မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း၊ လွှတ်တော်ဥက္ကဋ္ဌဟောင်းအပါအဝင် ဝန်ကြီးဟောင်းသုံးဦးနှင့် ရန်ကုန်တိုင်းဝန်ကြီးဟောင်း ဦးနိုင်ငံလင်းတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း၊ လွှတ်တော်ဥက္ကဋ္ဌဟောင်းအပါအဝင် ဝန်ကြီးဟောင်းသုံးဦးနှင့် ရန်ကုန်တိုင်းဝန်ကြီးဟောင်း ဦးနိုင်ငံလင်းတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုအား အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်
မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုအား အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်
Published 23 June 2021

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာ၊ သံယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီးဟောင်း  ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကြောင်း ဇွန် ၂၃ရက် ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

အဆိုပါသတင်းကြေညာချက်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သော ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း ပါရှိသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ် လုပ်ငန်းရှင်တစ်ဦးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကြောင်းပြလှူဒါန်းသည့် အလှူငွေ ကျပ် သိန်း ၅၀၀ ကို လက်ခံရယူ၍ ၂၀၁၆ ခုနှစ်မှစ၍ လူနေဇုန်အတွင်း ကျရောက်နေသဖြင့် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုအပေါ် ခွင့်ပြုပေးခဲ့ခြင်းမရှိသည့် မြေ တစ်ဧကကို စက်သုံးဆီဆိုင် ဖွင့်လှစ်နိုင်ရေးအတွက် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းသည် ဝန်ကြီးချုပ်ဟောင်းအနေဖြင့် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေး၍ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်း ဖြစ်ကြောင်း သတင်းကြေညာချက်တွင် ပါရှိသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတာသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မကွေးတိုင်းဒေသကြီး လွှတ်တော်တည်ဆောက်ရေးအတွက် ကုမ္ပဏီကဒီဇိုင်းရေးဆွဲရာတွင် အခကြေး ငွေရယူခြင်းမရှိဘဲ ရေးဆွဲဆောင်ရွက်ခဲ့သော်လည်း စာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခြင်းမရှိသည့် ဒီဇိုင်းရေးဆွဲခအဖြစ် လွှတ်တော်(ပင်မ) အဆောက်အဦစီမံကိန်း တန်ဖိုး၏ ၂ရာခိုင်နှုန်း ကျပ်သိန်း ၈၄၀ ကျော်ကို ကုမ္ပဏီသို့ ထုတ်ပေးခဲ့၍ လွှတ်တော်တက် ဟန်ဗိုလ်ချုပ်ရုပ်တုအား ပြုလုပ်စေခဲ့ခြင်းဖြင့် နိုင်ငံတော်အနေဖြင့် သက်သာခွင့် ရရှိမည့် ကျပ်သိန်း ၈၄၀ ကျော်ကို ဆုံးရှုံးစေခဲ့ကြောင်း ပါရှိသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုနှင့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော်တို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က တိုင်းအစိုးရအဖွဲ့၏ ၃၁-၁၀-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/ ၂၀၁၈) အရ တရားဝင် ရေနံလက်ယက် တွင်းတူးဖော်လုပ်ကိုင်ခွင့် လိုင်စင်ရသူများထံမှ မြေတစ်ဧကလျှင် ငှားရမ်းခ ငွေကျပ် ၃သိန်း ကောက်ခံလျက်ရှိရာ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ခုနှစ်များအတွင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သက်တမ်းတိုး လိုင်စင်ထုတ် မပေးခြင်းအား အကြောင်းပြ၍ နိုင်ငံ့ဘဏ္ဍာအတွက် ငှားရမ်းခ ကောက်ခံခြင်း မရှိသော်လည်း လုပ်ကွက်များအား ဆက်လက်လုပ်ကိုင်စေပြီး အဆိုပါ လုပ်ကွက်များမှ ထွက်ရှိသည့် ရေနံစိမ်းများကို သယ်ယူပို့ဆောင်ခွင့် မျှောစာများ ဆက်လက်ထုတ်ပေးကာ တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ရေနံစိမ်း တစ်စည်လျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံ၍ ရေနံစိမ်း သယ်ဆောင်ခွင့် မျှောစာများအား ၃၁-၁-၂၀၂၁ ရက် နေ့အထိ ထုတ်ပေးခဲ့ကြောင်း၊ မင်းလှမြို့နယ်၊ သရက်မြို့နယ်၊ ဆောမြို့နယ်နှင့် ပေါက်မြို့နယ်တို့မှ ရေနံလက်ယက်တွင်း လုပ်ကွက် ၁၅ ခု၊ စုစုပေါင်း မြေ ၅၆၉ ဧကအတွက် မြေငှားရမ်းခ စုစုပေါင်းငွေကျပ် ၃၁၀၂သိန်းကို ကောက်ခံခဲ့မှုမရှိခြင်းကြောင့် နိုင်ငံတော်မှရရှိမည့်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးစေခဲ့ကြောင်း သတင်းကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော်သည် နိုင်ငံရေးရာထူးလက်ရှိ ဖြစ်ခဲ့စဉ်က ဂန့်ဂေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး ဆောက်လုပ်ရန် အတွက် အကြောင်းပြကာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလခန့်က မကွေးတိုင်းဒေသကြီး ရေနံလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ လုပ်ငန်း ရေရှည် အဆင်ပြေစေရန် ပေးအပ်သည့် ငွေကျပ်၂၅သိန်းကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ ငွေကြေးများ တောင်းခံရယူခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေးနှင့် ဦးတင်နွယ်ဦးတို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဒီဂရီကောလိပ် (မကွေး) Lot (1) (၃)ထပ် စာသင်ဆောင် ဆောက်လုပ်သည့်လုပ်ငန်းနှင ့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တင်ဒါ ကော်မတီ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရွေးချယ်သော တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အခြားကုမ္ပဏီအား ရွေးချယ်ခဲ့မှုကြောင့် နိုင်ငံတော်မှ ငွေကျပ် ၃၁ ဒသမ ၀၄၅ သန်း ပိုမိုကုန်ကျ၍ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သတင်းကြေညာချက်တွင် ပါရှိသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေးနှင့် ဦးတင်နွယ်ဦးတို့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဒီဂရီကောလိပ် (မကွေး) ၏ တင်ဒါလုပ်ငန်းများမှ Lot (1) သင်တန်းသား ၂၄၀ ဆံ့ အိပ်ဆောင်၊ စားသောက်ဆောင်နှင့် စားဖိုဆောင် ဆောက်လုပ်သည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တင်ဒါကော်မတီ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရွေးချယ်သော တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ အခြားကုမ္ပဏီအား ရွေးချယ်ခဲ့မှုကြောင့် နိုင်ငံတော်မှ ငွေကျပ် ၁၃ ဒသမ၂၉ သန်း ပိုမိုကုန်ကျ၍ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပါရှိသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေးနှင့် ဦးတင်နွယ်ဦးတို့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (ပခုက္ကူ) ၏ တင်ဒါလုပ်ငန်းများ အနက်မှ Lot (1) (၃) ထပ် ပင်မစာသင်ဆောင် ဆောက်လုပ်သည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တင်ဒါကော်မတီ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရွေးချယ်သော တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အခြားကုမ္ပဏီအား ရွေးချယ်ခဲ့မှုကြောင့် နိုင်ငံတော်မှ ငွေကျပ် ၉ ဒသမ ၅၂၄ သန်း ပိုမိုကုန်ကျ၍ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပါရှိသည်။

ထို့ပြင်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးတင်နွယ်ဦးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂၀၂ဝပြည့်နှစ်၊ သြဂုတ်လအတွင်းက မကွေးတိုင်းဒေသကြီး လွှတ်တော် ပင်မအဆောက်အဦ အရည်အသွေး စစ်ဆေးသည့် ကုမ္ပဏီတစ်ခုထံမှ ငွေကျပ်သိန်း (၆၀) ကို လက်ခံရယူခြင်းသည် အဂတိလိုက်စားမှု ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတာတို့သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၃၀-၉-၂၀၁၉ ရက်နေ့တွင် အမိန့်ကြော်ငြာ စာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြမှုမရှိဘဲ အစိုးရဌာနအဖွဲ့အစည်းများက ဆောင်ရွက်ရမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ဆောင်ရွက်စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် ကျပ်၂၄၉၇ သန်း နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာ၊ ဝန်ကြီးဟောင်းများဖြစ်သော ဦးမြင့်ဇော်၊ ဒေါက်တာ ခင်မောင်အေးနှင့် ဦးတင်နွယ်ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ် မ ၅၅ အရ မကွေးတိုင်းဒေသကြီး၊ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ဇွန် ၂၃ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဦးနိုင်ငံလင်းအပေါ် တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် ပညာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရေး တင်ဒါကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် သင်္ဃန်းကျွန်း ပညာရေး ကောလိပ်နှင့် ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့တွင် အဆောက်အဦ ဆောက်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ၅-၁-၂၀၂၁ ရက်နေ့၌ ငွေကျပ်သိန်း ၁၈၀ နှင့် ငွေကျပ် ၈ သိန်းခန့် တန်ဖိုးရှိသော တီဗွီနှင့် ကာရာအိုကေစက်တစ်စုံကို ၎င်းနေအိမ်တွင် လက်ခံရယူခဲ့ခြင်း၊၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်၌ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်စာသင်ဆောင် ဆောက်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ် သိန်း ၅၀ နှင့် ၅ သောင်းခန့်တန်ဖိုးရှိသော လက်ဆောင်ခြင်း တစ်ခုတို့ကို ၂၃-၁-၂၀၂၁ ရက်နေ့တွင် ၎င်းနေအိမ်၌ လက်ခံရယူခဲ့ခြင်း၊ ဒဂုံတက္ကသိုလ်တွင် အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ကျပ်သိန်း ၂၀ ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက ၎င်းင်း၏ရုံးခန်း၌ လက်ခံရယူခဲ့ခြင်း၊ တောင်ဒဂုံ စက်မှုလက်မှုသိပ္ပံကျောင်း အဆောက်အဦ ဆောက်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ကို ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက ၎င်း၏ ရုံးခန်း၌ လက်ခံရယူခဲ့ခြင်း၊ ရန်ကုန်တိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ၎င်းကုမ္ပဏီဝန်ထမ်းများ အတွက် Quarantine Center သီးသန့်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသည့် နေရာသို့ ၂၄-၁၁-၂၀၂၀ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့စဉ် ကုမ္ပဏီက ပေးအပ်သည့် ကျပ် ၈ သိန်းခန့် တန်ဖိုးရှိသော iPhone 12 Mini လက်ကိုင်ဖုန်းတစ်လုံးကို လက်ခံရယူခဲ့ခြင်းတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ဇွန် ၂၃ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိကြောင်း ပါရှိသည်။