မိုးတွင်းကာလနှင့် ရေကြီးရေလျှံမှုအန္တရာယ်

မိုးတွင်းကာလနှင့် ရေကြီးရေလျှံမှုအန္တရာယ်
ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
Published 20 June 2021
မျိုးထွန်း

မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ မိုးတွင်းကာလသို့ ရောက်ပြီဆိုလျှင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ရေကြီးရေလျှံမှုများ နှစ်စဉ်နီးပါး ကြုံတွေ့လာရသည်။

အချို့နေရာများတွင် နေ့စဉ်အဆက်မပြက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေများလျှံကာ ပြည်သူများ ဒုက္ခရောက်သည်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရေကြီးခဲ့သည့်ဖြစ်စဉ်များ

မြန်မာနိုင်ငံတွင် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များ၌ မြစ်ကမ်းတစ်လျှောက်အပြင် နေရာအနှံ့အပြား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါနှစ်များအတွင်း ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မှုများကြောင့် ပြည်သူလူထုသောင်းနှင့်ချီ ရေဘေးဒုက္ခရောက်ခဲ့ကြောင်း သတင်းမှတ်တမ်းများကဆိုသည်။

ထိုသို့ ရေကြီးရေလျှံမှုဖြစ်ပေါ်မှုများကြောင့် ပြည်သူများအနေဖြင့် ရေဘေးဒုက္ခကို ကြုံတွေ့ရသည့်အပြင် လူသေဆုံးမှုဖြစ်စဉ်များ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံအနှံ့အပြားရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် သြဂုတ် ၆ ရက်က လူသုံးဦး ရေနစ်သေဆုံးခဲ့သည်။

ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ပြည်သူများအနေဖြင့် သောက်သုံးရေရှားပါးမှုများ၊ အစားအစာရှားပါးမှုများ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရကြောင်း ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ဖူးသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံမှာက ၂၀၁၆ လောက်ကစပြီး နှစ်တိုင်းရေကြီးရေလျှံမှု ပြဿနာကိုကြုံရတယ်။ ဒီနှစ်တော့ ဘယ်လိုလာမလဲမသိဘူး။ ဒါတောင် အခုဆိုတချို့နေရာတွေမှာ ကြီးနေပါပြီ။ စစ်တွေ လေဆိပ်ဆိုရင် ရေကြီးလို့ လေယာဉ်ဆင်းလို့ မရဘူးဆိုပြီး သတင်းတွေတက်လာတယ်။ အရင်နှစ်တွေက ရေကြီးတုန်းကဆို တော်တော်ဆိုးတာ။ ပြည်သူတွေလည်းထောင်၊ သောင်းနှင့်ချီ ရေဘေးဒုက္ခရောက်ကြရတယ်။ ရေကြီးမှုကြောင့် ကားလမ်းတွေလည်းပိတ်ပြီး သွားလာမှုတွေ အခက်အခဲဖြစ်ကုန်တာပေါ့။ တချို့နေရာမှာဆို ရေထဲမျောပါပြီး လူသေဆုံးမှုတွေတောင် ရှိတယ်။ အဲဒီလို ရေကြီးတုန်းက ကျွန်တော်တို့ သွားရောက်ထောက်ပံ့တဲ့နေရာတွေမှာဆိုရင် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တစ်ဝက်ကျော်ကျော်လောက်က ရေထဲနှစ်သွားတာ။ တချို့ အိမ်တွေဆို ခေါင်မိုးလေးပဲပေါ်ပြီး အကုန်နစ်သွားတာ။ ရွာသူရွာသားတွေဆိုရင် ရေမနစ်တဲ့နေရာတွေ၊ အမြင့်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေရတာ။ ကျွန်တော်တို့သွားခဲ့တဲ့ ကရင်ပြည်နယ်၊ ဖာပွန်ဘက်ဆိုရင် ရေဘေးသင့်ပြည်သူတွေဆီကို ကျွန်တော်တို့လှူဒါန်းတဲ့ ပစ္စည်းရောက်ဖို့ ကားတစ်ဆင့်၊ လှေတစ်ဆင့်နဲ့ သွားပို့ကြရတာ အမှတ်တရပါပဲ။ နောက်ပြီး ရေကြီးတာဆိုတော့ ရှိတဲ့ရေကလည်း သောက်လို့မရတော့ သောက်သုံးရေရှားပါးမှုတွေလည်း ကြုံနေရတာပေါ့။ တချို့နေရာတွေဆို ချောင်ကျလွန်းတော့ အလှူရှင်မရောက်တဲ့ နေရာတွေအများကြီးရှိတယ်” ဟု ယခင်နှစ်များက ရေကြီးခဲ့ရာတွင် သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောကြားသည်။

မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေကြီးရေလျှံမှုများအပြင် မြေပြိုသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။ မြေပြိုမှုများထဲမှ ထင်ရှားသည့် မြေပြိုမှုဖြစ်စဉ်တစ်ခုမှာ ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက် နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ သဲဖြူကုန်းကျေးရွာ မလတ်တောင် မြေပြိုဖြစ်စဉ်ဖြစ်သည်။ မိုးရွာသွန်းမှုများပြားသဖြင့် မလတ်တောင် တစ်ခြမ်းပြိုကျခဲ့ပြီး လူပေါင်း ၆၉ ဦး သေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းများက ဆိုသည်။

လက်ရှိအချိန်သည်လည်း မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် အချို့နေရာများတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လက်ရှိအထိ မုတ်သုံလေအားကောင်း နေသည့်အတွက် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် မိုးရွာသွန်းမှုများနိုင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

“ခုကာလာကလည်း မိုးတွင်းကာလကို ရောက်နေပြီဖြစ်တဲ့အတွက် အရင်နှစ်တွေလို ရေကြီးရေလျှံမှုတွေဖြစ်မှာကို စိုးရိမ်မိတယ်။ မိုးလေဝသက ကြေညာထားတာကလည်း လက်ရှိမှာ မုတ်သုံလေက အားကောင်းနေတုန်းပဲ။ မိုးရွာသွန်းမှုတွေလည်း များနေဦးမယ်ဆိုရင်တော့ အရင်ကလို ရေကြီးရေလျှံမှုတွေဖြစ်မှာကို စိုးရိမ်ရတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ဘေးရှောင်တွေများနေတာဆိုတော့ အဲဒီလိုနေရာတွေမှာ မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုတွေ ဖြစ်မှာကို စိုးရိမ်တယ်။ အရင်နှစ်တွေတုန်းကလိုသာ ရေတွေဆက်ကြီးနေမယ်ဆိုရင် တိုင်းရင်းသားတွေမှာ နေဖို့၊ ဝတ်ဖို့၊ စားဖို့ တော်တော်လေးကို အခက်အခဲတွေ ဖြစ်ကုန်မှာ။ အဲဒါကြောင့် ရေကြီးရေလျှံမှုတွေ ထပ်မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”ဟု ရေကြီးရေလျှံမှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၁၆ ရက်က ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်နှင့် သံတွဲမြို့များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် သံတွဲလေယာဉ်ကွင်းအတွင်း ရေများပြည့်လျှံနေသည့်အတွက် လေယာဉ်များဆင်းသက်ခွင့်ကို ယာယီရပ်နားခဲ့ရသလို သံတွဲမြို့ရှိကျောင်းများကိုလည်းပိတ်၍ ကျောင်းသူကျောင်းသားကလေးငယ်များကို အိမ်သို့ပြန်လွှတ်ခဲ့ရသည်။

ရေကြီးရေလျှံရသည့် အကြောင်းရင်း

မိုးတွင်းကာလတွင် မုတ်သုံလေအတက်အကျပေါ်မူတည်၍ မိုးရွာသွန်းမှု အနည်းအများဖြစ်ပေါ်တတ်ကြောင်း၊ မုတ်သုံအားကောင်းပါက ကမ်းရိုးတန်းဒေသများတွက် မိုးရွာသွန်းမှုများပြီး ပင်လယ်ပြင်၌ မိုးသက်လေပြင်းကျခြင်း၊ လှိုင်းထန်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

“မိုးရာသီမှာတော့သိပ်ပြီး ရာသီဥတုအခြေအနေက အများကြီးပြောစရာမရှိဘူး။ တချို့ကလည်း မိုးရာသီပေါ့။ ကျွန်တော်တို့ကလည်း မုတ်သုံရာသီလို့ ခေါ်တာပေါ့။ အဲဒီတော့ မုတ်သုံရာသီဖြစ်တော့ မုတ်သုံလေရဲ့ အတက်အကျပေါ်မူတည်ပြီး မိုးရွာသွန်းမှုက အနည်းအများဖြစ်တယ်။ ပုံမှန်ဆိုရင်တော့ မုတ်သုံလေက သူ့ဟာနဲ့သူ တိုက်နေတာပဲလေ။ ပုံမှန်ဖြစ်နေရင်တော့ မိုးကလည်း ပုံမှန်ရနေမှာပေါ့။ မိုးက တစ်ခါတစ်လေ အားကောင်းလာရင်တော့ မိုးရွာသွန်းမှုတွေလည်း များလာတယ်။ နောက်မုတ်သုံလေ အားကောင်းတော့ ကမ်းရိုးတန်းဒေသတွေမှာ မိုးရွာသွန်းမှုတွေများရင် မိုးသက်လေပြင်းကျတာတွေ၊ လှိုင်းထန်တာတွေ ဖြစ်လာတယ်ပေါ့။ မုတ်သုံပြန်လျော့သွားရင် ပုံမှန်ပြန်ဖြစ်သွားတာပေါ့လေ။ ပုံမှန်ထက် မုတ်သုံက ပိုပြီးအားလျော့သွားမယ်ဆိုရင် မိုးရွာသွန်းမှုတွေက ပြန်နည်းသွားတာပေါ့။ မုတ်သုံလေက ပုံမှန်ဖြစ်ရမှာထက် ဘာကြောင့်အားကောင်းလဲဆိုတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး မုန်တိုင်းရှိရင်လည်း မုတ်သုံကို အားကောင်းစေတာပေါ့” ဟု ဦးလှထွန်းက ပြောကြားသည်။

ထို့ပြင် မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာရခြင်းသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ အပါအဝင် မြစ်ထဲတွင် ရေလျှံမှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ မြစ်ကြောင်းများက ၎င်းတို့လက်ခံနိုင်သည့် ရေပမာဏထက်ကျော်လွန်ပါက ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ရေကြီးရေလျှံမှုတွေ ဖြစ်နေတာကတော့ မြန်မာပြည်ရဲ့မြစ်တွေဟာ  အဓိကက ဧရာဝတီနဲ့ချင်းတွင်းမြစ်ပေါ့။ အဲဒီမြစ်တွေ မြစ်ဖျားခံတာကတော့ မြောက်ပိုင်းပေါ့။ အဲဒီတော့ အဲဒီဘက်မှာ မိုးများတာရယ်၊ဒီဘက်က မြစ်အောက်ပိုင်းတွေမှာ ရွာတဲ့မိုးရယ်ကြောင့်ပေါ့။ မြစ်ရေကတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ မုတ်သုံအလယ်ဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်မှာ မိုးများတာပေါ့။ မိုးများတော့ မြစ်တွေ၊ ချောင်းတွေ ရေလျှံတာပေါ့။ မိုးက မိုးရာသီအစကတည်းက ရွာတဲ့မိုးဆိုတော့ မိုးဦးမှာလည်း မိုးများမယ်။ မိုးလယ်မှာလည်း မိုးအားကောင်းမယ်ဆိုရင်တော့ ရေကြီးရေလျှံမှုက ဖြစ်ကိုဖြစ်တာပေါ့။ နောက်မြန်မာနိုင်ငံရဲ့ မြစ်တွေရဲ့ သဘောသဘာဝကလည်း မြစ်ကြောင်းထဲမှာ မိုးရာသီဆို ရေကပြန်ပြည့်လာတယ်။ မြစ်ရဲ့သဘောသဘာဝက သူလက်ခံနိုင်တဲ့ မြစ်ရဲ့အတိမ်အနက်လမ်းကြောင်းပေါ် မူတည်တာပေါ့။ ပြီးတော့ မြစ်ရေက မြစ်ကြောင်းထဲမှာ ရှိနေတာပေါ့။ မြစ်ကြောင်းက သူ လက်ခံနိုင်တဲ့ ပမာဏထက်များရင် လျှံပြီးရေကြီးရေလျှံမှုတွေ ဖြစ်ကုန်တာပေါ့။ မြစ်ထဲကရေတွေ လျှံလာတော့ ဒါကိုရေကြီးတယ်လို့ ခေါ်တာပေါ့။ ရေကြီးတာကတော့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တွေမှာက ပုံမှန်ကြီးတာပေါ့။ နောက်စစ်တောင်းမြစ်တို့၊ တောင်ငူမြစ်တို့၊ နောက်ပဲခူးဖြစ်တို့၊ သံလွင်မြစ်တို့မှာလည်း ကြီးတယ်ပေါ့။ သံလွင်မြစ်ဆိုတော့ ဘားအံမှာလည်း နှစ်တိုင်းလိုလိုရေကြီးမှု ဖြစ်တယ်။ နောက်ဧရာဝတီနဲ့ ချင်းတွင်းဆိုရင်လည်း အပေါ်ပိုင်းကနေ အောက်ပိုင်းအထိ တောက်လျှောက်ပေါ့။ နှစ်စဉ်လိုလို ရေကြီးလေ့ရှိတယ်။ သံလွင်မြစ်ဆိုရင်လည်း နှစ်တိုင်းဘားအံမှာ ရေအမြဲကြီးတယ်။ ရေကြီးတာများရင်တော့ မြစ်ကမ်းပါးတစ်ခုတည်း မဟုတ်ဘူး။ ပြည့်လျှံပြီး အခြားနေရာတွေလည်း ရောက်ကုန်တာပေါ့။ မြစ်ကြောင်းတွေနဲ့ ဆက်စပ်နေတဲ့ ချောင်းငယ်၊ မြောင်းငယ်တွေထဲ အကုန်ပြည့်သွားတာပေါ့။ မြစ်တွေအကုန်လုံးက မိုးလေးနည်းနည်းများတာနဲ့ လျှံလာတာပေါ့။ ဘာကြောင့်လဲဆိုရင် မြစ်ရေက အနည်ထိုင်နေတာ များလာတာပေါ့” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

ထို့ပြင် မြစ်များအတွင်းရေကြီး ရေလျှံမှုဖြစ်ပွားရခြင်းသည့် အဓိကအချက်သည် သစ်တောများပြုန်းခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒါတွေဘာလို့ဖြစ်လဲဆိုတော့ သစ်ပင်တွေခုတ်တာပေါ့။ မြစ်အထက်ပိုင်း မြစ်ဖျားပိုင်းမှာ သစ်ပင်တွေနည်းလာလို့၊ သစ်တောတွေပါးလာလို့၊ သစ်တောတွေပြုန်းလာလို့ မိုးရွာတဲ့အခါတိုင်းမှာ မိုးရေက မြေကြီးကို တိုက်စားပြီးတော့ မြစ်ထဲစီးတော့ မြစ်ကြောင်းမှာ သဲတွေ၊ နုန်းတွေပြည့်လာတာပေါ့။ အဲဒီတော့မြစ်ကြောင်းတွေ တိမ်လာတာပေါ့။ မြစ်ကြောင်းနက်တဲ့နေရာ ထက်စာရင် မြစ်ကြောင်းတိမ်တဲ့ နေရာကပိုပြီးတော့ ရေကြီးရေလျှံမှုတွေဖြစ်တာပေါ့” ဟု ဦးလှထွန်းက ဆိုသည်။ 

မိုးရာသီကာ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်း၊ သစ်တောများပြုန်းတီးခြင်းအပြင် စက်ရုံ၊ အလုပ်ရုံများက လိုအပ်သည်ထက် ကာဗွန်ထုတ်လုပ်မှုများ ပိုမိုထုတ်လုပ်နေခြင်းကြောင့် ဖြစ်ပေါ်လာရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။

“မိုးတွင်းကာလမှာရေကြီးရေလျှံမှုတွေ ဖြစ်တာကတော့ ရာသီဥတုဖောက်ပြန်တာပေါ့။ ရာသီဥတုဘာလို့ပြောင်းလဲဆိုတော့ သစ်တောပြုန်းတီးတယ်ပေါ့။ ပြုန်းတီးတော့ ကာဗွန်ထုတ်လုပ်မှုတွေ များတယ်ပေါ့။ နောက်သစ်တောပြုန်းတာ တစ်ခုတည်းလဲမဟုတ်ဘူး။ စက်ရုံ၊ အလုပ်ရုံတွေကနေ ကာဗွန်ထုတ်လုပ်မှုတွေများတယ်။ အဲဒီလိုများတော့ ရှိသင့်တာထက် ပိုပြီးတော့ မလိုလားအပ်တဲ့ ဓာတ်ငွေ့တွေပိုများတော့ ရာသီဥတုတွေပြောင်းလဲမှုတွေ ဖြစ်တာပေါ့။ ကျွန်တော်တို့နိုင်ငံဆိုရင် ရေကြီးရေလျှံမှုတွေ အလွယ်တကူဖြစ်တယ်ဆိုတော့ သစ်တောပြုန်းတာတွေလည်း ပါတာပေါ့။ နောက်မြေပြိုတယ်ဆိုတော့လည်းအပေါ်က သစ်တောတွေက ကာဗာမရှိတဲ့အခါကျတော့ အလွယ်တကူနဲ့ မိုးများတဲ့အခါမှာ မြေပြိုနိုင်တာပေါ့” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် မိုးရာသီကာလရောက်ပြီဆိုပါက ကမ်းရိုးတန်းဒေသများနှင့် မြစ်ကြောင်း တစ်လျှောက်သာမက ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည်ကို တွေ့ရှိရသည်။

မိုးအဆက်မပြတ် ရွာသွန်းလိုက်သည်နှင့် ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုကို မြို့နေလူတန်းစားများ ကြုံတွေ့နေရသည်မှာ နှစ်စဉ်ပင်ဖြစ်သည်။

“ကျွန်တော်တို့ ရန်ကုန်မြို့ပေါ်တောင် မိုးရွာသွန်းမှုအရမ်းများရင် ရေကြီးရေလျှံမှုတွေ ဖြစ်နေတာပါပဲ။ ဟိုတစ်နေ့က ရန်ကုန်မြို့မှာ မိုးရွာတာ တာမွေဘက်တွေ၊ စော်ဘွားကြီးကုန်းဘက်တွေမှာ ရေကြီးတယ်လေ။ တချို့တိုက်ခန်း မြေညီထပ်တွေဆိုရင် ရေတွေတောင်ဝင်တယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိခြင်းနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်မှု မရှိခြင်းတို့ကြောင့် ရန်ကုန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းလိုက်သည်နှင့် ရေကြီးရေလျှံမှုများ ရှိခဲ့သည်။ ယင်းကိစ္စကို ဖြေရှင်းရန် အစိုးရအဆက်ဆက်က ဘတ်ဂျက်များထုတ်၍ လုပ်ဆောင်ခဲ့သော်လည်း ယနေ့အချိန်အထိ အောင်မြင်စွာ မဖြေရှင်းနိုင်သေးပေ။

ဘယ်လို ကြိုတင်ပြင်ဆင်သင့်လဲ

မိုးရာသီကာလ ရေကြီးရေလျှံမှုများကို ကာကွယ်ရန်အတွက် မြစ်ကြောင်းများကို ကောင်းအောင် ဆောင်ရွက်ထားသင့်ကြောင်း၊ မြစ်ဖျားပိုင်းတွင်လည်း သစ်တောများရှိသစ်ပင်များ ခုတ်လှဲမှုများကို ထိန်းသိမ်းသင့်ကြောင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှင် ပျက်စီးဆုံးရှုံးမှုများ နည်းပါးရန် ပြင်ဆင်ဆောင်ရွက်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။

“ရေကြီးမှုတွေကို ကြိုတင်ကာကွယ်မှုကတော့ မြစ်ရေမကြီးချင်ရင် မြစ်ဘေးမှာ မြစ်ကမ်းပါးမြင့်မြင့် ဆောက်ထားပေါ့။ ဒါကတော့ ယေဘုယျပြောပြတာပါ။ မြစ်ရေမကြီးအောင်ကာကွယ်ဖို့ဆိုရင် မြစ်ကြောင်းတွေကို ကောင်းအောင်လုပ်ထားရမယ်။ ဒါကြောင့်မို့ မြစ်ကြောင်းတွေမတိမ်ဘဲ မြစ်ရေမကြီးဖို့ဆိုရင် မြစ်ဖျားပိုင်းတွေမှာ သစ်တောတွေ ထိန်းသိမ်းသင့်တယ်။ နောက်ကြိုတင်ကာကွယ်မှုကတော့ မိုးများရင်တော့ မြစ်ရေကလျှံတာဆိုတော့ မြစ်ရေမလျှံချင်ရင် မြစ်ကမ်းပါးတွေကို မြှင့်ထားပေါ့။ အဲဒါကျတော့လည်း မြစ်ကြောင်းတစ်လျှောက်ဆိုတော့ မဖြစ်နိုင်ဘူး။ အဲဒီတော့ ရေကြီးတာကိုတော့ ရှောင်လို့မရဘူးပေါ့။ သို့သော်လည်း အပျက်အစီးနည်းအောင်၊ ရေကြီးရာသီကာလမှာ စိုက်ပျိုးရေးတွေ လုပ်တာတွေရှောင်ပေါ့။ နောက်မြစ်ကြောင်းတွေကို နက်အောင်လုပ်ပြီး ကာကွယ်လို့ရတာပေါ့။ မြစ်ရေကတော့ ကြီးမှာပဲ။ ဒါပေမဲ့ အပျက်အစီးနည်းအောင် လုပ်ထားရင်တော့ အကောင်းဆုံးပေါ့။ ပြည်သူတွေအနေနဲ့လည်း ရွှေ့ပြောင်းလို့ရအောင် မြစ်ရေသတင်းတွေကြည့်ပြီး မိုးလေဝသသတင်းတွေ နားထောင်ပေါ့။ ဒါပဲပြောလို့ရမယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆိုသည်။

လက်ရှိတွင် မိုးတွင်းကာလသို့ ရောက်ရှိနေပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကိုလိုက်နာ၍ ကြိုတင်ကာကွယ်ဆောင်ရွက်သင့်ရန် လိုအပ်သည်။

ကြိုတင်ပြင်ဆင်များ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် အသက်အန္တရာယ်နှင့် ပိုင်ဆိုင်မှုပစ္စည်းများ မဆုံးရှုံးရန် ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဆိုသည်။

“ပြည်သူလူထုအနေနဲ့ကတော့ ဒီရာသီဥတုပြောင်းလဲမှုဆိုတာ တကယ်ဖြစ်နေတာကိုး။ တကယ်ဖြစ်နေတဲ့အတွက်ကြောင့် ဒီအပေါ်မှာ အားလုံးအသိစိတ်ဓာတ် နဲ့ ကိုယ်စီကာကွယ်ဖို့လိုတယ်။ ကာကွယ်ဖို့အခါမှာ လယ်သမားတွေဆိုရင်လည်းသူစိုက်နေတဲ့ စပါးတွေ ထိခိုက်မှုမရှိအောင် ကြိုတင်ကာကွယ်ဖို့လုပ်ရမယ်။ အလားတူပဲ ကမ်းရိုးတန်းမှာဆိုရင် ငါးဖမ်းသမားတွေ ရှိမှာပေါ့။ သူတို့ဆိုရင်လည်း သူတို့အသိနဲ့ ရာသီဥတုပြောင်းတယ်။ ရေကြီးရေလျှံမှုဖြစ်တယ်ဆိုရင် သူတို့ကလည်း ဒါနဲ့ပတ်သက်လို့ ကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်ရမယ်။ရေကြီးရေလျှံမှုတွေဖြစ်လာမယ်ဆိုရင် အိမ်တွေမြုပ်မယ်ပေါ့။ အဲဒီတော့ ရှောင်ပြေးလို့ရမယ့် နေရာတွေကြိုတင်ရှိနေရမယ်။ အသက်အန္တရာယ်တွေ မဖြစ်ဖို့။ သူတို့ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေ မဆုံးရှုံးဖို့ ဒါတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေရမယ်ပေါ့။ အဲဒီလိုမရှိဘူးဆိုရင် ဆုံးရှုံးမှုတွေရှိမယ်။ နောက်ဆုံး အသက်အန္တရာယ်အထိ ဆုံးရှုံးမှုတွေဖြစ်နိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင် ဦးစီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကြိုတင်ပြင်ဆင်သည့်လုပ်ငန်းများကို ဆောင်ရွက်ကြောင်း၊ ကမ်းရိုးတန်းရှိ ဒီရေတောများသည် ရေကြီးရေလျှံမှုများနှင့် လေပြင်းမုန်တိုင်း တိုက်ခတ်မှုများကို သက်သာစေနိုင်သည့်အတွက် ထိန်းသိမ်းမှုများ လုပ်ဆောင်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဆိုသည်။

“မိုးတွင်းကာလတွေမှာဆိုရင်တော့ ရေကြီးရေလျှံမှုတွေ ဖြစ်တတ်တာပေါ့နော်။ မြေပြိုတာတို့ ဖြစ်နိုင်တာပေါ့။  တောင်ပေါ်ဒေသတွေမှာဆိုရင် မိုးများပြီးမြေပြိုတာတွေ ဖြစ်နိုင်တယ်ပေါ့။ ကျွန်တော်တို့က အဲဒါတွေကို သက်ဆိုင်ရာဌာနတွေနဲ့ပေါင်းပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ကဏ္ဍအလိုက် ထိခိုက်နိုင်တဲ့အရာတွေကို ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်တာပေါ့။ ရေကြီးရေလျှံမှုတွေဖြစ်ပြီဆိုရင် ကျေးလက်မှာရှိတဲ့ ပြည်သူတွေသာခံရတာပါ။ အဲဒီတော့ ကျွန်တော်တို့က သူတို့ကို ဒီရေကြီးရေလျှံမှုတွေ ဖြစ်လာပြီဆိုရင် ဘယ်လိုရှောင်ရမလဲဆိုပြီး ပညာပေးတွေလုပ်တယ်။ ပြီးရင်ကမ်းရိုးတန်းက ဒီရေတောတွေထိန်းဖို့ ကိစ္စတွေလုပ်တယ်။ ဒီရေတောရှိခြင်းအားဖြင့် စောစောက ရေကြီးရေလျှံမှုတွေကို သက်သာစေနိုင်တယ်။ လေပြင်းမုန်တိုင်းတိုက်တဲ့အခါမှာ ကာကွယ်နိုင်တယ်။ ဒီရေတောရှိခြင်းအားဖြင့် နွေရာသီမှာဆားငန်ရေတွေ ကုန်းတွင်းပိုင်းကို မဝင်ဖို့အတွက် ကာကွယ်ပေးနိုင်တယ်။ နောက်ပြီး ကမ်းရိုးတန်းဒေသတွေမှာရှိနေတဲ့ အိမ်တွေက နည်းနည်းလေပြင်းတိုက်တာနဲ့ ပြိုလဲနိုင်တဲ့အနေအထားပေါ့။ ရေနည်းနည်းကြီးတာနဲ့ ပါသွားနိုင်တဲ့အနေအထားပေါ့။ အဲဒီလို အနေအထားတွေမှာရှိတဲ့သူတွေကို အရေးပေါ်ဖြစ်လာပြီဆိုရင် ခိုလှုံဖို့အတွက် အဆောက်အအုံတွေကို သက်ဆိုင်ရာဌာနတွေနဲ့ အတူဆောက်ပေးနေတာပေါ့”  ဟု ဦးလှမောင်သိန်းက ဆိုသည်။

Most Read

Most Recent