၂၀၂၁ US Open ဂေါ့ဖ်ပြိုင်ပွဲ၌ နောက်ဆုံးကျင်း (၂) ကျင်းတွင် အံ့အားသင့်ဖွယ် Birdie နှစ်လုံးရိုက်ပြီး စပိန်ကစားသမား ဂျွန်ရမ် ဗိုလ်စွဲ

၂၀၂၁ US Open ဂေါ့ဖ်ပြိုင်ပွဲ၌ နောက်ဆုံးကျင်း (၂) ကျင်းတွင် အံ့အားသင့်ဖွယ် Birdie နှစ်လုံးရိုက်ပြီး စပိန်ကစားသမား ဂျွန်ရမ် ဗိုလ်စွဲ
Photos: AFP
Photos: AFP
Published 21 June 2021

ဂေါ့ဖ်လောက၏ မေဂျာပြိုင်ပွဲကြီးတစ်ပွဲဖြစ်သည့် ၂၀၂၁ US Open ဂေါ့ဖ်ပြိုင်ပွဲတွင် စပိန်ကစားသမား ဂျွန်ရမ်က နောက်ဆုံးကျင်း (၂)ကျင်းတွင် အံ့အားသင့်ဖွယ် Birdie နှစ်လုံးရိုက်ပြီး အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း သိရှိရသည်။

ဂျွန်ရမ်သည် ကျင်းနံပါတ် (၁၇) နှင့် ကျင်းနံပါတ် (၁၈) တို့တွင် Birdie နှစ်ကျင်းဆက်ရရှိခဲ့သဖြင့် တောင်အာဖရိကကစားသမား လူးဝစ်အော့စ်သူဇန်ကို (၁) ချက်အသာ (-၆)ချက်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး၊ စပိန်ကစားသမားများထဲတွင် US Open အောင်မြင်မှုရသည့် စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့သည်။

ဂျွန်ရမ်သည် တတိယနေ့အပြီးတွင် ရက်ဆဲလ်ဟန်လေ၊ မက်ကင်ဇီးဟုချ်၊ အော့စ်သူဇန်၊  ဒီချမ်ဘူ၊ မက်အီရွိုင်းတို့၏နောက် အဆင့် (၆)နေရာတွင်သာ ရပ်တည်နိုင်ခဲ့သော်လည်း နောက်ဆုံးနေ့တွင် အဖွင့် (၂)ကျင်းဆက်တိုက် Birdie ယူခဲ့ပြီးနောက် ဗိုလ်စွဲရန်မျှော်လင့်နိုင်သည့် အခြေအနေကို ရောက်ရှိလာခဲ့သည်။

သို့ရာတွင် ကျင်းနံပါတ် (၄)တွင် Boogey ရိုက်ခဲ့သဖြင့် (-၃)ဖြင့် ဆက်ကစားခဲ့ရပြီး ကျင်းနံပါတ် (၅)မှ စတင်ကာ ကျင်းနံပါတ် (၁၆) အထိ Boogey မရှိအောင် ကစားနိုင်ခဲ့သည်။

သူသည် ကျင်းနံပါတ် (၉)တွင် Birdie တစ်ကြိမ်ရခဲ့သဖြင့် ပထမ (၉)ကျင်းအပြီး (-၂)ချက်၊ (၄)ရက်ပေါင်းအနေဖြင့် (-၄) ချက်ဖြင့် ရပ်တည်နိုင်ခဲ့သည်။

ဒုတိယ (၉)ကျင်းတွင်လည်း ဗိုလ်စွဲရန်အပြိုင်ဖြစ်နေသည့် ကစားသမားအားလုံးထဲတွင် Boogey free ရိုက်နိုင်သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်ခဲ့သည့်အပြင် နောက်ဆုံးနှစ်ကျင်းဆက် Birdie ရခဲ့သဖြင့် စုစုပေါင်း (-၆)ချက်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

သူသည် ကျင်းနံပါတ် (၁၇)တွင် ဒုတိယမြောက်ရိုက်ချက်ကို ကျင်းနှင့် (၂၅)ပေအကွာအထိ ကပ်နိုင်ခဲ့ပြီး  ဝင်အောင် ကျင်းစိမ်နိုင်ခဲ့သဖြင့် (-၅)ချက် ဖြစ်ခဲ့သည်။

ယင်းနောက် Par 5 သတ်မှတ်ထားသည့် ကျင်းနံပါတ် (၁၈)၌ တီခုံရိုက်ချက်တွင် အကောင်းဆုံးနေရာကို ရောက်အောင် ရိုက်နိုင်ခဲ့သော်လည်း ဒုတိယရိုက်ချက်သည် ကျင်းအနီးရှိ  သဲကျင်းထဲသို့ ရောက်ရှိသွားခဲ့သည်။

သဲကျင်းထဲမှ ကျင်းစိမ်မြက်ခင်း (Green) ပေါ်သို့ တင်ရာတွင် (၁၈)ပေအကွာအထိ ရောက်ရှိသွားခဲ့သော်လည်း Line အရွေးမှန်ခဲ့သဖြင့် Birdie ရရှိရန် အခွင့်အလမ်းသာခဲ့ပြီး စတုတ္ထမြောက်ကျင်းစိမ်ရိုက်ချက်ကို ဝင်အောင်သွင်းနိုင်ခဲ့သဖြင့် (-၆)ချက်ဖြင့် ပြီးဆုံးခဲ့ခြင်းလည်းဖြစ်သည်။

သူသည် ၁၉၈၂ ခုနှစ်က တွမ်ဝတ်ဆန်ဗိုလ်စွဲခဲ့ပြီးသည့်နောက်ပိုင်း နောက်ဆုံး (၂)ကျင်းဆက် Birdie ရရှိသည့် ပထမဆုံး ချန်ပီယံကစားသမားလည်းဖြစ်ခဲ့သည်။

ဂျွန်ရမ်သည် Memorial Tournament  တွင် (၃)ရက်အပြီး၌ (-၆)ချက်ဖြင့် ဦးဆောင်နေခဲ့ပြီးမှ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိရသဖြင့် နောက်ဆုံးနေ့ပွဲစဉ်ကို ဆက်ကစားခွင့်မရှိဘဲ နုတ်ထွက်ခဲ့ရသူဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ဂျွန်ရမ်က ''ကျွန်တော်က ကံတရားကို အရမ်းယုံကြည်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြီးရဲ့နောက်မှာ ကျွန်တော့်အတွက် တကယ်ထူးခြားကောင်းမွန်တဲ့အရာတစ်ခုခု ပြန်ရလာလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်''ဟု ဆိုခဲ့သည်။

သူသည် US Open ချန်ပီယံဆုအတွက် ဆုကြေးဒေါ်လာ (၂၂၅၀၀၀၀) ကို ဆွတ်ခူးခဲ့သည်။ 

Most Read

Most Recent