■ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲဝင် မြန်မာအသင်းကို အန်တွမ်နီဟေး ကိုင်တွယ်မည်ဆိုပါက သက်တမ်းတိုးရမည်

■ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲဝင် မြန်မာအသင်းကို အန်တွမ်နီဟေး ကိုင်တွယ်မည်ဆိုပါက သက်တမ်းတိုးရမည်
Photos : MFF
Photos : MFF
Published 22 June 2021

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲဝင် မြန်မာအသင်းကို နည်းပြချုပ် အန်တွမ်နီဟေးအား ကိုင်တွယ်ခွင့်ပြုမည်ဆိုပါက သက်တမ်းတိုးရမည်ဖြစ်ကြောင်း သိရသည်။

MFFသည် ဂျာမနီနိုင်ငံသားဖြစ်သူ အန်တွမ်နီဟေးကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာအတွင်းက ဒုတိယအကြိမ်အဖြစ် ပြန်လည်ခန့်အပ်ထားခြင်းဖြစ်သည်။

အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်သူ အန်တွမ်နီဟေးသည် မြန်မာအသင်းကို ၂၀၁၈ မေလက တစ်နှစ်ခွဲစာချုပ်ဖြင့် ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ဆူဇူကီးဖလားတွင် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရပြီးနောက်ပိုင်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ယင်းနောက်တွင် မွန်တီနီဂရိုးနိုင်ငံသားနည်းပြ ရာဂျူလိုဗစ်ကို ၂၀၁၉ ဧပြီလက နည်းပြအဖြစ် ခန့်အပ်ခဲ့သော်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ်ဆိုးများကြောင့် (၆)လအကြာတွင် လမ်းခွဲခဲ့သည်။

MFF သည် နည်းပြချုပ် အန်တွမ်နီဟေးကို ဒုတိယအကြိမ် ပြန်လည်ခန့်အပ်ရာတွင်၂၀၂၁ နှစ်ကုန်ပိုင်းအထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။

ထို့ကြောင့် ယခုနှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲကို ကိုင်တွယ်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲစွမ်းဆောင်ရည်အပေါ် မူတည်၍ သက်တမ်းတိုး၊ မတိုး ဆုံးဖြတ်ဖွယ်ရှိသည်။

အန်တွမ်နီဟေးသည် ကစားသမားဘဝတွင် ရှော်လ်ကေး၊ ဘာမင်ဂမ်စသည့် ကလပ်အသင်းများ၌ ကစားခဲ့ဖူးပြီး နည်းပြအဖြစ်မူ လီဆိုသို၊ ဂမ်ဘီယာ၊ လိုင်ဘေးရီးယား၊ ကင်ညာ၊ ရဝမ်ဒါစသည့် အာဖရိကအသင်းများကို ကိုင်တွယ်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent