သမ္မတလုပ်ကြံခံခဲ့ရသည့် ဟေတီနိုင်ငံ၏ မရောရာ အနာဂတ်

သမ္မတလုပ်ကြံခံခဲ့ရသည့် ဟေတီနိုင်ငံ၏ မရောရာ အနာဂတ်
Photo:AFP
Photo:AFP
Published 9 July 2021
ရာဇ

ဟေတီနိုင်ငံတွင် ဇူလိုင်လ ၈ ရက်က သမ္မတ ဂျိုဗန်နယ်မွိုက်စ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် ယခင်ကတည်းက ပြဿနာပတ်လည်ဝိုင်းနေသည့် ဟေတီသည် သေချာရေရာမှုမရှိသည့် အနာဂတ်အတွင်းသို့ သက်ဆင်းသွားခဲ့သည်။

ယင်းနေ့မှာပင် ဟေတီရဲတပ်ဖွဲ့သည် သံသယရှိသူ ကိုလံဘီယာနိုင်ငံသား ၁၅ ဦးနှင့် အမေရိကန်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့၏လိုက်လံဖမ်းဆီးမှု တွင်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး သံသယရှိသူ ကိုလံဘီယာနိုင်ငံသား သုံးဦးသေဆုံးခဲ့ပြီး အခြားရှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။

ဇူလိုင်လ ၈ ရက် နံနက်အစောပိုင်းက  မွိုက်စ်၏ နေအိမ်ဝင်ရောက်စီးနင်းခံရသည့် ဖြစ်စဉ်တွင် မွိုက်စ်သည် သေနတ်ဒဏ်ရာများဖြင့်  သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ မာတီနီမွိုက်စ်မှာ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ကာ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ ဆေးရုံတွင် ကုသမှုခံယူနေရသည်။

တာဝန်ရှိသူများကမူ ယင်းလုပ်ကြံမှုတွင် ထွက်ပြေးလွတ်မြောက်နေသူအားလုံးကို ရှာဖွေဖမ်းဆီးသွားမည်ဟု ကတိပြုခဲ့သည်။

“ကြေးစားတွေကို လိုက်ပြီးဖမ်းနေပါတယ်။ သူတို့ရဲ့ အနာဂတ်ကတော့ နှစ်ခုပဲရှိပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ပြီးသေမလား၊ ဒါမှမဟုတ် အဖမ်းခံရမလား ဆိုတာပါပဲ” ဟု ဟေတီအမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ လီယွန်ချားလ်စ်က ပြောကြားခဲ့သည်။

သံသယရှိသူများ၏ အသက်အရွယ်၊ အမည်၊ နိုင်ငံသားနှင့် လုပ်ကြံမှု၏ ရည်ရွယ်ချက်အပါအဝင် အသေးစိတ်အချက်အလက်များကိုမူ အရာရှိများက ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ယင်းတိုက်ခိုက်မှုကို ဟေတီ၏ အဓိကအတိုက်အခံပါတီများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချခဲ့ပြီး လုပ်ကြံသူများသည် သေချာစွာလေ့ကျင့်ထားသူများဖြစ်ပြီး လက်နက်အပြည့်အစုံရှိသည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု အရာရှိများက ဆိုသည်။

ဟေတီဝန်ကြီးချုပ် ကလော်ဒီဂျိုးဆက်သည် နိုင်ငံအကြီးအကဲနေရာကို တာဝန်ယူခဲ့ပြီး လုပ်ကြံသူများကို ဝန်းရံဖမ်းဆီးမှုကာလအဖြစ် သီတင်းနှစ်ပတ်ကြေညာခဲ့ကာ ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ အကူအညီကို ရယူသွားမည် ဟု ကြေညာခဲ့သည်။

ယခင်ကတည်းက ဆင်းရဲမွဲတေမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည့် ဟေတီနိုင်ငံအတွက်မူ ယခုကဲ့သို့ သမ္မတလုပ်ကြံခံခဲ့ရပြီးနောက် နိုင်ငံ့အနာဂတ်မှာ သေချာရေရာမှု မရှိသည့် အခြေအနေသို့ ပိုမိုရောက်ရှိစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှု၊ ရာဇဝတ်ဂိုဏ်းများ၏ တိုက်ခိုက်မှုများ၊ အစားအစာနှင့် လောင်စာပြတ်လပ်မှုများဖြင့် ရုန်းကန်နေရသည့် ဟေတီနိုင်ငံ၏ လုပ်သားပြည်သူစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် တစ်ရက်လျှင် ၂ ဒေါ်လာ အောက်သာနည်းပါးသည့် ဝင်ငွေကိုရရှိနေသည်။

ဟေတီတွင် အာဏာရှင်အုပ်ချုပ်မှုနှင့် နိုင်ငံရေး အကျပ်အတည်းများကာလကြာရှည် ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများပြားသည့် ငလျင်နှင့် ၂၀၁၆ ခုနှစ်က Matthew ဟာရီကိန်း မုန်တိုင်းတိုက်ခတ်မှုများကြောင့် နိုင်ငံကိုပြန်လည်ထူထောင်ရန်ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ဆိုးရွားသည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဟေတီတွင်နေထိုင်သူများနှင့် ပြည်ပတွင်ရှိနေသည့် မိတ်ဆွေများကမူ ဟေတီတွင် မည်သည့်အရာများ ဆက်လက်ဖြစ်ပွားမည်ကို သိချင်နေကြသည်။

“အခုဆိုရင် ဟေတီရဲ့ အနာဂတ်ဟာ ဟာလာဟင်းလင်းကြီးဖြစ်နေပါပြီ။ ကိုယ်ချစ်တဲ့သူတွေ ဘာဆက်ဖြစ်လာမလဲဆိုတာကို ကြောက်ရွံ့နေကြပါတယ်” ဟု အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ ဟေတီလူနည်းစုကို အကူအညီပေးနေသည့် Family Action Network Movement အဖွဲ့မှ အမှူဆောင် ဒါရိုက်တာ မာလိန်းဘက်စတီယန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ဟေတီတွင် လွတ်လပ်မျှတပြီး ယုံကြည်နိုင်လောက်သည့် ရွေးကောက်ပွဲများကျင်းပရေး ရည်ရွယ်ချက်နှင့်အတူ ဟေတီတွင်အမျိုးသားအဆင့် ဆွေးနွေးမှုကို ပိုမိုတက်ကြွစွာ ထောက်ခံပေးရန်လိုသည်ဟု ၎င်းကဆိုသည်။

ဟေတီနိုင်ငံသည် သမ္မတမွိုက်စ်၏ အုပ်ချုပ်မှုအောက်တွင် မတည်ငြိမ်မှုများ ပိုမိုမြင့်တက်လာခဲ့ပြီး ၎င်းအားရာထူးမှဆင်းပေးရန် အတိုက်အခံများက တောင်းဆိုခဲ့ချိန်တွင် မွိုက်စ်သည် လုပ်ပိုင်ခွင့်အာဏာများ ပိုမိုရရှိရန်ကြိုးပမ်းခဲ့သည်ဟု ဝေဖန်ရေးသမားများက စွပ်စွဲခဲ့ပြီး နိုင်ငံအတွင်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဟေတီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မွိုက်စ်၏ သမ္မတရာထူးနေရာကို တရားရုံးချုပ်က အစားထိုးခန့်အပ်ရမည်ဖြစ်သော်လည်း တရားသူကြီးချုပ်သည် မကြာသေးမီ ရက်ပိုင်းအတွင်းက COVID-19 ရောဂါဖြင့်  ကွယ်လွန်ခဲ့သဖြင့် လစ်လပ်နေသည့် သမ္မတရာထူးနေရာကို မည်သူက အစားထိုးတာဝန် ထမ်းဆောင်မည်နည်း ဟူသည့်မေးခွန်းလည်း  ထွက်ပေါ်လာခဲ့သည်။

မွိုက်စ်၏ လုပ်ကြံခံရမှုမတိုင်မီ တစ်ရက်အလိုက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဂျိုးဆက်ကမူ နိုင်ငံ့အကြီးအကဲနေရာကို တာဝန်ယူခဲ့ပြီး ၎င်း၏ဝန်ကြီးချုပ်ရာထူးနေရာအတွက် အာရီယယ်ဟင်နရီကို အစားထိုးခဲ့သည်။

ဟင်နရီကမူ သူသည်ဟေတီဝန်ကြီးချုပ်ဖြစ်ပြီး ယင်းသည်ထူးခြားပြီး ရှုတ်ထွေးသည့် အခြေအနေတစ်ရပ်ဖြစ်သည်ဟု အေပီသတင်းဌာနနှင့်ပြုလုပ်သည့် အကျဉ်းချုံးအင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဟေတီ၏ ရေဒီယိုဌာနဖြစ်သည့် Radio Zenith နှင့်ပြုလုပ်သည့် အင်တာဗျူးတွင်မူ သူနှင့်ဂျိုးဆက်တို့အကြား ထိပ်တိုက်တွေ့မှုမရှိခဲ့ကြောင်း၊ လူပုဂ္ဂိုလ်များသည် ဆုံးဖြတ်ချက်ကို အလျင်စလိုချမှတ်တတ်သည်ဆိုသည့် အချက်ကို သဘောမတူကြောင်း ဖြေကြားခဲ့သည်။

မွိုက်စ်သည် မကြာသေးမီလများအတွင်းက ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းဆန္ဒပြမှုများသည် အဓိကရုဏ်းအသွင်သို့ ကူးပြောင်းခဲ့ပြီး အတိုက်အခံခေါင်းဆောင်များကလည်း မွိုက်စ်၏ အစီအစဉ်ဖြစ်သည့် သမ္မတအာဏာကို ပိုမိုခိုင်မြဲစေရန်အဆိုပြုထားသည့် ဖွဲ့စည်းပုံဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမည့် အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။

ပို့အူပရင့်စ်မြို့တော်ရှိ သမ္မတ၏သီးသန့်နေအိမ်တွင် လုပ်ကြံမှုဖြစ်ပွားခဲ့ပြီးနောက် နာရီအနည်းငယ်ကြာသည်အထိ ယခင်ကဆူညံပွက်လောရိုက်နေလေ့ရှိသည့် မြို့တော်အတွင်းရှိ လမ်းများပေါ်တွင် တိတ်ဆိပ်ခြောက်ကပ်နေခဲ့သည်။

ထို့အတူ ဟေတီတွင် နယ်မြေလုရာမှ အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ရာဇဝတ်ဂိုဏ်းများသည်လည်း ယခုကဲ့သို့အခြေအနေမျိုးတွင် ၎င်းတို့၏သြဇာကို ပိုမိုမြှင့်တင်ဖွယ်ရှိနေသည်။

ဗာဂျီးနီးယားတက္ကသိုလ်မှ ဟေတီနိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ရောဘတ်ဖက်တန်ကမူ ဟေတီရှိ ရာဇဝတ်ဂိုဏ်းများသည် ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာနိုင်ပြီး လုံခြုံရေးတပ်ဖွဲ့များသည်လည်း လုပ်ကြံသူများအား ၀ိုင်းဝန်းဖမ်းဆီးရန် ကြေညာထားသည့် သီတင်းနှစ်ပတ်ကာလအတွင်း သံသယရှိသူများကို ဖမ်းဆီးရမိနိုင်ခြေရှိ၊မရှိမှာလည်း သေချာရေရာမှုမရှိသေးပေ။

“ဒါဟာ တကယ့်ကို ပေါက်ကွဲထွက်တော့မယ့် အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလော်ဒီဂျိုးဆက်ဟာ အာဏာဆက်ယူဖို့ ကြိုးပမ်းမယ်ဆိုရင် ဒါဟာ အကြီးအကျယ် မေးခွန်းထုတ်စရာကောင်းတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။  သူ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရမဖွဲ့ဘူးဆိုရင် အာဏာဆက်ယူထားဖို့ အရမ်းခက်ခဲလာပါလိမ့်မယ်” ဟု ရောဘတ်က ပြောကြားခဲ့ပြီး ဟေတီတွင် ကုလသမဂ္ဂပုံစံ စစ်အင်အားဖြန့်ကျက်ချထားမှုနှင့်အတူ ပြည်ပတပ်ဖွဲ့များဝင်ရောက်လာနိုင်ခြေရှိသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် မွိုက်စ်လုပ်ကြံခံရမှုကို နိုင်ငံတကာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲများကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပသင့်ကြောင်း ဂျိုးဆက်က ပြောကြားခဲ့သည်။

“အဲဒီလိုလုပ်မှပဲ အရာရာဟာ အစီအစဉ်တကျ ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။                          

Most Read

Most Recent