အာဏာရှင်စနစ်၏ သွင်ပြင်လက္ခဏာရပ်များ

အာဏာရှင်စနစ်၏ သွင်ပြင်လက္ခဏာရပ်များ
Published 20 June 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

အာဏာရှင်စနစ် ဖြစ်ပေါ်လာစေရန် ရေခံ၊ မြေခံ၊ အခြေအနေများမှာများပြား ရှုပ်ထွေးလှပါသည်။ အဓိကအားဖြင့် အာဏာရှင်စနစ်ကို ရှင်သန်ပေါက်ပွားစေနိုင်ရန် လွယ်ကူစေသည့် အုပ်ချုပ်ရေးစနစ်များမှာ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ဦးက စစ်အင်အားကို နိုင်ငံရေးတွင် အခြေခံရယူကာ ကြာရှည်စွာအုပ်ချုပ်သည့်စနစ်၊ ကားလ်မာ့(က်)(စ်)၏ ကွန်မြူနစ်ကြေညာစာတမ်းနှင့် အရင်းကျမ်းကို အခြေခံကာအုပ်ချုပ်သည့် ကွန်မြူနစ်စနစ်၊ တင်းကျပ်သောဗဟိုချုပ်ကိုင်မှုကျင့်သုံးသည့် တစ်ပါတီစနစ်၊ တစ်ခါတစ်ရံပါတီစုံစနစ်မှလည်း အာဏာရှင်စနစ် ပေါ်ပေါက်တတ်ပါသည်။

အထက်ဖော်ပြပါ အခြေအနေများမှ ဖြစ်ပေါ်လာသည့် အာဏာရှင်စနစ်များမှာ အကြွင်းမဲ့အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်၊ ပစ္စည်းမဲ့အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်နှင့် လူမျိုးရေးအခြေပြုအာဏာရှင်စနစ်တို့ ဖြစ်ကြပါသည်။ ယေဘုယျအားဖြင့် အာဏာရှင်စနစ်သည် မည်သည့်အုပ်ချုပ်ရေးစနစ်တွင်မဆို အချိန်မရွေးအလွယ်တကူ ပေါက်ပွားနိုင်သည့် အခြေအနေဖြစ်ပါသည်။

လူမှုမီဒီယာတစ်ခုတွင် စာရေးသူအနေဖြင့် တွေ့မြင်ခဲ့ရသည့် အခြေအနေတစ်ရပ်မှာ ယခင်ဝန်ကြီးရာထူးထမ်းဆောင်ခဲ့သည့် တာဝန်ရှိပုဂ္ဂိုလ်ကြီးတစ်ဦးက ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်စနစ်၏ လက္ခဏာရပ်များဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းရပ်များကို ဂုဏ်ယူပြီး တင်ပြနေခြင်းပင်ဖြစ်ပါသည်။ မိမိ၏လုပ်ရပ်သည် အာဏာရှင်စနစ်၏ အသွင်သဏ္ဌာန်အရ ဆောင်ရွက်လျက်ရှိသည်ကို မိမိကိုယ်တိုင် မသိမြင်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် အာဏာရှင်စနစ် ဖြစ်ထွန်းပေါ်ပေါက်နေခြင်း ရှိ၊ မရှိ သိရှိနိုင်ကြစေရန်နှင့် ပေါ်ပေါက်နေသည့်အခြေအနေ ကြုံတွေ့နေရပါက အာဏာရှင်လူပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်သတိပြုနိုင်ကြစေရေးအတွက် အာဏာရှင်စနစ်၏ သွင်ပြင်လက္ခဏာရပ်များကို စာရေးသူလက်လှမ်းမီ၊ သိရှိသမျှကို ဝေမျှလိုပါသဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

အောက်ဖော်ပြပါ အချက်များသည် လွန်စွာရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်စနစ်တွင် တွေ့မြင်ရမည့် အကြောက်တရားကို အခြေခံထားသည့် ယေဘုယျသွင်ပြင်လက္ခဏာရပ်များ ဖြစ်ပါသည်။

၁။ “ဘုရင်ကြီး” ၊ “ဥက္ကဋ္ဌကြီး” ၊ “ခေါင်းဆောင်ကြီး” အဖြစ် ကြာရှည်စွာ သို့မဟုတ် တစ်သက်တာ အသိအမှတ်ပြုထားသည့် လူပုဂ္ဂိုလ်တစ်ဦး ရှိရပါမည်။

၂။ အဆိုပါ လူပုဂ္ဂိုလ်ကြီး၏ အတွေးအခေါ်နှင့် ဆောင်ရွက်မှုမှန်သမျှသည် အမြဲတမ်းမှန်ကန်သည်။ ဓမ္မဖြစ်သည်။ (ကိုးကွယ်သည့် ဘာသာမရှိရပါ။)

၃။ အဆိုပါ လူပုဂ္ဂိုလ်ကြီးအပေါ်တွင် သစ္စာရှိရမည်။ လေးစားရမည်။ သစ္စာဖောက်လောက်ကောင် ဖြစ်လာလျှင်၊ မရိုသေမလေးစား ဖြစ်လာလျှင် သေဒဏ်ကျခံရမည် (သို့မဟုတ်) အသတ်ခံရမည်။

၄။ လူဆိုသည်မှာ အမှားအယွင်းမရှိရ (သို့မဟုတ်) အမှားမပြု လုပ်ရ (အမှားဆိုသည်မှာ အဆိုပါလူပုဂ္ဂိုလ်ကြီး၏ အတွေးအခေါ်နှင့် ဆောင်ရွက်ချက်များကို လက်မခံခြင်း၊ သံသယရှိခြင်းလည်း ပါဝင်သည်) ပြုလုပ်ခဲ့သော် သေဒဏ် (သို့မဟုတ်) အသတ်ခံရမည်။

ဤနေရာတွင် စာဖတ်သူတို့အနေဖြင့် သတိပြုစေလိုသည့်အချက်မှာ အာဏာရှင်စနစ်သည် အာဏာကိုသာ အခြေခံပြီး ပြည်သူပြည်သားအပေါင်းတို့အား တိုက်ရိုက်ခိုင်းစေခြင်း ဖြစ်ပါသည်။ လူအချင်းချင်း အာဏာကို အခြေခံကာ မည်သည့်ကြားခံပစ္စည်းကိုမျှ အသုံးမပြုဘဲ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း ဖြစ်ပါသည်။ အဆင့်ဆင့်သော အာဏာနှင့်လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသူသည် သာမန်လူပုဂ္ဂိုလ်များနှင့် မတူညီတော့ဘဲ စေလိုရာစေ၊ လက်ညှိုးညွှန်ရာ ရေဖြစ်စေသည့်တန်ခိုးကို ပိုင်ဆိုင်သူများကဲ့သို့ ဖြစ်စေပါသည်။ ပြည်သူပြည်သားများမှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လက်ခံရမည်ဖြစ်ပြီး အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူများထံ အသက်နှင့်ဘဝကို အပ်နှင်းထားရသကဲ့သို့ ဖြစ်စေပါသည်။ ခိုင်းသမျှလုပ်၊ ပေးသမျှယူ၊ ကျွေးသမျှစားဆိုသည့် အခြေအနေဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်မတိုင်မီ သမိုင်းကျောင်းဆောင်များတွင် နေထိုင်လျက်ရှိကြသည့် ကျောင်းသားကလေးများက စာရေးသူအားရွတ်ပြတတ်ကြသည့် ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစားချင်စားဆိုသည့် အသံကလေးများကို သတိရမိပါသည်။

အာဏာသက်သက်ကိုသာ အသုံးပြုပြီးခိုင်းစေသည့် သို့မဟုတ် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေအနေရှိလျှင် အာဏာရှင်စနစ်ပင်ဖြစ်ပါသည်။ သို့သော် အာဏာရှင်စနစ်တွင် အပြင်းစားနှင့် အပျော့စား အခြေအနေများ၊ အခြားသော စနစ်များနှင့် ရောစပ်ထားသော အခြေအနေများလည်း တည်ရှိနိုင်ပါသည်။ အချို့သော ပျော့ပျောင်းသည့် အာဏာရှင်စနစ်များသည် အာဏာရှင်စနစ်အဖြစ် အလွယ်တကူ သိမြင်နိုင်ရန်ပင် ခက်ခဲလှပါသည်။ အောက်တွင် ဖော်ပြထားချက်များသည် အာဏာရှင်စနစ်၏ လက္ခဏာရပ်များ ဖြစ်သော်လည်း ပြုလုပ်သူ ကာယကံရှင်ကိုယ်တိုင်ပင် သိမြင်နိုင်ခြင်းမရှိခဲ့သည့် အခြေအနေဖြစ်ပါသည်။ သို့သော် တိုင်းပြည်နိုုင်ငံအတွက် ရေရှည်အကျိုးသက်ရောက်မှုအခြေအနေမှာ စနစ်တကျ လေ့လာထားချက်များ မရှိသေးသော်လည်း ကောင်းကျိုးထက် ဆိုးကျိုးကသာများမည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။

နိုင်ငံတော်အကြီးအကဲက ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် တာဝန်ပေးအပ်ရာတွင် အရင်းအမြစ် (ငွေကြေး၊ ပစ္စည်း၊ လူအင်အား) ကို ကန့်သတ်ခြင်း၊ ပါဝင်ခြင်းမရှိဘဲ အာဏာနှင့် လုပ်ပိုင်ခွင့်ကိုသာ ပေးအပ်ခြင်း ဖြစ်ပါသည်။ တာဝန်ပေးအပ်ခံရသူနှင့်အဖွဲ့သည် အာဏာနှင့်လုပ်ပိုင်ခွင့်ကို အသုံးပြုကာ သဘာဝအရင်းအမြစ်များနှင့် ပြည်သူပြည်သားတို့အပေါ်တွင် အစွမ်းကုန်ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ရက်စက်ပြီး တာဝန်ကိုကျေပွန်စေရန် ဆောင်ရွက်ကြပါသည်။ အကျိုးဆက်အဖြစ် သဘာဝအရင်းအမြစ်များ ပျက်စီးစေပြီးလျှင် ပြည်သူပြည်သားများနှင့် ပါဝင်ပတ်သက်သူအားလုံးတို့မှာ ဂုဏ်သိက္ခာရှိစွာအသက်ရှင် ရပ်တည်နိုင်စေရန် မဖြစ်နိုင်တော့သည့်ဘဝများဆီသို့ ရောက်ရှိသွားပါတော့သည်။

အာဏာရှင်စနစ်ကဲ့သို့ ပြည်သူပြည်သားအပေါင်းတို့အား အာဏာဖြင့်တိုက်ရိုက်ခိုင်းစေခြင်းမပြုဘဲ ငွေကြေး သို့မဟုတ် ပစ္စည်းကိုကြားခံအဖြစ်အသုံးပြုကာ ခိုင်းစေသည့်စနစ်ကို အချို့ကအရင်းရှင်စနစ်ဟု ခေါ်ဆိုကြပါသည်။

ငွေကြေး သို့မဟုတ် ပစ္စည်းကို ရရှိနိုင်မည့် သို့မဟုတ် ပိုင်ဆိုင်နိုင်မည့် အခြေအနေကို မျှော်လင့်ချက်ပေးကာ ခိုင်းစေခြင်းဖြစ်ပါသည်။ ပြည်သူပြည်သားများမှာ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိလာပြီး ငွေကြေး သို့မဟုတ် ပစ္စည်းရရှိနိုင်မည့် အခွင့်အလမ်းအပေါ်တွင်မူတည်ကာ အလုပ်ကိုလက်ခံဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကို မိမိဘာသာဆုံးဖြတ်ချက်ချရန် ဖြစ်ပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စုစုပေါင်း ၇၃ နှစ်ခန့်ရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေများကိုအသုံးပြုပြီး အုပ်ချုပ်သည့်ကာလ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ အုပ်ချုပ်သည့်ကာလ၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်ကာလ၊ ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးသည့်ကာလများကို ပုံတွင်ဖော်ပြထားပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်သည့်ကာလများသည် စစ်အုပ်ချုပ်ရေးများ ဖြစ်နေသည်ကိုလည်း သတိပြုကြစေလိုပါသည်။ ဗြိတိန်နိုင်ငံကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးမပြုဘဲ ပြဋ္ဌာန်းထားရှိသည့် တည်ဆဲဥပဒေများဖြင့် စနစ်တကျ အုပ်ချုပ်ခြင်းမျိုး မဟုတ်ပါ။ အရပ်ဘက်ဥပဒေများအား အနည်းငယ်သာ အသုံးပြုပြီးကာလကြာရှည် စစ်အုပ်ချုပ်ရေးကို အသုံးပြုလျှင် လူ့အဖွဲ့အစည်း၏ စံချိန်၊ စံနှုန်းများ၊ စံသတ်မှတ်ချက်များ၊ တန်ဖိုးများ ပျက်စီးဆုံးရှုံးစေတတ်သည်မှာ သဘာဝပင်ဖြစ်ပါသည်။ ပြည်သူပြည်သား လူအများစုမှာ အချိန်ကြာမြင့်စွာ မသေချာ၊ မရေရာမှုများဖြင့်သာ တစ်နည်းအားဖြင့် အမိန့်အာဏာအရ လိုက်ပါဆောင်ရွက်ကြရသဖြင့် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား ယဉ်ကျေးမှုမှာ အလိုအလျောက် ပေါက်ပွားလာစေပါသည်။

ဤနေရာတွင် စာရေးသူအနေဖြင့် စစ်အုပ်ချုပ်ရေးကို အသုံးပြုသည့် တပ်မတော် Institutions တို့၏ သဘောသဘာဝနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို ဦးဆောင်သည့် နိုင်ငံရေး Institutions တို့၏ သဘောသဘာဝကို အနည်းငယ်တင်ပြပါမည်။

တပ်မတော် Institutions တို့၏ အခြေခံသဘောတရားမှာ ရှင်းလင်းပြတ်သားလှပါသည်။ ရန်သူနှင့် မိတ်ဆွေ ခွဲခြားရမည်။ ရန်သူမှန်လျှင် အမြစ်ပြတ်စေရန် ချေမှုန်းရမည်။  ထို့နောက် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရမည်။ နိုင်ငံရေး Institutions တို့၏ သဘောသဘာဝမှာ ရိုးသားရှင်းလင်းသည့် အခြေအနေမဟုတ်ပါ။ (Lord Palmerston) ဖော်ပြသကဲ့သို့ပင် ထာဝရရန်သူမရှိ၊ ထာဝရမိတ်ဆွေမရှိ၊ အမျိုးသားအကျိုးစီးပွားသာလျှင် ထာဝရဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းလာစေရေး ဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်ဆိုသည့် သဘောတရား ဖြစ်ပါသည်။

တပ်မတော် Institutions က စစ်အုပ်ချုပ်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စစ်ဘက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် တိုင်းပြည်နိုင်ငံနှင့် နိုင်ငံတကာအဆင့် သတ်မှတ်ထားရှိသော်လည်း အထက်ဖော်ပြပါ အခြေခံသဘောတရားအရ အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရသည်မှာ အမိန့်အာဏာ (Command) ကိုသာ အသုံးပြုကြရပါသည်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်စနစ်ကို ကျင့်သုံးကြရပါသည်။ စာဖတ်သူတို့အနေဖြင့် သတိပြုစေလိုသည့်အချက်မှာ တပ်မတော် Institutions တို့၏ သဘောသဘာဝသည် တိုင်းပြည်နိုင်ငံ သို့မဟုတ် နယ်မြေဒေသ၏ ငြိမ်ဝပ်ပိပြားရေးကိုသာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ၎င်း၏အခြေခံသဘောတရားအရများစွာ အခက်အခဲရှိပါသည်။ မေးခွန်းမှာ စစ်အုပ်ချုပ်ရေးသည် အာဏာရှင်စနစ် ဖြစ်ပါသလားဆိုသော မေးခွန်းဖြစ်ပါသည်။

အထက်တွင် ဖော်ပြခဲ့သည့် အာဏာရှင်စနစ်၏ သွင်ပြင်လက္ခဏာရပ်များအရ စစ်ခေါင်းဆောင်တစ်ဦးတည်းက စစ်အုပ်ချုပ်ရေးဖြင့် ကာလကြာရှည်အုပ်ချုပ်ခဲ့ပါလျှင် အလိုအလျောက် စစ်အာဏာရှင်စနစ် ဖြစ်ပေါ်လာစေနိုင်ပါသည်။ အာဏာရှင်စနစ်၏ အပြင်းစားနှင့် အပျော့စားသာလျှင် ကွာခြားပါမည်။ စစ်အုပ်ချုပ်ရေးအားလုံးသည် အာဏာရှင်စနစ်မဟုတ်ပါ။ ကာလတို ငြိမ်ဝပ်ပိပြားစေရေး လိုအပ်ချက်အရ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးခြင်းသည် အာဏာရှင်စနစ်မဖြစ်နိုင်ပါ။ စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ်၏ ဆက်သွယ်ချက်များကို အကျယ်တဝင့် လေ့လာဖော်ထုတ်တင်ပြရန်မှာ ယခုဆောင်းပါးအဆင့်ဖြင့် မဖြစ်နိုင်ပါ။

တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအကြီးအကဲသည် တည်ရှိနေသည့် အရင်းအမြစ်များကို အသုံးပြုကာအမျိုးသားအကျိုးစီးပွား (National Interest) ကို အစွမ်းကုန်ဖော်ဆောင်နိုင်ရမည့်အပြင် အဏာထိန်းညှိခြင်း (The Balance of Power) ကို တည်ဆောက်၊ ကာကွယ်ခြင်းနှင့် မပျက်စီးစေရန် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ရမည်ဖြစ်ပါသည်။

(၁) အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းမရှိခြင်း၊

(၂) ကိုယ်ကျိုးရှာခြင်း၊ လူတစ်ဦး၊ လူတစ်စု၊ အဖွဲ့အစည်းတစ်ခု အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခြင်း (အဂတိလိုက်စားခြင်း) နှင့်

(၃) အာဏာထိန်းညှိခြင်းကို ပျက်စီးစေရန် သို့မဟုတ် မဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပါက အပြစ်ပေး အရေးယူနိုင်မည့် စနစ်ရှိရမည် ဖြစ်ပါသည်။ အဆိုပါ စနစ်မရှိခဲ့ပါလျှင် အာဏာရှင်စနစ်သည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါသည်။

တစ်ဖန် နိုင်ငံရေး Institutions များ ခိုင်မာအားကောင်းလာစေရေး၊ ကြိုးစားအားထုတ် ဆောင်ရွက်ကြရာတွင်လည်း လူပုဂ္ဂိုလ်တစ်ဦးတည်းကိုသာ ဗဟိုပြုပြီးတည်ဆောက်တတ်သည့် ယဉ်ကျေးမှုဆက်လက် ထွန်းကားနေပါလျှင် ခိုင်မာအားကောင်းသည့် နိုင်ငံရေး Institutions များလည်း ဖြစ်ပေါ်မလာနိုင်၊ ဗဟိုပြုခြင်းခံရသည့် လူပုဂ္ဂိုလ်သည်လည်း အလိုအလျောက် အာဏာရှင်ဖြစ်လာပြီး Zero Sum Game ကို ကြိုက်နှစ်သက်လာ၊ လူများစွာလည်း အနာတရဖြစ်၊ အဆင်မသင့်လျှင် လူ့အသက်များသေကျေ၊ ပြည်သူပြည်သားလူအများမှာလည်း ဆင်းရဲဒုက္ခအပေါင်းမှ မလွတ်မြောက်နိုင် ဖြစ်ကြရပြီး ဆိုးဝါးသံသရာတွင် လည်ပတ်နေပါမည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျှင် အာဏာရှင်စနစ်တို့မည်သည် မည်သည့်အခြေအနေ၊ မည်သည့် နိုင်ငံရေးစနစ်တွင်မဆို အချိန်မရွေးဖြစ်ထွန်း ပေါ်ပေါက်လာနိုင်ပါသည်။ အာဏာရှင်စနစ် ဖြစ်ပေါ်လာခဲ့ပါလျှင် လူတစ်စု၊ လူတစ်ဖွဲ့၊ ပါတီတစ်ပါတီစသည် အဖွဲ့ဝင်တို့သာလျှင် ကြီးပွားချမ်းသာကြပြီး ပြည်သူပြည်သား လူအများစုကြီးမှာ ဆင်းရဲဒုက္ခအပေါင်းကို ခါးစည်းပြီးခံစားကြရပါသည်။ ထို့ကြောင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင် အာဏာရှင်စနစ် ဖြစ်ပေါ်မလာစေရေး တာဝန်ရှိသူအားလုံးတို့က ၀ိုင်းဝန်းထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော် တင်ပြအပ်ပါသည်။

Most Read

Most Recent