ဥရောပ၏ သက်တမ်းအရင့်ဆုံး အော်ရစ်ကန်ကို ကယ်တင်ခြင်း

ဥရောပ၏ သက်တမ်းအရင့်ဆုံး အော်ရစ်ကန်ကို ကယ်တင်ခြင်း
Photo:AFP
Photo:AFP
Published 5 July 2021
ဇင်မျိုး

ဒီမီတာပန်ဒေါ့စကီးသည် နေဆာလှုံနေသော လူငယ်များကို ကွေ့ဝိုက်ရှောင်ကာ ခနော်နီခနော်နဲ ့ စင်္ကြန်လမ်းလေးအဆုံးသို့ ဒေါင်းတည်မောင်းတည်သွားကာ ယူနက်စကို၏ဖိအားကြောင့် တာဝန်ရှိသူများက မကြာသေးမီက ပိတ်ခိုင်းခဲ့သော ကန်ဘေးရှိလူ သူကင်းမဲ့နေသော သူ့စားသောက်ဆိုင်ကို ကာထားသည့်  တာပေါ်လင်စအား ဖယ်လိုက်သည်။

မြောက်မက်ဆီဒိုးနီးယား အစိုးရသည် သဘာဝပတ်ဝန်းကျင် ကာကွယ်မှုကို ဆောင်ရွက်ရန် အပြင်းအထန် ကြိုးပမ်းနေပြီး ကုလသမဂ္ဂယဉ်ကျေးမှုဌာန ယူနက်စကို၏အန္တရာယ် ကျရောက်နေသော ကမ္ဘာ့အမွေအနှစ် နေရာများစာရင်းတွင် ထည့်သွင်းခံထားရသည့် အော်ရစ်ကန်ကို ကယ်တင်ရေးအတွက် ပန်ဒေါ့စကီး ကိုယ်ထူကိုယ်ထ ဆောက်ထားသော စားသောက်ဆိုင်ကဲ့သို့သော နေရာများကို ပိတ်ခဲ့ရသည်။

“ဒီနည်းဟာ လူတိုင်းကိုဆုံးရှုံးစေပါတယ်။ ဝန်ထမ်းတွေဆုံးရှုံးကြတယ်။ ဒေသခံတွေ စီးပွားရေးဆုံးရှုံးတယ်။ ကမ်းခြေပေါ်မှာ သွားလာစရာနေရာမရှိတော့လို ့ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း ဆုံးရှုံးရပါတယ်” ဟု ပန်ဒေါ့စကီးက အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။ သူပြောသောအကြောင်းအရာသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ အပြင်းအထန် ခုခံပြောဆိုနေသော အကြောင်းအရာဖြစ်နေသည်။

ကန်၏ထူးခြားသောတိရစ္ဆာန်နှင့် အပင်များ၊ သက်ရှိများ၊ သမိုင်းမတင်မီခေတ်က အပြိုအပျက်များ၊ ဘိုင်ဇန်တိုင်းခေတ် ဘုရား ရှိခိုးကျောင်းများကြောင့် အော်ရစ်ကန်နှင့် အနီးဝန်းကျင်သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ဆယ်စုနှစ်လေးခု မွေ့လျော်ခဲ့ရသည်။

ကမ္ဘာတစ်ဝန်းနေရာ ဒါဇင်အနည်းငယ်လောက်သာ ၎င်းတို့၏သဘာဝ၊ ၎င်းတို့၏ယဉ်ကျေးမှု နှစ်ခုလုံးအတွက် အဆင့်သတ်မှတ်ခံခဲ့ကြရခြင်းဖြစ်ရာ ယင်းသို ့ယူနက်စကိုစာရင်းဝင် ဖြစ်ရခြင်းမှာ အော်ရစ်ကန်အတွက် ဂုဏ်ယူဖွယ် အကြောင်းရင်းတစ်ခုဖြစ်၍ ကမ္ဘာလှည့်ခရီးသွားများအတွက် ဒေသကို စျေးကွက်တင်ရာတွင် အဓိကကျသော အပိုဆု ဖြစ်ခဲ့သည်။

သို့ရာတွင် ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် မြို့ပြပုံစံပြောင်းလဲမှုနှင့်ပတ်ဝန်းကျင် ညစ်ညမ်းမှုတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသောကြောင့် ဇူလိုင်လနှောင်းပိုင်း အဆင့်မြင့်အစည်းအဝေးတွင် အော်ရစ်ဒေသကို အန္တရာယ် ကျရောက်စာရင်းထဲ ထည့်သွင်းရလိမ့်မည်ဟု ကုလသမဂ္ဂအဖွဲ့အစည်း ယူနက်စကိုက ပြောကြားထားသည်။

မြောက်မက်ဆီဒိုးနီးယားအနေဖြင့် သံတမန်ရေးဆိုင်ရာ ထူးခြားဆန်းကြယ်မှုများကို လုပ်ဆောင်နိုင်ခြင်းမရှိပါက အော်ရစ်ကန်မှာ သြစတြေးလျ၏ မဟာသန္တာကျောက်တန်းကဲ့သို့ အံဖွယ်တစ်ပါးအဖြစ် ချီးကျူးခံရမည်ဖြစ်သည်။

အော်ရစ်မြို့တော်ဝန် ကွန်စတန်တင် ဂျော်ဂီစကီးသည် အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တာဝန် အပ်နှင်းခံထားရသောဒေသန္တရနှင့်အမျိုးသားအစိုးရအဖွဲ ့အစည်းများ၏ သပွတ်အူအရှုပ်အထွေး အလယ်ကို ရောက်နေသည်။ သူ့တာဝန်မှာ နိုင်ငံတကာအခန်းကဏ္ဍကြောင့် ခက်ခဲရှုပ်ထွေးနေသည်။ အော်ရစ်ကန်၏ တစ်စိတ်တစ်ပိုင်းမှာ အယ်လ်ဘေးနီးယားနိုင်ငံတွင် ရှိနေပြီး အယ်လ်ဘေးနီးယား တာဝန်ရှိသူများကလည်း ယူနက်စကိုနှင့် ဆွေးနွေးမှုများတွင် ပါဝင်နေကြသည်။ သို့ရာတွင် ဂျော်ဂီစကီးသည် ထိတ်ထိတ်ပျာပျာမဖြစ်ပေ။

အဓိကကျသော ခရီးသွားလုပ်ငန်းသည် ကန်ပတ်ဝန်းကျင်တွင် မှိုလိုပေါက်လာခဲ့ပြီး ဒေသခံစီးပွားရေးကို ဖြည့်ဆည်းပေးနေသည်ဆိုသော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဦးတည်စေခဲ့သည်။

“ အဆိုးဆုံး အနေအထားကို သွားနေတယ်ဆိုတဲ့သဘော မဟုတ်ပါဘူး” ဟု ယူနက်စကို ဆုံးဖြတ်ချက်ကို ၎င်းက ပြောကြားသည်။ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံရခြင်းမှာ ရန်ပုံငွေတစ်စုံတစ်ရာ ရရှိစေခြင်းမဟုတ်ဟု ဆိုသည်။

“နှစ်၃၀ ပေါ့ဆခဲ့ပြီးတဲ့နောက်မှာ သူတို့(ယူနက်စကို) ဟာ သည်းခံမှုကုန်ဆုံးနေပါတယ်ဆိုတာ သာမန်ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယူနက်စကိုသည် အော်ရစ်ကန်၏ မက်ဆီဒိုးနီးယားဘက်ခြမ်းကို ၁၉၇၉ ခုနှစ်တွင် ၎င်း၏ကမ္ဘာ့ရိုးရာအမွေအနှစ် စာရင်းတွင် ပထမဆုံးထည့်သွင်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အယ်လ်ဘေးနီးယားဘက်ခြမ်းကိုပါ တိုးချဲ့ထည့်သွင်းခဲ့သည်။ ယူဂိုဆလားဗီးယား ခေတ်အတွင်းက အော်ရစ်သည် အများအားဖြင့် ဆေးရုံများနှင့် အားကစားအသင်းများ၏ လေ့ကျင့်ရေးနေရာများအဖြစ် ခြောက်ကပ်ကပ်ဖြစ်နေခဲ့သည်။

၁၉၉ဝပြည့်နှစ်ကာလများတွင် မက်ဆီ ဒိုးနီးယားခွဲထွက်ခြင်းနှင့် ယူဂိုဆလားဗီးယား၏ ဝရုန်းသုန်းကားနိုင်လှသော ပြိုကွဲမှုဖြစ်ခဲ့ပြီးနောက် ကန်ဘေးတစ်လျှောက် ခရီးသွားလုပ်ငန်းများ တိုးချဲ့မှုအစပြုခဲ့သည်။ ရေကန်ဘေး စင်္ကြံလမ်းများ၊ ငါးထပ်မြင့်ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဘားဆိုင်များ မှိုလိုပေါက်လာခဲ့သည်။ ထို့နောက်တွင် လူနေတိုက်ခန်းတွဲများပေါ်လာရာ မြို့ဟောင်း၏ သြဇာခံမြို့ တစ်မြို့ သဘောဖြစ်လာသည်။

လုပ်ငန်းရှင်များသည် ထိန်းသိမ်းကာကွယ်ထားသောနယ်မြေတွင် တည်ဆောက်မှုများလုပ်ရန် တရားဥပဒေ၏ အားနည်းချက်များကို အသုံးချခဲ့ကြရာ မိလ္လာစနစ်နှင့်  ချိတ်ဆက်ထားခြင်း မရှိသော အဆောက်အအုံများပင် ပေါ်လာခဲ့သည်။ ပိုမိုကျယ်ပြန့်သော အော်ရစ်ဒေသရှိ အဆောက်အအုံသုံးပုံတစ်ပုံမှာ အညစ်အကြေးများကို ကန်ထဲသို့ တိုက်ရိုက်စွန့်ပစ်ကြသည်ဟု ယူနက်စကိုက ခန့်မှန်းထားသည်။

“အရာရာဟာ ဒေါသထွက်စရာ ကောင်းနေပါတယ်” ဟု အော်ရစ်ကန်တွင် ရေငုပ်စူးစမ်းသည့်အလုပ်ကို ဆယ်စုနှစ် နှစ်ခုလုပ်ခဲ့သော ရှေးဟောင်းသုတေသနပညာရှင် နီကိုလာပက်စကာလီက ပြောသည်။

တစ်ခါတရံ သူသည် ကြေးခေတ်က အမွေအနှစ်ပစ္စည်းများကို ရှာဖွေသည်။ တစ်ခါတရံသူသည် တိုလီမိုလီပစ္စည်းများကို ရှာဖွေသည်။ ရေနက်ပိုင်းမှ သူရရှိခဲ့သောပစ္စည်းများထဲတွင် တီဗွီများ၊ အိမ်သာများနှင့် ရေချိုးကန်များ ပါဝင်သည်။

“ အမှိုက်သရိုက်ဟာ ကန်ရဲ့ကင်ဆာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး လွန်ခဲ့သောနှစ် ၁.၃ သန်းကျော်က ဖြစ်ပေါ်လာခဲ့ပြီး ထူးခြားမျိုးစိပ် ဒါဇင်ပေါင်းများစွာ မှီတင်းနေထိုင်ရာ နေရာဖြစ်သောကန်တွင် ဇီဝမျိုးကွဲများကို ကာကွယ်ရန် အနည်းငယ်သာ လုပ်ဆောင်ခဲ့သည်ဟု အစိုးရကို စွပ်စွဲခဲ့သည်။

တရားမဝင် အဆောက်အအုံများ၊ သစ်ခုတ်ခြင်း၊ ငါးလုပ်ငန်းများမှသည် မြစ်ကြောင်းလမ်းလွှဲများ ဖြစ်ပေါ်ခြင်းနှင့် ကြုံသလိုလမ်းဖောက်ထားခြင်းများအထိ ပြဿနာများကို ယူနက်စကိုက မီးမောင်းထိုးပြခဲ့သည်။ ခရီးသွားလုပ်ငန်းအတွက် ဗဟိုအချက်အချာ ဖြစ်လာစေလိုသောဒေသ၏ဆန္ဒက ထိုပြဿနာအများအပြားကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ 

“ ကျွန်မတို့အခုချိန်ကနေ စလုပ်ခဲ့မယ်ဆိုရင် ကျွန်မ လုပ်ခဲ့တဲ့ ထိခိုက်ပျက်ဆီးမှုကို ပြန်ပြင်ဖို ့နှစ်တွေ အများကြီးကြာလိမ့်မယ်” ဟု အောက်ခြေသဘာဝပတ်ဝန်းကျင်အုပ်စု Ohrid SOS မှ ကတ်ထရီနာဗက်ဆီ လက်စကာက ပြောသည်။ သို့သော် အော်ရစ်ကန်ကို သန့်ရှင်းရေးလုပ်ခြင်းမှာ စွန့်စားမှု အန္တရာယ်များလည်း ရှိနေသည်။

ကန်ပေါ်တွင် တည်ဆောက်ထားပြီး ယာယီနိုက်ကလပ်များနှင့် စားသောက်ဆိုင်များအဖြစ် အသုံးပြုနေသော အဆောက်အအုံ အများအပြားကို ဖျက်ဆီးရန် မြို ့တော်ဝန်် ဂျော်ဂီစကီးက မကြာသေးခင်က ညွှန်ကြားခဲ့ သည်။

“ကျွန်တော်တို့လို မြို့လေးတစ်မြို့မှာ တစ်ဦးဦးရဲ ့အဆောက်အအုံကိုဖျက်ဆီးဖို့ ခက်ခဲပါတယ်။ ကျွန်တော်ဟာ အခုဆိုရင် အဲဒီလူတွေရဲ့ ပုဂ္ဂိုလ်ရေးရန်သူဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ စိတ်နေသဘောထားကို ပြောင်းလဲရန် လိုအပ်နေသည်ဟု ဂျော်ဂီစကီးက ပြောသည်။

ပါတီပွဲတက်ခြင်းဆိုသည်ထက် ယဉ်ကျေးမှုနှင့် သဘာဝတို့ဖြင့် ဆွဲဆောင်ထားသည့် ကမ္ဘာ့လှည့်ခရီးသည်များကို ကြိုဆိုနေသောမြို့လေးကို ဂျော်ဂီစကီး မြင်ယောင်ကြည့်သည်။

မူလအတိုင်းဖြစ်စေရန် ပြင်ဆင်မွမ်းမံခြင်းကြောင့် ဘုရားရှိခိုးကျောင်းအချို့၏ စစ်မှန်မှုကို ထိခိုက်စေခဲ့သည်ဟု မကြာသေးမီက ထုတ်ပြန်သောအစီရင်ခံစာတွင် ယူနက်စကိုက ဖော်ပြခဲ့သည်။ မြို့ဟောင်းလေး၏ သစ်သားရက်မများဖြင့် ဆောက်ထားသော ထူးခြားအဆောက်အအုံများသည် ထိန်းမနိုင် သိမ်းမရ တည်ဆောက်ပြုပြင်မှုကြောင့် အန္တရာယ်ကြုံနေသည်။

ဂေဟဆိုင်ရာစိုးရိမ်ပူပန်မှုများကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖက်ပြိုင်အံတုခြင်းသည် မှားယွင်းသော ငြင်းခုံမှုဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြောသည်။

“ ရှင့်အနေနဲ့ လူ ၃၀ လောက်ကို အလုပ်ပေးထားနိုင်တယ်ဆိုပေမယ့် ရှင်ဟာ လူ ၅၀,၀၀၀ စာအတွက် ကန်ကို ညစ်ညမ်းစေတာပါ” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဗက်ဆီလက်စကာ က ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent