အာဆီယံဘုံသဘောတူညီချက်များ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက  မြန်မာနိုင်ငံအတွက် သင့်လျော်သည့်အခြေအနေတစ်ရပ် ဖန်တီးပေးရန် ဗီယက်နမ် တိုက်တွန်း

အာဆီယံဘုံသဘောတူညီချက်များ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက  မြန်မာနိုင်ငံအတွက် သင့်လျော်သည့်အခြေအနေတစ်ရပ် ဖန်တီးပေးရန် ဗီယက်နမ် တိုက်တွန်း
Published 21 June 2021
Ref: Vietnam News

နိုင်ငံတကာဥပဒေမူများ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတို့နှင့်အညီ အာဆီယံဘုံ သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံကိုကူညီပြီး သင့်လျော်သည့် အခြေအနေတစ်ရပ် ဖန်တီးပေးသင့်ကြောင်း ဗီယက်နမ်က ဇွန် ၁၈ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အပြန်အလှန်ယုံကြည်မှုများ ပြန်လည်တည်ဆောက်ရန်၊ ရင်ကြား စေ့ဆွေးနွေးမှုများစတင်ရန်နှင့် အာဆီယံဘုံ သဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရန် ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ် သံအမတ် ဒန်ဒင်ကွီက အထွေထွေညီလာခံ အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့သည်။ 

ညီလာခံအတွင်း မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု တားဆီးရေး တောင်းဆိုချက်ပါ ဆုံးဖြတ်ချက်ကို အတည်ပြုရန် မဲခွဲမှုတွင် ထောက်ခံသည့် ၁၁၉ နိုင်ငံတွင် ဗီယက်နမ်နိုင်ငံလည်း ပါဝင်ခဲ့သည်။

အတည်ပြုလိုက်သည့် အဆိုပါဆုံးဖြတ်ချက်သည် မပြည့်စုံသလို မြန်မာနိုင်ငံ၏အခြေအနေမှန်ကို ထင်ဟပ်နေခြင်း မရှိသော်လည်း ဗီယက်နမ်သည် ညှိနှိုင်းပူးပေါင်းရေး အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးကို ထောက်ခံကြောင်းပြသည့်အနေဖြင့် ထောက်ခံမဲပေးခဲ့ကြောင်း၊ မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံနှင့်အတူ ဗီယက်နမ််က လက်ရှိမြန်မာ့အကျပ်အတည်းကို ကျော်လွှားနိုင်အောင် ကြိုးစားကူညီမည်ဖြစ်ကြောင်း သံအမတ်က ပြောကြားခဲ့သည်။ 

အထွေထွေညီလာခံ အစည်းအဝေး ပြုလုပ်သည့်နေ့နှင့် တစ်နေ့တည်းတွင် မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကို ကျင်းပခဲ့သည်။

အဆိုပါ လုံခြုံရေးကောင်စီ အစည်းအဝေးတွင်လည်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ငုယင် ဖုန်ထရာက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ပဋိပက္ခများ ချက်ချင်းရပ်ကြရန် တိုက်တွန်းခဲ့သည်။ 

ယုံကြည်မှုမရှိဘဲ ညှိနှိုင်းမရနိုင်သည့်အတွက် ဘက်အားလုံး တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှု ပြန်လည်တည်ဆောက်ကြရန်လည်း ငုယင်ဖုန်ထရာက တိုက်တွန်းခဲ့ပြီး အာဆီယံ အစိတ်အပိုင်းစုများမှတဆင့် လူသားချင်း ကူညီထောက်ပံ့မှုများပေးရန် အပါအဝင် အာဆီယံ၏ ကြိုးပမ်းချက်များကို နိုင်ငံတကာက ဆက်လက်အားပေးရန် ၎င်းက တောင်းဆိုခဲ့သည်။

အလားတူ လုံခြုံရေးကောင်စီအစည်းအဝေးအား တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အယ်ရီဝမ် ယူဆော့ဖ်က မြန်မာ့အရေးနှင့်ပတ်သက်သည့် အာဆီယံ၏ လတ်တလော ဆောင်ရွက်ချက်များ၊ အထူးသဖြင့် မြန်မာနိုင်ငံကို ဇွန်လအစောပိုင်းက လာရောက်ဆွေးနွေးခြင်းများနှင့် အာဆီယံဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရေးကိစ္စတို့အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းအစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာလည်း တက်ရောက်ခဲ့ပြီး မစ္စစ်ဘာဂနာက မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အချိန်မီတုံ့ပြန် ဆောင်ရွက်ပေးရန်နှင့် တညီတညွတ်တည်း ရှိပေးရန် တောင်းဆိုခဲ့သည်။