KNU တပ်မဟာအချို့၏ သဘောထားနှင့် ငြိမ်းချမ်းရေးအလားအလာ

KNU တပ်မဟာအချို့၏ သဘောထားနှင့် ငြိမ်းချမ်းရေးအလားအလာ
၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်ကကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို တွေ့ရစဉ်
၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်ကကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို တွေ့ရစဉ်
Published 10 October 2021
မင်းနိုင်စိုး

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် တန်းတူအခွင့်အရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အစိုးရအဆက်ဆက်ကို နှစ်ပေါင်းရှည်ကြာစွာ လက်နက်စွဲကိုင် တော်လှန်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သည့် KNU သည် လက်ရှိအချိန်အထိလည်း လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေဆဲဖြစ်သည့်အတွက် အဖွဲ့အစည်း၏ တော်လှန်ရေးခရီးမှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း KNU ကို ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် လူသိများသည်။

၂၀၁၀ ရွေးကောက်ပွဲမှ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် KNU သည် ထိပ်ပိုင်းနေရာမှ ပါဝင်လာခဲ့သည်။

နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်ပြီးနောက် KNU အနေဖြင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း KN U အပါအဝင် အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက်ရှိနေခဲ့ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ ယင်းဖြစ်ရပ်များအတွက် NCA စာချုပ်၏ အားနည်းချက်အဖြစ် ဝေဖန်ခဲ့ကြသည်။

KNU ၏ ထိန်းချုပ်ဒေသများမှာ ဘားအံ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ကျိုက်ဒုံ၊ သံတောင်၊ လှိုင်းဘွဲ၊ တောင်ငူနှင့် ညောင်လေးပင်တို့ဖြစ်သည်။

KNU ၏ အောက်တွင် လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KNLA) ကို ဖွဲ့စည်းထားရှိပြီး တပ်မဟာခုနစ်ခုနှင့် အထူးတပ်ရင်းနှစ်ရင်းရှိသည်။

သထုံခရိုင်တွင် KNU တပ်မဟာ (၁) ၊ တောင်ငူခရိုင်တွင် KNU တပ်မဟာ (၂) ၊ ညောင်လေးပင်ခရိုင်တွင် KNU တပ်မဟာ (၃) ၊ ထားဝယ်တွင် KNU တပ်မဟာ (၄) ၊ ဖာပွန်တွင် KNU တပ်မဟာ (၅) ၊ ဒူးပလာယာခရိုင်တွင် KNU တပ်မဟာ (၆) နှင့် ဘားအံတွင် KNU တပ်မဟာ (၇) တို့ အခြေစိုက်သည်။

အထူးတပ်ရင်း နှစ်ရင်းမှာ (၁) ဗဟိုအထူးတပ်ရင်း (၂၀၁) နှင့် (၂) ဗဟိုအထူးတပ်ရင်း (၂၀၂) တို့ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးရှိ ကျောက်ကြီး၊ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ ကရင်ပြည်နယ်ရှိ ဘားအံ၊ မြဝတီ၊ ဘုရားသုံးဆူဒေသနှင့် မွန်ပြည်နယ်ရှိ သထုံတို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားသည်။

၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို လေ့လာစောင့်ကြည့်ကြသော သုတေသနအဖွဲ့အစည်းများ၏ ခန့်မှန်းသုံးသပ်ချက်အရ KNU တွင် တာဝန်ထမ်းဆောင်နေသည့် လက်နက်ကိုင်အင်အား ၅၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း KNU တပ်မဟာအချို့တွင် နိုင်ငံရေးခိုလှုံသူများ ရှိလာသဖြင့် ယခင်ကထက် အင်အားပိုမိုများပြားလာနိုင်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ထိန်းသိမ်းထားခဲ့ပြီးနောက် တပ်မတော်နှင့် KNU တပ်မဟာများအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့သည်။

အထူးသဖြင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အခြေစိုက် KNU တပ်မဟာ (၅) နှင့် တပ်မတော်စစ်ကြောင်းများအကြား ပြင်းထန်သော တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

နိုင်ငံရေးအပြောင်းအလဲ၏ ဂယက်က တပ်မတော်ခေါင်းဆောင်များနှင့် KNU ဗဟိုထိပ်ပိုင်းခေါင်းဆောင်များအကြား ဆက်ဆံရေး ပြတ်တောက်သွားသကဲ့သို့ တရားဝင် သို့မဟုတ် အလွတ်သဘော တွေ့ဆုံဆွေးရေးများလည်း မရှိတော့ပေ။

KNU တပ်မဟာအသီးသီးကလည်း လက်ရှိအစိုးရနှင့်ပတ်သက်၍ ကွဲပြားသော သဘောထားရပ်တည်ချက် အမျိုးမျိုးဖြင့် တုံ့ပြန်ခဲ့ကြသည်။

အထူးသဖြင့် KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစော ရွှေမောင်းသည် အခြားသောခရိုင် ခေါင်းဆောင်များနှင့် ကွဲပြားခြားနားသည့် သဘောထားရှိပြီး ၎င်းအနေဖြင့် NCA စာချုပ်အတိုင်း သဘောထား ရပ်တည်ထားကြောင်း ထုတ်ပြန်ပြောဆိုမှုများ ရှိနေသည်။

ယင်း၏ သဘောထားသည် KNU ဗဟို၏ သဘောထားရပ်တည်ချက်နှင့် အတူတူပင်ဖြစ်ကြောင်းလည်း KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက ဒေသတွင်း သတင်းမီဒီယာများသို့ ပြောကြားထားမှုများ ရှိသည်။

NUG နှင့် PDF အဖွဲ့ဝင်များသည် KNU ထိန်းချုပ်ရာဒေသများသို့ ဝင်ရောက်၍ KNU ၏ မူဝါဒ သဘောထားရပ်တည်ချက်များနှင့် ဆန့်ကျင်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေသည်ဟု အောက်တိုဘာ ၄ ရက်တွင် NUG နှင့် PDF ထံ ပဒိုစောရွှေမောင်းက စာပေးပို့သည်။

အကြမ်းဖက် ဆောင်ရွက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေသည့်အတွက် KNU ထိန်းချုပ်ရာဒေသများတွင် မည်သည့်အဖွဲ့အစည်းမျှ KNU ၏ မူဝါဒသဘောထားနှင့် ဆန့်ကျင်သော လုပ်ရပ်များကို မပြုလုပ်ကြရန် NUG နှင့် PDF ထံ ပဒိုစောရွှေမောင်းက စာပေးပို့သည်။

ထို့အတူ အောက်တိုဘာ ၄ ရက်တွင်ပင် NCA စာချုပ်ချုပ်ဆိုခြင်း ခြောက်နှစ်ပြည့်အကြို တိုက်တွန်းနှိုးဆော်ချက်ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် စာတစ်စောင်လည်း ထွက်ပေါ်လာခဲ့ပြီး အဆိုပါစာသည် ပဒိုစောရွှေမောင်းက ၎င်း၏တပ်မှူးများကို တိုက်တွန်းနှိုးဆော်ထားသည့် စာဖြစ်သည်။

အဆိုပါ စာတွင် NCA စာချုပ်သည် ယနေ့အထိ မပျက်မယွင်း တည်ရှိနေသေးပြီး မည်သည့်အဖွဲ့အစည်းကမျှ NCA စာချုပ်ကို ပယ်ဖျက်ခြင်း မပြုသေးကြောင်း ရေးသားထားသည်။

လာမည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ခြောက်နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် မြန်မာနိုင်ငံ ငြိမ်းချမ်းမည်ဟု ယုံကြည်ကြသည့်အတွက် NCA စာချုပ် လက်မှတ်ရေးထိုးစဉ်အခါက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ပါရှိသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ကြမည်ဟု ကတိပြုလက်မှတ်ရေးထိုးခဲ့ကြသည်ဟု NCA နှင့် ပတ်သက်သည့် ပဒိုစောရွှေမောင်း၏စာတွင် ဖော်ပြထားသည်။

NCA စာချုပ်လက်မှတ်ရေးထိုးရာတွင် နိုင်ငံတကာမှ အသိသက်သေများကလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး NCA စာချုပ်သည် ယနေ့အချိန်အထိ မပျက်မယွင်း တည်ရှိနေသည်ဟု ပဒိုစောရွှေမောင်းက ဆိုသည်။

NCA စာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများသည် တစ်ဖက်နှင့်တစ်ဖက် သစ္စာရှိရှိ ကတိကဝတ်ပြုထားကြသည့်အတိုင်း တည်ကြည်စွာ ရှေ့ဆက်ရပ်တည် ဆောင်ရွက်သွားကြရန် အထူးလိုအပ်ပြီး NCA လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန် ၎င်း၏ရဲဘော်ရဲဘက်များကို ပဒိုစောရွှေမောင်းက တိုက်တွန်းသည်။

စက်တင်ဘာ ၇ ရက်ကလည်း NUG ၏ အရေးပေါ်အခြေအနေ ကြေညာချက်နှင့် ပတ်သက်၍ အဆိုပါကြေညာချက်အား ပြန်လည်ရုပ်သိမ်းပေးရန်နှင့် NUG အနေဖြင့် ကရင်ဒေသကို အခြေပြု၍ စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် ပဒိုစောရွှေမောင်းက NUG ထံ စာရေးသားပေးပို့ကာ တောင်းဆိုခဲ့သည်။

NUG ၏ အရေးပေါ် အခြေအနေ ကြေညာချက်သည် စစ်ကြေညာသည့် သဘောအသွင်ဆောင်ခြင်းကြောင့် လွန်စွာစိုးရိမ်ထိတ်လန့်မိကြောင်း၊ စစ်ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ စားဝတ်နေရေး ဆင်းရဲဒုက္ခမျိုးစုံ ကြုံရပြီးဖြစ်သည့်အတွက် ထပ်မံမကြုံတွေ့စေလိုတော့ကြောင်း ၎င်းကဆိုသည်။

NUG အနေဖြင့် ၎င်းတို့၏ အရေးပေါ်အခြေအနေ ကြေညာချက်အား မရုပ်သိမ်းခဲ့သည်ရှိသော် ကရင်ပြည်နယ်ကို စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေးသည့် သဘောရောက်နေသည့်အတွက် အဆိုပါကြေညာချက်အား ပြန်လည်ရုပ်သိမ်းပေးရန် ပဒိုစောရွှေမောင်းက တောင်းဆိုသည်။

ထို့ပြင် KNU ၏ နိုင်ငံရေးရပ်တည်ချက်နှင့်အညီ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် ပဒိုစောရွှေမောင်းက မေတ္တာရပ်ခံခဲ့သည်။

ပဒိုစောရွှေမောင်းအနေဖြင့် ၎င်း၏ပြောဆိုချက်များသည် KNU ဗဟို၏ မူဝါဒသဘောထားအတိုင်းဟု ဆိုသော်လည်း KNU ဗဟိုကမူ လက်ရှိအချိန်အထိ လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ အနည်းငယ်မျှသာ ထုတ်ပြန်ပြောဆိုထားမှု ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် KNU တပ်မဟာများနှင့် တပ်မတော်စစ်ကြောင်းများအကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

ယခင်က တိုက်ပွဲဖြစ်ပွားမှု နည်းခဲ့သည့် KNU တပ်မဟာများနှင့် ၎င်းတို့ထိန်းချုပ်နယ်မြေအသီးသီးတွင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

NCA စာချုပ်အတိုင်း ရပ်တည်လျက်ရှိသည်ဟု ပြောကြားထားသည့် KNU တပ်မဟာ (၆) အပါအဝင် တပ်မဟာအားလုံးနှင့် တပ်မတော်စစ်ကြောင်းများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

KNU တွင် တပ်မဟာ ခုနစ်ခုရှိပြီး တပ်ရင်း ၁၆ ရင်းရှိသည်။

KNU ဗဟိုက လက်ရှိနိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ အနည်းငယ် နှုတ်ဆိတ်နေသော်လည်း အောက်ခြေတပ်မဟာများနှင့် တပ်မတော်တို့၏ တိုက်ပွဲများက KNU ၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရန်အတွက်မူ ကြီးစွာသော အဟန့်အတားအဖြစ် တည်ရှိနေသည်။

KNU ၏ ကရင့်ကံကြမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိသည်ဟူသည့် အန္တိမရည်မှန်းချက်မှာ လက်ရှိနိုင်ငံရေးဖြစ်စဉ်အရ မည်သို့ဖြစ်ပေါ်လာနိုင်သည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။     

Most Read

Most Recent