ပြည်သူသန်း ၅၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံခြားမှ ဝယ်ယူမည်ဆိုပါက တိုင်းပြည် မွဲသွားလိမ့်မည်ဖြစ်ပြီး ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

ပြည်သူသန်း ၅၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံခြားမှ ဝယ်ယူမည်ဆိုပါက တိုင်းပြည် မွဲသွားလိမ့်မည်ဖြစ်ပြီး ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
Published 10 August 2021

ပြည်သူသန်း ၅၀ ကျော်အတွက် ကိုဗစ် ကာကွယ်ဆေးကို နိုင်ငံခြားမှဝယ်ယူမည်ဆိုပါက တိုင်းပြည် မွဲသွားလိမ့်မည်ဖြစ်ပြီး ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ သြဂုတ် ၉ ရက်က ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ပေးရမည့်အခြေအနေများကို အချက်ငါးချက်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ပထမအချက်အနေဖြင့် ကိုဗစ်ရောဂါသည် အရှင်းပျောက်သည့်ရောဂါ မဟုတ်သောကြာင့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးရန် လိုကြောင်း၊ အစိုးရအနေဖြင့် ဝင်ငွေကောင်းမှသာ ပတ်ဝန်းကျင်ကောင်းကို လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ပြည်သူများ ကိုယ်ခံစွမ်းအားကောင်း၍ ကျန်းမာကြံ့ခိုင်ရန် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“ကိုဗစ်နှင့် ပတ်သက်ပြီးတော့ အချက်ငါးချက် ကျွန်တော်ပြောလိုပါတယ်။ နံပါတ် ၁ အချက်ကတော့ ကျွန်တော်တို့ ဒီရောဂါသည် စောစောက ကျွန်တော်ပြောသလိုပဲ ဘယ်လိုမှ အရှင်းပျောက်မယ့် အခြေအနေ မဟုတ်ဘူး။ အရှင်းပျောက်မယ့် အခြေအနေ မဟုတ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးဖို့လိုတယ်။ ဥပမာအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုစရိုက်တွေ၊ လူနေမှုစနစ်တွေ ဒါတွေကို ကျွန်တော်တို့က လုပ်ပေးဖို့လိုတယ်။ ဒါကျတော့လည်း လူတွေရဲ့ အသိပညာ၊ အတတ်ပညာ၊ နောက်တစ်ခါ လူမှုအဆင့်အတန်းဆိုတာဟာလည်း ဝင်ငွေတို့၊ ဘာတို့လည်း စကားပြောတယ်။ စီးပွားရေးကောင်းဖို့လည်း လိုတယ်။ နိုင်ငံတော်အစိုးရကလည်း ဝင်ငွေကောင်းနေဖို့ လိုတယ်။ ပြည်သူကလည်း ဝင်ငွေကောင်းနေဖို့ လိုတယ်။ အစိုးရကလည်း ဝင်ငွေရှိမှသာ အစိုးရတာဝန်ယူရတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို ဥပမာ-ပန်း ဥယျာဉ်တွေ ဖော်ထုတ်ပေးတာတို့၊ ရေစီးရေ လာကောင်းအောင် ဆောင်ရွက်ပေးတာတို့၊ ဒါကျတော့ အစိုးရဝင်ငွေရှိမှ လုပ်လို့ရတာတွေရှိတယ်။ ပတ်ဝန်းကျင်ကောင်းတွေပေါ့၊ တစ်ဦးချင်းကျတော့လည်း သူတို့အိမ်တွေကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်နဲ့ လေလုံ မိုးလုံနဲ့ ဒီလိုလုပ်နိုင်တဲ့ အခြေအနေမျိုး ပတ်ဝန်းကျင်ကောင်းတွေ ကျွန်တော်တို့ ဖန်တီးဖို့ လိုပါတယ်။ နံပါတ် (၁) အချက် အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရမယ်။ ပြည်သူရော၊ အစိုးရရော လုပ်ရမယ့် သဘောရှိတာပေါ့၊ ဒုတိယက ဘာလဲဆိုတော့ ကိုယ်ခံစွမ်းအားတွေ ကောင်းအောင်၊ တစ်ဦးချင်းရဲ့ ကိုယ်ခံစွမ်းအားတွေ ကောင်းအောင်၊ ကျန်းမာကြံ့ခိုင်အောင် ကျွန်တော်တို့က လုပ်ရမယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့က အားကစားတွေ ဘာတွေ အားပေးရမယ်။ လူတွေ ကိုယ်ခံစွမ်းအားကောင်းအောင် ကျွန်တော်တို့က လုပ်ပေးရမယ်။ အဲဒါနဲ့ ဆက်စပ်တာက ဘာလဲဆိုတော့၊ စားနပ်ရိက္ခာတွေ ဖူလုံပေါများရေးပေါ့” ဟု ၎င်းက ဆိုသည်။

တတိယအချက်အနေဖြင့် ပြည်သူများ စားနပ်ရိက္ခာဖူလုံပေါများအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ စတုတ္ထအချက်အနေဖြင့် ကျန်းမာကြံ့ခိုင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

“ တတိယအချက်က ဖူလုံပေါများရေးပေါ့။ စားနေမှလည်း သူက အားရှိမှာ။ အားရှိမှလည်း ကိုယ်ခံစွမ်းအားဆိုတာလည်း ရှိမှာ။ အားမရှိဘဲနဲ့ ကိုယ်ခံစွမ်းအား ဘယ်လိုမှ ကောင်းစရာမရှိဘူး။ ကြံ့ခိုင်ဖို့ဆိုတာကလည်း လေ့ကျင့်မှပေါ့။ လေ့ကျင့်မှသာ ကိုယ်ခံစွမ်းအားဆိုတာကလည်း ကောင်းလာမှာပေါ့၊ ဒီလိုဖြစ်အောင် ကျွန်တော်တို့က လုပ်ရမယ်။ အဲဒီတော့ ကျွန်တော်တို့က စားနိုင်အောင် လုပ်ပေးရမယ်။ စားနိုင်အောင် လုပ်ပေးဆိုတော့။ စောစောက ကျွန်တော်ပြောသလို ကျွန်တော်တို့က စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့တိုင်းပြည်တစ်ခု ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ စားရေရိက္ခာမပေါစရာ မပြည့်စုံစရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ လုပ်ဖို့ပဲလိုတယ်။ ကျွန်တော်တို့က စားရေရိက္ခာပေါများအောင် လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ပေါပေါများများစားရမယ် ဆိုလို့ရှိရင် လူတွေရဲ့ ကျန်းမာရေးမှာ များစွာ အထောက်အကူရလာလိမ့်မယ်။ ဒါကိုမှ တစ်ခါ ပတ်ဝန်းကျင်ကောင်းနဲ့ ပေါင်းစပ်ပြီးတော့ လုပ်မယ်ဆိုလို့ ရှိရင် နောက်ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးမှာတော့ များစွာအကျိုးရှိမယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလိုတယ်။ နောက်တစ်ခု အဲဒီလိုလုပ်နိုင်ဖို့ဆိုတာက တစ်ဖက်ကလည်း ကာကွယ်ကုသဆေးတွေလည်း ပြည့်စုံအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ကာကွယ်ဆေးရယ်၊ ကုသဆေးရယ်၊ ဒါအနာဂတ်မှာ မလုပ်လို့ မရပါဘူး၊ အနာဂတ်မှာ ကာကွယ်ဆေးရော၊ ကုသဆေးရော ကျွန်တော်တို့ ထုတ်ကို ထုတ်ရမယ်၊ ဒါ ပြည်တွင်းမှာ ကျွန်တော်တို့ မလုပ်လို့ မရဘူး။ လူသန်းပေါင်း ၅၀ ကျော်လောက်ဟာကို တစ်ချိန်လုံး နိုင်ငံခြားက ဝယ်ဖို့ဆိုတာကတော့ တိုင်းပြည်မွဲသွားလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ ထုတ်လို့ရအောင် ကျွန်တော်တို့ ကြိုးစားရမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် ပဥ္စမအချက်အနေဖြင့် ပြည်သူများ ဝင်ငွေကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရအဆက်ဆက် ဆင်းရဲမွဲတေမှုလျှော့ချရေးကို လုပ်ဆောင်ခဲ့သော်လည်း ရာနှုန်းပြည့် မအောင်မြင်ကြောင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားလာသည့်အတွက် ဆင်းရဲမှုများ ပိုမိုများပြားလာကြောင်း၊ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေရရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ နံပါတ်( ၅) အချက်ပေါ့။ အဲဒါ ဘာလဲဆိုတော့ ပြည်သူတွေကို ဝင်ငွေကောင်းအောင် ဆောင်ရွက်ပေးဖို့ပဲ။ ဝင်ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။ အမြဲတမ်း၊ ထာဝရ ဝင်ငွေရနေရမယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အရင်အစိုးရတွေ လက်ထက်ကတည်းက ပြောတယ်။ ဆင်းရဲမှုနှုန်းလျှော့ချရေးဆိုပြီးတော့ လုပ်နေတာ ရှိတယ်။ ရာနှုန်းပြည့် မအောင်မြင်သေးပါဘူး၊ ခုထက်ထိ မအောင်မြင်သေးဘူး၊ အခု ကိုဗစ်ဖြစ်တော့ ပိုဆိုးလာတယ်။ ပိုပြီးတော့ ဆင်းရဲမှုတွေ ပိုများလာတယ်။ အဲဒီတော့ ပြည်သူတွေရအောင် ဆောင်ရွက်ပေးရမယ်။ ဝင်ငွေရဖို့ နည်းလမ်းကတော့ ဘာလဲဆိုတော့ စောစောကပြောတဲ့ ရေခံမြေခံရှိပြီးသား စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကနေပြီးတော့ ဝင်ငွေရအောင်ရှာဖို့ပဲ၊ အဲဒီတော့ ပြည်နယ်နဲ့တိုင်းအစိုးရများက ဦးဆောင်ပြီးတော့မှ ထိထိမိမိဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်” ဟု  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent