများမှာ ခရီး ဝေးဖြင့် သွားရောက်ရန်မဖြစ်ခဲ့ပေ။ ဇီးတော နဂါးတောင်ကိုလေ့လာပြီး ယင်းအနီးမှ ဒေသ ခံအချို့နှင့် တွေ့ဆုံစကားပြောကာ သိလို သည်များကိုမှတ်တမ်းတင်ကာ ပြန်လာခဲ့ရ သည်။ ညနေ နေဝင်ချိန်နီးလောက်မှ မြို့ပေါ် တည်းခိုခန်းသို့ ပြန်ရောက်သည်။

နောက်တစ်နေ့တွင် မြို့၏အနောက် တောင်ဘက် ၁၃ မိုင်ခန့်ဝေးသော နဂါးရွာရွှံ့ မီးတောင်သို့ တပည့်ငယ် မောင်ဆန်းလင်းက လိုက်ပို့သဖြင့် ဆိုင်ကယ်တစ်စီးဖြင့်သွား ရောက်ခဲ့ကြသည်။ လမ်းပိုင်းအနည်းငယ်မှာ လွန် စွာကြမ်းသော်လည်း နဂါးတောင်ရောက် သည်အထိ ဆိုင်ကယ်ပေါ်မှ မဆင်းဘဲ တိုက် ရိုက်မောင်းနှင်နိုင်သည်။ ယင်းတွင် မီးတောင် ရှင်လေးလုံးနှင့် မီးတောင်သေသုံးလုံးရှိသည် ကို တွေ့ရသည်။ အမြင့်ပေ ၂၀၀ ခန့်တည်ရှိ သော တောင်ကုန်းတစ်ခုကို ဆိုင်ကယ်ဖြင့် ကျော်ဖြတ်ရပြီး တောင်အဆုံး ကုန်းမြင့်လွင်ပြင်ကြီးတစ်ခုကိုတွေ့ရသည်။ ထိုလွင်ပြင်တွင်တည်ရှိနေသော နဂါး ဘိုတောင်၊ နဂါးမတောင်၊ နဂါးလယ် တောင် ဟူသော ရွှံ့မီးတောင်သုံးလုံးမှာ ဖိုခနောက် ဆိုင်တည်ရှိနေသည်။

ရွှံ့မီးတောင်နှစ်လုံးမှာ တစ်ခုနှင့်တစ်ခု ပေတစ်ထောင်လောက်သာ ဝေးသော်လည်း နောက်တစ်ခုမှာ နှစ်ဖာလုံမျှဝေးသည်။ မို့ မောက်နေသော ရွှံ့ပုံကြီးတစ်ခုသဖွယ်ဖြစ် တည်နေသည်ကို တွေ့ရ သည်။ မကြာသေးမီ ရက်ပိုင်းများ နဂါးမရွှံ့မီးတောင် ပေါက်ကွဲမှု ဖြစ်ခဲ့သဖြင့် ချော်ရည်များ ဘေးသို့ပျံ့နှံ့နေ သည်မှာ ဆန်ကောဝိုင်းကြီးတစ်ခု (သို့ မဟုတ်)ထမင်းနှဲအိုးကြီးတစ်ခုသဖွယ်ဖြစ် နေသည်ကို တွေ့ရ သည်။ အချင်းပေ ၇၀၀ ရာခန့်ရှိသော အပေါ်ယံမာကျောနေသည့် ရွှံ့ပုံကြီးကိုတွေ့ရ သည်။

ရွာငယ်လေးတစ်ရွာအတွင်းမှ ဒေသခံ အချို့နှင့်တွေ့ဆုံကာ နဂါးသို့သွားရန်ပြင်ဆင် ကြသည်။ ရွာသားအချို့ကို ခေါ်ဆောင်သွား ခဲ့ရသည်။ မီးတောင်သို့မသွားမီ ရွာဦးဘုန်း တော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာ တော်အား အကျိုးအကြောင်းပြောပြ လျှောက် ထားရာ ဆရာတော်က ]]ပြီးခဲ့တဲ့ ရက် ၂၀ လောက်က တစ်ခေါက်ပေါက်တော့ ရွှံ့ရည် တွေ ပေ ၃၀ လောက်မြင့်တက်သွားတာကို ကျောင်းကနေမြင်နေရတယ်။ နေ့လယ်ဘက် ပေါက်တာပေါ့။ သုံးနာရီကြာကြာ ပေါက် တယ်။ နောက်မှငြိမ်သွားတယ်။ ဒီလိုပဲမကြာ ခဏပေါက်လေ့ရှိတယ်။ ဒါကိုနဂါးထတယ်လို့ ခေါ်ကြတယ်။ အသံအကျယ်ကြီးမြည်တယ်။ ဒါပေမဲ့ ပြန်ကျလာတဲ့ ရွှံ့ရည်တွေဟာဆန် ကောလိုဝန်းပြီး ပြန့်ကျသွားတယ်။ အနားကို တစ်ယောက်မှ သွားမကြည့်ရဲဘူး။ အဝေးကပဲ ကြည့်နေကြတယ်ပေါ့။ ပေါက်ကွဲပြီဆိုရင် ကြောက်စရာကောင်းပါတယ်}}ဟု နဂါးရွာမှ ဆရာတော် ဦးနန္ဒက မိန့်ကြားသည်။

ရွှံ့မီးတောင်ကြီးမှာ တည်ငြိမ်နေသော် လည်း ကြောက်စရာကောင်းလှသည်။ မည် သည့်အချိန်တွင် ထပေါက်မည်ကို မည်သူမျှ မသိပေ။ ကျွန်တော်တို့ မီးတောင်ဝအနီးသို့ သွားရောက်ကြည့်ရှုရာ ချော်ရည်များစီးကျ နေပုံမှာ စက်ဝန်းပုံသဏ္ဌာန်ကျယ်ပြန့်စွာ စီးဆင်းလျက်ရှိသည်ကိုမြင်တွေ့ရပြီး ဘေးမြေ  သားများမှာ လွှာတွန့်နေခြင်းများကို တွေ့ရ သည်။

ပြင်းထန်သော မြေသားတုန်ခါမှုကြောင့် တွန့်ခေါက်တက်သွားသည်များကိုလည်း တွေ့ ရသည်။ နေသည် မခံမရပ်နိုင်အောင် ပူသော်  လည်း စာရေးသူမှာ အပူဒဏ်ကို ဂရုမစိုက် အားဘဲ လိုအပ်သော မှတ်တမ်းဓာတ်ပုံများကို ရရှိရန်အတွက်သာ သဲကြီးမဲကြီးကြိုးစားရိုက် ယူနေခဲ့မိသည်။ ချော်ရည်များမှာ အပေါ်ယံ မာကျောနေပြီဖြစ်သဖြင့် အပေါ်မှတက်၍ သွားလာနိုင်သော်လည်း မီးတောင်ဝအနီးသို့ လွန်စွာမကပ်ဝံ့ပေ။ အန္တရာယ်သည် မိမိတို့ အတွက် အချိန်မရွေး ကျရောက်နိုင်သည်ကို သတိထားမိသည်။

ကျွန်တော်တို့ မီးတောင်သို့ သွားရောက် စဉ် လိုက်ပို့ပေးသော ဒိုးဒန်းကျေးရွာမှ ကျောင်းဆရာမ မမူမူနှင့်ကိုပုလုံးတို့မှာလည်း နေပူပြင်ကြီးတွင် အပင်ပန်းခံကာ စိတ်ရှည် ရှည်နှင့် စာရေးသူကို စောင့်ပေးကြသည့် အတွက် ကျေးဇူးတင်မိသည်။

နဂါးအဖိုဟုခေါ်သော မီးတောင်နေရာ နှင့်ကပ်လျက်တွင် စားပင်၊ ဟင်းပင်များစိုက် ပျိုး၍နေထိုင်ခဲ့သော အဘွားအို လင်မယား နှစ်ယောက်ရှိခဲ့ကြောင်း၊ တစ်နေ့ညတွင် ယင်း အဘွားအိုလင်မယားအား ထိုနေရာတွင် မနေ ရန် အိပ်မက်ပေးသဖြင့်  ဇနီးသည်မှာ ရွာသို့ ထွက်သွားခဲ့ပြီး အဘိုးကြီးမှာ ပေကတ်ကျန် ခဲ့သဖြင့် နောက်တစ်နေ့ညတွင် မီးတောင်ကြီး မားစွာပေါက်ကွဲကာ ချော်ရည်များက အဘိုး အို၏တဲနှင့် လူကိုပါ ဖုံးအုပ်လိုက်သဖြင့် အသက်ဆုံးရှုံးသွားခဲ့ကြောင်း မီးတောင်နှင့် သုံးမိုင်ခန့်ဝေးသော ဒိုးတန်းကျေးရွာမှ သက် ကြီးရွယ်အိုများက ပြောဆိုကြသည်။

ကြောက်စရာကောင်းသော ချော်ရည်ပုံ ထက်သို့ မိမိမှာစွန့်စားကာ တက်ရောက်ပြီး ဓာတ်ပုံများကို ရိုက်သည့်တိုင် အလယ်ဗဟိုကို

မမြင်ခဲ့ရပေ။ ဒရုန်းများဖြင့်သာရိုက်မှ အဆင် ပြေမည့် အနေအထားဖြစ်သည်ကို တွေ့ရ သည်။ အလယ်အထိ သွားရောက်လိုသော် လည်း အဖော်လိုက်ပေးသူများက တားမြစ် သဖြင့် သွားခွင့်မရခဲ့ပါ။ အကယ်၍သာ ယင်း အချိန်တွင် ရုတ်တရက်ပေါက်ကွဲမှုဖြစ်ခဲ့ပါက မိမိမှာချော်ရည်များပိကာ အသက်ပျောက်ခဲ့ ရမည်မှာ သေချာသည်ကိုပြန်စဉ်းစားတိုင်း ကြက်သီးထမိသည်။

ယင်းသို့ နဂါးပုံကြီးဘေးနားတွင် စေတီ ငယ်လေးသဖွယ် လူတစ်ရပ်ခန့်မြင့်တက်မို့ မောက်နေသော နဂါးတွင်းများကိုလည်း တွေ့ရသည်။ ထိုတွင်းများမှအလယ်မှ အ ပေါက်ငယ်တို့မှာ တပွက်ပွက်ဆူနေ သည် ကို  လည်း မြင်တွေ့ခွင့်ရသော်လည်း ချော်ရည် များမှာအဝေးသို့ လွင့်စင်ခြင်းမရှိသည်ကိုတော့တွေ့ရသည်။

သို့သော်လည်းနဂါးကြီးများမှာ မည် သည့်အချိန်တွင် ပေါက်ကွဲမည်ကို သေချာ မသိသကဲ့သို့ သူ့အလိုအလျောက်ပေါက်ကွဲ ခြင်းများကို ရင်ဆိုင်တွေ့ကြုံခဲ့ရသူများအနေဖြင့် ပြောစကားများမှာ စိတ်ဝင်စားဖွယ် ကောင်းသကဲ့သို့ ကြောက်စရာလည်းကောင်း လှသည်။

“နဂါးအနီးမှာသွားပြီး မဖွယ်မရာ မလုပ် ရဘူး။ စကားကို မပြောသင့်တာတွေမပြောရ ဘူး။ ဒီလိုမျိုးပြောလို့ မာနေတဲ့ချော်ရည်တွေ ဟာ ရုတ်တရက်နိမ့်ဆင်းသွားပြီး လူတစ်စု နစ်သွားတဲ့ဖြစ်ရပ်တစ်ခု ပြီးခဲ့တဲ့နှစ် ၄၀ လောက်က ဖြစ်ပွားဖူးတယ်။ နောက်ပြီး တောင်နီတောင်ကိုသွားပြီး တစ်နေ့တည်းမှာ နဂါးကိုမလာရဘူး။ အန္တရာယ်ဖြစ်တတ်တယ် လို့လည်း ယုံကြည်ထားကြတယ်။ တစ်ညမှာ သစ်ပင်တွေကိုလိမ်ချိုးပြီး လှေကားထစ်လိုမျိုး ချောင်းတစ်ခုကိုဖြတ်ထိုးပြီး လုပ်ထားတာကို လည်း အဘတို့ငယ်ငယ်က တွေ့ဖူးတယ်။ သိပ်အ့ံကြစရာကောင်းတယ်။ လူတွေလာလုပ် ထားသလိုမျိုး သစ်ပင်တွေနဲ့ အစီအရီလုပ် ထားတာဟာ အံ့မခန်းနိုင်စရာပါ။ အဘတို့ ကလေးဘဝက တွေ့ဖူးတာပါ” ဟုလည်း အသက် ၈၅ နှစ်အရွယ် ရွာသားတစ်ဦးကပြော ကြားသည်။

နဂါးနှင့်ပတ်သက်လျှင် ဒေသခံများအဖို့ ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်နေတတ် သည်။ ယင်း နဂါးအနီးမှ လယ်မြေများကိုထွန် ယက်စိုက်ပျိုးရာတွင် တစ်ဦးနှင့်တစ်ဦး ပိုင် နက်လုယက်မှု လုပ်၍မရကြောင်း၊ သူတစ်ပါး လယ်မြေအား လုယူလုပ်ကိုင်မိပါက ယင်း လယ်မြေအား အဆိုပါည၌ပင် ချော်ရည်များ

ဖုံးလွှမ်းသွားလေ့ရှိသည်မှာ မကြာခဏ ကြုံ တွေ့ရသော အဖြစ်အပျက်များပင်ဖြစ် ကြောင်းလည်း သိရသည်။ သဘာဝလွန်ဖြစ်ရပ် များဟုလည်း ကျွန်တော် ကောက်ချက်ချမိ သည်။

မာန်အောင်မြို့နယ် အနှံ့အပြားတွင် နဂါးတွင်း၊ နဂါးတောင်များစွာရှိကြောင်း သိ ရသည်။  ကုန်းမြင့်ပေါ်တွင်ရှိသကဲ့သို့ ရေ အောက်တွင်လည်းရှိသည်။ မှတ်တမ်းများအရ ဇီးတောနဂါးမှာ ၂၀၀၄ -၁၂-၂၆ က ပေါက် ကွဲမှုဖြစ်ခဲ့ကြောင်း၊ သူပုန်နဂါးမှာ ဒေသတွင်း မငြိမ်သက်မှုများဖြစ်ပေါ်လျှင် တစ်ကြိမ်စီ ပေါက်ကွဲကြောင်း၊ ဆန်ပေါနဂါးမှာ ၂၀၀၃ မတ်လ၊ ၂၀၀၆ ဒီဇင်ဘာ ၁၈ ရက်တွင် ပေါက် ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်းနှင့် ပေါက်ကွဲမှုများ ကို စနစ်တကျမှတ်တမ်းမရှိသော မီးတောင် များလည်းရှိကြောင်း သိရ သည်။

မီးတောင်တို့အနက် တချို့မှာ မပေါက် ကွဲဘဲ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် မည်သည့် အချိန်တွင် ပြန်လည်ပေါက်ကွဲမည်ကို မည် သူမျှ အတတ်မပြောနိုင်ပေ။ မီးတောင်များ အနီးမှ လုပ်ကိုင်စားသောက်သူများမှာ လယ် ယာစိုက်ပျိုးထွန်ယက်မည်ဆိုပါက နဂါးအား ပူဇော်ပသပြီးမှသာ လုပ်ကိုင်စားသောက်ကြ သည့်အတွက် မည်သည့်အန္တရာယ်မှမဖြစ် ကြောင်းလည်း သိရသည်။ ယင်းအပြင် ချော် ရည်များသည် ထိုသို့ပူဇော်ပသထားသော လယ်ပိုင်ရှင်၏ လယ်ကွက်၊ လုပ်ကွက်အတွင်း သို့ ရွှံ့ရည်တစ်စက်မျှပင် စီးကျဖုံးလွှမ်းခြင်း မရှိဟုလည်း ဒေသခံတို့က ယုံကြည်ကြသည်။

စိတ်ဝင်စားဖွယ်ကောင်းလှသော ရိုးရာ ယုံကြည်မှု၊ ဓလေ့စရိုက်၊ အစဉ်အလာများကို မည်သူမျှ ဖျောက်ဖျက်၍မရနိုင်သကဲ့သို့ အဘိုးကြီးအဘွားကြီးများအတွက် ကလေး ငယ်များအား နဂါးနှင့်ပတ်သက်သည့် အိပ်ရာ ဝင်ပုံပြင်ပေါင်း မြောက်မြားစွာကို ပြောဆိုလေ့ ရှိကြကြောင်း၊ သို့သော် မရိုးနိုင်သော ပုံပြင်များ လည်းဖြစ်ချေမည်ဟု ယုံကြည်ခဲ့ရပြန်သည်။

သွားလာရေးအဆင်မပြေမှုများ၊ အချိန် မပေးနိုင်မှုများကြောင့် စာရေးသူမှာ ဇီးတော ရွာအနီးမှ နဂါးတောင်နှင့် အောက်ဒိုးတန်း အလွန် နဂါးရွာအနီးမှ နဂါးတောင်နှစ်ခုတို့ ကိုသာ သွားရောက်လေ့လာ မှတ်တမ်းတင်နိုင် ခဲ့သည့်အတွက် စိတ်ထဲတွင်အားမလိုအားမရ ဖြစ်ခဲ့မိသည်။

သို့သော်လည်း နဂါးဟုခေါ်ဆိုသော ရွှံ့ မီးတောင်များအကြောင်းကို ဒေသခံများထံမှ နားထောင်ခွင့် လေ့လာခွင့်ရခဲ့သည်မှာ ပင် ပန်းရကျိုးနပ်သည်ဟုဆိုရမည်ဖြစ်သည်။ သွားလာရမလွယ်ကူသော မာန်အောင်မြို့ သို့ရောက်ခိုက် ရက်အနည်းငယ်အတွင်း သွား ရောက်လိုသည်များကို ပူပြင်းသောနွေနေကို

အန်တုလျက် ပင်ပန်းခက်ခဲစွာ သွားရောက် လေ့လာလည်ပတ်ခွင့်ရခဲ့သည်ကို ဤဆောင်း ပါးဖြင့် ရေးသားဖော်ပြ၍ ပြည့်စုံနိုင်မည်မဟုတ် သော်လည်း ကျွန်တော်၏ အပြန်ခရီးတွင် အတွေးများစွာတို့နှင့်ပြည့်နှက်နေခဲ့တော့ပါတော့သည်။

Most Read

Most Recent