ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ရုရှားနှင့် အမေရိကန်သည် ဘုံအကျိုးစီးပွားများရှိနေဟု ပူတင်ပြောကြား

ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ရုရှားနှင့် အမေရိကန်သည် ဘုံအကျိုးစီးပွားများရှိနေဟု ပူတင်ပြောကြား
ဇွန် ၄ ရက်က စိန့်ပီတာစဘက်ချ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားနေသော ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တွေ့ရစဉ် (Photo:AP)
ဇွန် ၄ ရက်က စိန့်ပီတာစဘက်ချ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားနေသော ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တွေ့ရစဉ် (Photo:AP)
Published 15 July 2021
Ref: AFP

ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ရုရှားနှင့် အမေရိကန်တို့သည် ဘုံအကျိုးစီးပွားများရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီ မာပူတင်က အမေရိကန် ရာသီဥတုဆိုင်ရာသံတမန် ဂျွန်ကယ်ရီကို ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းပြောကြားချက်သည် ပြိုင်ဘက် အမေရိကန်နှင့် ရုရှားအကြား ရှားပါးသော ဘုံအကျိုးစီးပွားတစ်ရပ် ဖြစ်နေပေသည်။

“ ရာသီဥတုဆိုင်ရာ ပြဿနာရပ်ဟာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ဘုံအကျိုးစီးပွားတွေနဲ့ တူညီတဲ့ ချဉ်းကပ်မှုတွေရှိတဲ့ နယ်ပယ်တွေထဲက တစ်ခုဖြစ်ပါတယ်” ဟု မော်စကိုမြို့တော်သို့ အလည်အပတ် သွားရောက်သည့် ကယ်ရီနှင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုတွင် ပူတင်က ယခုကဲ့သို့ပြောကြားခဲ့ကြောင်း ကရင်မလင်က ဆိုသည်။

ရုရှားအစိုးရအနေဖြင့် ပါရီသဘောတူညီချက်၏ ရည်မှန်းချက်များကို ရောက်ရှိနိုင်ရန် အလွန်အရေးကြီးသည့် အချက်အဖြစ် အလေးထားသတ်မှတ်ထားပြီး နိုင်ငံရေးသဘော သက်ဝင်ခြင်းမရှိသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများကို ဆောင်ရွက်ရန် ထောက်ခံအားပေးကြောင်း ပူတင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကယ်ရီကို ပြောကြားခဲ့သည်။

ရာသီဥတုဆိုင်ရာ ပြဿနာရပ်ကို ကိုင်တွယ်ဆောင်ရွက်ရာတွင် အမေရိကန်နှင့် ရုရှားတို့ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း ပူတင်နှင့် ကယ်ရီတို့က အလေးပေး ပြောကြားခဲ့သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက အလားတူထုတ်ပြန်ခဲ့သည်။

အာတိတ်ကောင်စီတွင် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကာဘွန် ထုတ်လွှတ်မှုများကို အဆုံးသတ်ရန် ကြိုးပမ်းအားထုတ်မှုများတွင် ရုရှား၏ အခန်းကဏ္ဍကို ကယ်ရီက ထောက်ပြပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်လက ဂျနီဗာမြို့တွင် ပူတင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံကြား ယခုကဲ့သို့ ရှားပါးသော ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မှတ်ချက်များ ထွက်ပေါ်ခဲ့သည်။

ကယ်ရီ၏ အလည်အပတ်ခရီးစဉ်နှင့်ပတ်သက်၍ ကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှု၏ အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။

ပူတင်သည် လူသားများက ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုနှင့် ပတ်သက်၍ ၎င်း၏ ယုံကြည်မှု ကင်းမဲ့ခြင်းအတွက် နှစ်ပေါင်းများစွာ အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။

သို့သော် မကြာသေးမီ လပေါင်းများစွာအတွင်း၌ ပူတင်က ရာသီဥတုပြောင်းလဲမှုသည် ရုရှားအစိုးရအပေါ် ကောင်းကျိုးမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ရုရှားခေါင်းဆောင်အတွက် ရာသီဥတု ပြောင်းလဲမှုနှင့် ကာဘွန်လျှော့ချခြင်းသည် အရေးပါသည့် အကြောင်းအရာဖြစ်နေသည်ဟု ပူတင်၏ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“ ရုရှားနဲ့ အမေရိကန်ကြား ရာသီဥတုပြဿနာရပ်ဆိုင်ရာ ဆွေးနွေးမှုဟာ အလားအလာရှိပြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာ ဖြစ်ပါတယ်” ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။