မြန်မာနိုင်ငံသို့ ဆောလျင်စွာ သွားရောက်ပြီး တပ်မတော်နှင့် သာမက ဒီမိုကရေစီ အင်အားစုများနှင့် အပြန်အလှန် ဆွေးနွေးမှုပြုလုပ်ရန် အာဆီယံ အထူးကိုယ်စားလှယ်အား ဂျပန် နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

မြန်မာနိုင်ငံသို့ ဆောလျင်စွာ သွားရောက်ပြီး တပ်မတော်နှင့် သာမက ဒီမိုကရေစီ အင်အားစုများနှင့် အပြန်အလှန် ဆွေးနွေးမှုပြုလုပ်ရန် အာဆီယံ အထူးကိုယ်စားလှယ်အား ဂျပန် နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
Published 14 August 2021
Ref:Kyodo News

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ် အတည်းကို အဖြေရှာနိုင်ရေးအတွက် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှိမိဆုမိုတဲဂိနှင့် မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) အီရီဝမ်ယူ ဆော့ဖ်တို့ သဘောတူညီခဲ့ကြကြောင်း ကျိုဒို သတင်းတွင် ဖော်ပြထားသည်။

သြဂုတ် ၁၂ ရက်က ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂)တို့သည် နာရီဝက်ခန့်ကြာမြင့်သည့် ဖုန်းပြော ဆိုမှုအတွင်း ယခုကဲ့သို့ သဘောတူညီခဲ့ ခြင်းဖြစ်ပြီး အီရီဝမ်အနေဖြင့် မြန်မာနိုင်ငံကို စောလျင်စွာသွားရောက်နိုင်ရန်နှင့် မြန်မာ့ တပ်မတော်သာမကဘဲ ဒီမိုကရေစီလိုလား သည့် အင်အားစုများနှင့်ပါ အပြန်အလှန် ဆွေးနွေးမှုမှုပြုလုပ်ရန် အရေးကြီးကြောင်း မိုတဲဂိက ပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း အရပ် သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏အကြီးတန်း တာဝန်ရှိသူများ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

ထို့ပြင် ဂျပန်နိုင်ငံဘက်မှ အစွမ်းကုန်ကူညီထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ဖေဖော် ၀ါရီ ၁ ရက် နောက်ပိုင်း လူသားချင်းစာနာမှု အကူအညီအဖြစ် မြန်မာနိုင်ငံသို့ ဒေါ်လာ သန်း ၂၀ ကျော်တန်ဖိုးရှိသော အစားအ သောက်နှင့် ဆေးဘက်ဆိုင်ရာကိရိယာများ ထောက်ပံ့ပေးခဲ့ကြောင်း မိုတဲဂိက ပြောကြား ခဲ့ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အဆိုအရ သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသည့့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) အီရီဝမ်ကလည်း ဂျပန်အစိုးရ၏ အကြံပြုချက်များကို အလေး အနက် ထည့်သွင်းစဉ်းစားပြီး လုပ်ငန်းတာဝန် များကို ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

ဂျပန်အစိုးရသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားထိန်းသိမ်းခံရသူများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ဖြစ်စဉ်ကို ပြန်လည်ဖော်ဆောင်ရန် တိုက်တွန်းခဲ့သော်လည်း အမေရိကန်နှင့် အခြား ဒီမိုကရေစီနိုင်ငံများကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းမရှိကြောင်းသိရသည်။

 

Most Read

Most Recent