■ စံချိန်မှတ်တမ်းထက် ချန်ပီယံဆုရရှိရေးသာ အရေးကြီးဆုံးဟု အီတလီအသင်းနည်းပြ မန်ချီနီ သုံးသပ်

■ စံချိန်မှတ်တမ်းထက် ချန်ပီယံဆုရရှိရေးသာ အရေးကြီးဆုံးဟု အီတလီအသင်းနည်းပြ မန်ချီနီ သုံးသပ်
Published 22 June 2021

အီတလီအသင်းနည်းပြ မန်ချီနီက စံချိန်မှတ်တမ်းများထက် ချန်ပီယံဆုရရှိရေးသာ အရေးကြီးဆုံးဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

''ပေါ့ဇိုလို ဂန္ထဝင်တစ်ယောက်ရဲ့စံချိန်ကို လိုက်မီသွားတာ ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ သူက ပွဲ ၃၀ ထက် ပိုအရေးကြီးတဲ့ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ပွဲအစမှာ ကစားသမားရှစ်ဦး အပြောင်းအလဲလုပ်ခဲ့ပေမဲ့ အားလုံးက ပွဲကောင်းတစ်ပွဲဖြစ်အောင် ကစားနိုင်ခဲ့လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒီပွဲက အဆုံးအဖြတ်ပွဲဖြစ်ခဲ့ရင်တောင် အပြောင်းအလဲတွေ ကျွန်တော် လုပ်သွားမှာပါ။ ပွဲကစားနေတဲ့အချိန်မှာ လန်းဆန်းတက်ကြွတဲ့ ခွန်အားရှိဖို့ လိုပါတယ်။ ကျွန်တော့်အသင်းမှာ ကစားသမား ၂၆ ယောက် ရှိပါတယ်။ သူတို့တွေ ပွဲကစားခွင့်ရဖို့၊ ကစားခွင့်ပေးဖို့ လိုပါတယ်။ ရွေးချယ်ရတာ နည်းနည်းပိုခက်တယ်ဆိုတာတော့ မှန်ပါတယ်။ ကစားသမားအများစုက ပွဲကြီးတွေနဲ့ အသားကျနေပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်ရမယ့်သူတွေ အများကြီးပါပဲ။ အဲဒါက အရေးကြီးဆုံးပါ''ဟု မန်ချီနီက ဆိုသည်။

ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ရာနှုန်းပြည့် အနိုင်ရလဒ်ဖြင့် ရှုံးထွက်အဆင့်တက်ရောက်သွားပြီဖြစ်သည့် အီတလီအသင်းသည် ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် Clean Sheet ရရှိထားပြီး ဂိုးမပေးရသည့် မိနစ်စုစုပေါင်း ၁၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အီတလီအသင်းသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင်ကစားသည့် UEFA Nations League ပြိုင်ပွဲ၌ နယ်သာလန်နှင့် တစ်ဂိုးစီ သရေကျပြီးနောက် ၁၁ ပွဲဆက်အနိုင်ရထားသလို ယင်းပွဲအားလုံးတွင် Clean Sheet ရလဒ်ပါ ရရှိထားခြင်းဖြစ်သည်။

အီတလီအသင်းသည် နိုဝင်ဘာမှ ယူရိုပြိုင်ပွဲကာလအထိ ခြေစမ်းပွဲသုံးပွဲ၊ UEFA Nations League  နှစ်ပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲ၊ ယူရိုပြိုင်ပွဲ အုပ်စုပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ကစားထားပြီး တစ်ဂိုးမျှမပေးထားရဘဲ စုစုပေါင်း ၃၂ ဂိုး သွင်းယူနိုင်ခဲ့သည်။

သို့ဖြစ်ရာ အီတလီအသင်းအနေဖြင့် ဂိုးမပေးရသည့်မိနစ် စုစုပေါင်း ၁၀၀၉ မိနစ်ရှိလာပြီဖြစ်ပြီး ယင်း ၁၁ ပွဲအနက် အဓိကဂိုးသမား ဒွန်နာရမ်မာက ခြေစမ်းပွဲနှစ်ပွဲမှလွဲ၍ ကျန်ကိုးပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားထားကြောင်း သိရသည်။

ထို့ပြင် အီတလီအသင်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာနောက်ပိုင်း ပြိုင်ပွဲစုံ ပွဲ ၃၀ ဆက်တိုက် ရှုံးပွဲမရှိကစားထားပြီး ၁၉၃၅ မှ ၁၉၃၉ ခုနှစ်အတွင်း ကမ္ဘာ့ဖလားချန်ပီယံဆု နှစ်ကြိမ်ရရှိခဲ့သည့် နည်းပြ ပေါ့ဇိုလက်ထက် အကောင်းဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်သည်။

Most Read

Most Recent