ခင်ဦးမြို့နယ်တွင် အကြီးဆုံး တစ်ဖက်ဆယ်ကန်ဖြစ်သည့် ပင်တင်း ရေလှောင်ကန် တာဘောင်ကျိုးပေါက်မှု ဖြစ်ပွား

ခင်ဦးမြို့နယ်တွင် အကြီးဆုံး တစ်ဖက်ဆယ်ကန်ဖြစ်သည့် ပင်တင်း ရေလှောင်ကန် တာဘောင်ကျိုးပေါက်မှု ဖြစ်ပွား
Published 22 September 2021
ဌေးလှအောင်

ပုံစာ- ပင်တင်းရေလှောင်ကန် တာဘောင်ကျိုးပေါက်နေမှုကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် အကြီးဆုံး တစ်ဖက်ဆယ်ကန်ဖြစ်သည့် သမိုင်းဝင် ပင်တင်းရေလှောင်ကန်မှာ စက်တင်ဘာ ၂၂ ရက် နံနက်အစောပိုင်းက တာဘောင်ကျိုးပေါက်မှုဖြစ်ပွားပြီး မိုးစပါးစိုက်ခင်းများ အပါအဝင် နေရာအနှံ့အပြား ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ခင်ဦးမြို့နယ် ပင်တင်းကျေးရွာအရှေ့ဘက်ရှိ သမိုင်းဝင် ပင်တင်းရေလှောင်ကန်မှာ စက်တင်ဘာ ၂၂ ရက်က ကန်တောင်ဘက်ခြမ်းရှိ ရေလွှဲပေါက်၏ တောင်ဘက်အနီးမှ တာဘောင်ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး မိုးစပါးစိုက်ခင်းများ ရေဝင်နစ်မြုပ်ခြင်း၊ ကျေးရွာအတွင်းရှိ နေအိမ်အချို့သို့ ရေဝင်ရောက်ခြင်း၊ ကျေးရွာချင်းဆက်လမ်းပေါ် ရေလျှံခြင် စသည့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

"ဒီနေ့ မနက်ပိုင်းမှာ ကန်တောင်ဘက်ခြမ်း ရေလွှဲအနီးမှာ တာဘောင် ကျိုးကျသွားတာ။ မိုးစပါးစိုက်ခင်းတွေ ရေမြုပ်နေတယ်။ ခင်ဦးမြို့နဲ့ရွာနဲ့ ဆက်သွယ်ထားတဲ့ လမ်းကလည်း ရေကျော်နေတယ်။ မိုးစပါးစိုက်ခင်းအများစုက ကန်ဘောင်မကျိုးခင်ကတည်းက မိုးများလို့ ရေမြုပ်နေတာတွေရှိတယ်။ အခု ကန်ဘောင်က ထပ်ကျိုးသွားတော့ ပိုဆိုးသွားတာပေါ့။ အခုထိ ကန်ဘောင်ကျိုးတာ မပြင်နိုင်သေးဘူး။ ရွာအနီးပတ်ဝန်ကျင်ကလည်း ရေကြီးနေတယ်။ တောင်သူတွေ အခက်အခဲတွေ ဖြစ်နေကြတယ်။ ကန်တာဘောက်ကျိုးတာကို အရေပေါ်ပြင်ဖို့ လိုအပ်နေပါတယ်"ဟု ပင်တင်းကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။

အဆိုပါ ပင်တင်းရေလှောင်ကန်မှာ ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ကန်အတွင်းသို့ ရေဝင်မှုပမာဏ များပြားလျက်ရှိကြောင်း၊ ထိုသို့ ရေဝင်ရောက်မှုများပြားနေခြင်းကြောင့် ရေထုတ်ပြွန်များမှ ရေထုတ်လွှတ်ထားရပြီးနောက် စက်တင်ဘာ ၂၂ တွင် ကန်၏တာဘောင်မှာ ကျိုးပေါက်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ လက်ရှိတွင် ကန်၏ရေပြည့်မှတ်မှာ ၉  ပေ အထက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကန်၏ တာဘောင်ကျိုးပေါက်နေမှုအား ပြင်ဆင်နိုင်ခြင်း မရှိသေးဘဲ သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနထံသို့ ဆက်သွယ် အကြောင်းကြားထားကြောင်းလည်း စုံစမ်းသိရသည်။

ထိုသို့ တာဘောင်ကျိုးပေါက်မှုကို အချိန်မီပြင်ဆင်ထိန်းသိမ်းနိုင်ခြင်းမရှိပါက မိုးစပါးစိုက်ခင်းများ ထိခိုက်ပျက်စီးသွားမည်ဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။ လက်ရှိတွင် ရွှေဘိုခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးစပါးစိုက်ခင်းများ ရေဝင်နစ်မြုပ်ခြင်း၊ ကျေးရွာအချို့ရေဝင်နစ်မြုပ်ခြင်း စသည့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ခင်ဦးမြို့နယ်ရှိ ပင်တင်းရေလှောင်ကန်အား ၂၀၁၉ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၂၅ ဒသမ ၉၀ သန်းဖြင့် ချင်းတွင်းမင်းသမီး ကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် အကြီးစားပြု ပြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ပြုပြင်ခဲ့ပြီးနောက် တစ်နှစ်မပြည့်မီ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက ကန်၏တာဘောင်အောက်ခြေမှ ရေစိမ့်ပေါက်(ထူးပေါက်)ကျမှုဖြစ်ပွားခဲ့သဖြင့် အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ရကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပင်တင်းရေလှောင်ကန်(သို့မဟုတ်) မောရဂီဝါကန်တော်အား ပျူခေတ်(အေဒီ ၄ ရာစုခန့်)က စတင်ဆယ်ဖို့ခဲ့ပြီး ခင်ဦးမြို့နယ်၌ အကြီးဆုံးတစ် ဖက်ဆယ်ကန်ဖြစ်ကြောင်း မြို့နယ်၏ သမိုင်းမှတ်တမ်များအရ သိရသည်။