မန္တလေးမြို့ နန်းရှေ့ ၁၉ လမ်းရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိကာ ရာအိမ်မှူးတစ်ဦး သေဆုံး

မန္တလေးမြို့ နန်းရှေ့ ၁၉ လမ်းရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိကာ ရာအိမ်မှူးတစ်ဦး သေဆုံး
မန္တလေးနန်းရှေ့ရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်
မန္တလေးနန်းရှေ့ရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်
Published 13 September 2021

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နန်းရှေ့ ၁၉ လမ်း ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ COVID-19 စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် ၁၀ ဦး ဒဏ်ရာရရှိကာ ရာအိမ်မှူးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ဝန်းကျင်က အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ၁၉ လမ်း ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် လုပ်ဆောင်ထားသည့် မြို့နယ်ဖြတ်ကျော် စစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် လုံခြုံရေးအဖွဲ့များ နားနေဆောင်အတွင်းရှိ သစ်သားခုံအောက်မှ ရီမုမိုင်းဟုယူဆရသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စက္ကန့်ပိုင်းအကြာတွင် ဗုံးနှစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိကာ ရပ်ကွက်ရာအိမ်မှူးတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

“ဗုံးပေါက်တဲ့အသံကြားလို့ အပြင်ထွက်ကြည့်တာ နန်းရှေ့ ၁၉ လမ်းက ကိုဗစ်စစ်ဆေးရေးဂိတ်မှာ ပေါက်တာလို့ ကြားတယ်။ ပေါက်ကွဲတဲ့အသံ အကျယ်ကြီးကြားလိုက်ရတယ်။ ကျွန်တော်တို့နဲ့က နည်းနည်းဝေးနေတော့ သွားတော့မကြည့်ရဲဘူး။ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့တော့ ကြားရတယ်။ အတိအကျတော့မသိဘူး။ ပေါက်ကွဲမှု ဖြစ်ပြီးတော့ အဲဒီနေရာမှာ ပြန်ပြီးတော့ စစ်ဆေးတာတွေ ဆက်လုပ်နေတာ တွေ့ရတယ်” ဟု ပေါက်ကွဲမှုဖြစ်ရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ဗုံးသုံးလုံးပေါက်ကွဲခဲ့မှုကြောင့် အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး၏ ဘယ်ဘက်တင်ပါးထိမှန် မစိုးရိမ်ရဒဏ်ရာ၊ ဒေါနဘွားလုံခြုံရေးအဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးတွင် ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ)၊ တပ်သားတစ်ဦးတွင် ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ)၊ အမှတ် (၁) နယ်မြေရဲစခန်းမှ ဒုရဲအုပ်အမျိုးသမီးတစ်ဦး မျက်ခုံးထိ (မစိုးရိမ်ရ)၊ ရဲတပ်သားတစ်ဦး ဘယ်ခြေထိ (မစိုးရိမ်ရ)၊ ရဲတပ်သားတစ်ဦး ညာခြေရှပ်ထိ (မစိုးရိမ်ရ)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး ညာခြေထောက်ကျိုး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်တစ်ဦး၏နောက်ကျောတွင် ပြင်းထန်ဒဏ်ရာ၊ ဒုတပ်ကြပ်တစ်ဦး၏ ဘယ်ဘက်မျက်လုံးနှင့် ညာခြေထောက်ဒဏ်ရာ၊ မေဃဂီရိရပ်ကွက် ရာအိမ်မှူးတစ်ဦး နောက်ကျောနှင့်ခြေထောက်ဒဏ်ရာ (စိုးရိမ်ရ) စသည့် ၁၀ ဦး ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မေဃဂီရိရပ်ကွက် ရာအိမ်မှူးတစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား မန္တလေးနန်းတွင်းရှိ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရပြီး သေဆုံးခဲ့သည့် ရာအိမ်မှူးအား မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိ ရသည်။

ကိုဗစ်စစ်ဆေးရေးဂိတ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent