စောင့်ရခြင်းများ

စောင့်ရခြင်းများ
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသူများအား မေလဒုတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသူများအား မေလဒုတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 16 June 2021
မောင်ကြည်

ဆရာအောင်ချိမ့်က “ခင်ခင်ပျိုရေစောင့်ခဲ့တယ်” ကဗျာစာအုပ်ကို ရေးခဲ့တယ်။ အဲဒီ ကဗျာစာအုပ်ကို ဖတ်ပြီး ကျွန်တော် “စောင့်ရခြင်း” အကြောင်းတွေ လျှောက်တွေးနေမိတယ်။ လူ့ဘဝမှာ စောင့်ရခြင်းတွေ များလွန်းလှပါလား။ ဆရာမောင်ချောနွယ်က “ ဆိတ်စွတ်ပြုတ်လေး တစ်ပန်းကန်ရဖို့ တစ်ညလုံး ထိုင်စောင့်ခဲ့ရတယ်” လို့ ကဗျာ‌ရေးဖူးတယ်။ ဆရာမဂျူးကလည်း “စောင့်ဆိုင်းခြင်း၏ နိယာမ”ဆိုပြီး ဝတ္ထုတိုတစ်ပုဒ် ရေးခဲ့ဖူးတယ်။ အိုင်ယာလန် စာရေးဆရာ ဆင်မြူရယ် ဘက်ကက်ကလည်း “ဂေါ့ဒေါ့တ်ကို စောင့်မျှော်ခြင်း”ဆိုတဲ့ ပြဇာတ်ကို ရေးခဲ့တယ်။ ကျွန်တော်တို့ဟာ စောင့်ရခြင်းနဲ့ မကင်းနိုင်တဲ့ လူသားတွေပါပဲ။

ကျွန်တော့်ဘဝမှာ မိုးလင်းလာဖို့အတွက် ခြင်ထောင်ထဲကနေ ငုတ်တုတ်ထိုင်စောင့်ခဲ့ရတဲ့ ညတွေ ရှိခဲ့ဖူးတယ်။ ခေါင်မိုးကနေ မိုးတွေယိုနေလို့ မိုးအတိတ်ကို ထိုင်စောင့်ခဲ့ရတဲ့ ည‌တွေလည်း ရှိခဲ့ဖူးတယ်။ တစ်ခါတုန်းက မီတာရုံးမှာ မီတာဆောင်ဖို့ အကြာကြီး တန်းစီပြီး စောင့်ခဲ့ရတဲ့အကြောင်း စာတစ်ပုဒ်ရေးခဲ့ဖူးတယ်။ အဲဒီစာမူလေးကို မဂ္ဂဇင်းတိုက်တစ်ခုပို့တော့ အရွေးမခံရဘူး။ ကျွန်တော့်မှာ “ငါ့စာမူလေး ဘယ်တော့ပါမလဲ”ဆိုပြီး စောင့်လိုက်ရတာ။ တစ်နှစ်ကျော်လောက် စောင့်ပြီးတော့မှ ကျွန်တော့်စာမူ အပယ်ခံရကြောင်း သိလိုက်ရတယ်။ ဘဝမှာ သေချာတဲ့ စောင့်ရခြင်းတွေရှိသလို မသေချာတဲ့ စောင့်ရခြင်းတွေလည်း ရှိတာပဲနော်။ မနက်မိုးလင်းလာဖို့ စောင့်ရခြင်းက သေချာပေမယ့် ထီတစ်စောင်ထိုးရခြင်းကတော့ မသေချာ မရေရာတဲ့ စောင့်ရခြင်းပါပဲ။ ဒါပေမဲ့ စိတ်ကူးနဲ့ မှန်းမျှော်ရခြင်းမှာ အရသာ ခံတတ်တဲ့ ကျွန်တော်တို့ဟာ မိမိကံကောင်းဖို့ သိပ်မသေချာတဲ့ စောင့်ရခြင်းအပေါ် စိတ်ရှည်သည်းခံ နိုင်ခဲ့ကြပါတယ်။ ဒါဆို စောင့်ရခြင်းဟာ အရသာတစ်မျိုးလေလား။

စောင့်ရခြင်းဟာ အရသာဆိုရင် အခါခပ်သိမ်း ချိုမြိန်တဲ့အရသာတော့ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ခါးသီးတဲ့ အရသာတွေ ရောယှက်ပါဝင်နေတဲ့ စောင့်ရခြင်းမျိုးကိုလည်း ကျွန်တော်တို့ မြည်းစမ်းကြည့်ဖူးခဲ့ကြလို့ပါပဲ။ ဥပမာ - ဒီနေ့ ကြွေးရှင်လာမယ်ဆိုတာ သိသိကြီးနဲ့ ထွက်ပြေးလို့မရဘဲ ကြွေးရှင်လာမယ့်အချိန် စောင့်ရခြင်းမျိုး ဆိုပါတော့။ “ကြွေးရှင်လာရင် ပြန်မဆပ်နိုင်သေးတဲ့ အကြောင်း ဘယ်လိုပြောပြရပါ့မလဲ” ဆိုတဲ့ ပူပန်အတွေးတွေနဲ့ စောင့်နေရသူရင်ထဲ ဘယ်လောက်များ သောကပွေနေမလဲ။ အဲဒီလို လူမျိုးအတွက်တော့ စောင့်ရခြင်းဟာ မီးခဲတွေပေါ် တင်ပါးခုထိုင်နေရခြင်းပါပဲ။ ဒါ့အပြင် ကိုယ်တိုင်ကြုံဖူးမှ စာနာနားလည်နိုင်မယ့် စောင့်ရခြင်းမျိုးလည်း ရှိပါသေးတယ်။ ဥပမာ - ဆရာဝန်တွေ လက်လျှော့လိုက်တဲ့ လူနာတစ်ယောက် သေမင်းလာခေါ်မယ့်အချိန်ကို စောင့်နေရတာမျိုး။ ကြိုးစင်ပေါ်တက်ရတော့မယ့် အကျဉ်းသား တစ်ယောက် သူ့လာခေါ်မယ့် အချိန်ကို စောင့်နေရတာမျိုး။ အဲဒီလိုစောင့်ရခြင်းမျိုးရဲ့ ခါးသီးတဲ့ အရသာကိုတော့ လက်တွေ့ကြုံဖူးတဲ့ သူတွေမှပဲ တိတိကျကျ ပြောပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ စောင့်ရခြင်းတွေနဲ့ အတော်အတန် အသားကျနေခဲ့ပြီးပါပြီ။ အချိန်စာရင်းထဲက ပျောက်ဆုံးသွားတဲ့ မြို့ပတ်ရထားကိုလည်း လာမယ်ထင်ပြီး လည်တဆန့်ဆန့်နဲ့ စောင့်ခဲ့ကြဖူးပါတယ်။ စားပွဲတစ်လုံးကနေ စားပွဲတစ်လုံး ကူးချည် သန်းချည် ပျံဝဲနေတဲ့ မိမိရဲ့ လျှောက်လွှာစာရွက်လေးကိုလည်း အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ စောင့်ခဲ့ကြဖူးပါတယ်။ အင်တာဗျူး ကောင်းကောင်းဖြေနိုင်ပေမဲ့ သူများလို လက်ဆောင်ကောင်းကောင်း မပေးနိုင်လို့ “ရမှ ရပါ့မလား” ဆိုပြီး အ‌ဖြေကို ရင်တထိတ်ထိတ်နဲ့လည်း စောင့်ခဲ့ကြဖူးပါတယ်။ “ကဲ ကဲ ကြာသပတေးသားတွေ မြောက်ကြွား တောက်စားတော့မယ်တဲ့ဗျ။ ကိုင်း ပြောနေကြာရော့မယ်။ ခြင်ထောင်ပက်လက်သာ ထောင်ထားလိုက်ကြပေတော့ဗျာ” လို့ ဟစ်ကြွေးလိုက်တဲ့ သင်္ကြန်စာ ရောင်းသူရဲ့စကားကိုလည်း ယုံမှတ်ပုံအပ်ကာစောင့်ခဲ့ကြဖူးပါတယ်။

ပြောပြရင် ကျွန်တော်တို့နေထိုင်တဲ့ လူ့ဘုံကြီးဟာ စောင့်ရတဲ့ဘုံကြီးပါပဲ။ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ဖို့ ATM စက်ရှေ့မှာ တန်းစီ စောင့်ရတယ်။ မျက်စိစမ်းသပ်ခံဖို့ ကြိုတင် တိုကင်ယူပြီး ကိုယ့်နာမည်အခေါ်ကို ထိုင်စောင့်ရတယ်။ လှမ်းမှာထားတဲ့ ပါဆယ်ထုပ် ဘယ်အချိန်ရောက်မလဲလို့ ဖုန်းတဂွမ်ဂွမ် ဆက်ပြီး စောင့်ရတယ်။ ကိုယ်ပို့ထားတဲ့ စာမူလေးဘယ်နေ့ပါမလဲဆိုပြီး သတင်းစာ တဖျပ်ဖျပ်လှန်ရင်း နေ့စဉ်စောင့်ရတယ်။ ဟင်းချက်ရင်းတန်းလန်း မီးပျက်သွားလို့ တည်လက်စ အိုးလေးဘေးအသာချရင်း မီးလာမယ့်အချိန် ပြန်စောင့်ရတယ်။ ကြည့်လက်စ ကိုရီးယား ဇာတ်လမ်းတွဲက နေ့လယ် ၁ နာရီခွဲ ပြန်လာမှာမို့ အဲဒီအချိန်ကို ထိုင်စောင့်ရတယ်။ ဒီရက်ပိုင်း မိုးက သည်းသည်းမည်းမည်း ရွာနေတာမို့ အဝတ်တွေ ထုတ်လှန်းဖို့ နေသာမယ့်နေ့ စောင့်နေရတယ်။ အဲဒီလိုနဲ့ စောင့်ရခြင်းဟာ နေ့စဉ်ဘဝမှာပဲ နေ့စဉ်ဝဲလည်လှည့်နေပါတယ်။

လောကကြီးမှာ တစ်ယောက်က တစ်ယောက်ကို စောင့်ရသလို အခြေအနေတစ်ခုကလည်း အခြေအနေတစ်ခုကို စောင့်ရတဲ့ သဘောရှိပါတယ်။ အမှောင်ဟာ အလင်းကို စောင့်ရတယ်။ ညဟာ မနက်ကို စောင့်ရသလိုမျိုးပဲပေါ့။ မိုးစက်တွေက နှင်းစက်တွေကို စောင့်ရတယ်။ မိုးရာသီက ဆောင်းရာသီကို စောင့်ရသလိုမျိုးပဲပေါ့။

အဲဒီလိုပါပဲ။ သစ်ပင်ဟာ သူ့အရွက်တွေ ဝေလာမယ့် အချိန်ကို စောင့်ရတယ်။ လယ်ကွက်တွေဟာ မိုးရေကို စောင့်ရတယ်။ ပန်းပင်လေးတွေဟာ ရေလောင်းမယ့်အချိန်ကို စောင့်ရတယ်။ မြေကြီးထဲ မြုပ်နေတဲ့ အာလူးတွေဟာ တူးဖော်မယ့်သူကို စောင့်ရတယ်။ ပိတ်ထားတဲ့ စာအုပ်တစ်အုပ်ဟာ စာဖတ်သူကို စောင့်ရတယ်။ မလင်းသေးတဲ့ ဆီမီးခွက်ဟာ ထွန်းညှိသူကို စောင့်ရတယ်။ စုန်ရေဟာ ဆန်ရေကို စောင့်ရတယ်။ အသွားဟာ အပြန်ကို စောင့်ရတယ်။ ဖြစ်ခြင်းဟာ ပျက်ခြင်းကို စောင့်ရတယ်။

အဲဒီလိုနဲ့ ကျွန်တော်တို့ စောင့်ခဲ့ကြပါတယ်။ ပြက္ခဒိန်စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက်လှန်ရင်း စောင့်ခဲ့ကြတယ်။ နာရီသံ တချက်ချက်ကို နားစွင့်ရင်း စောင့်ခဲ့ကြတယ်။ လေလှိုင်းထဲက ပဲ့တင်သံကို နားထောင်ရင်း စောင့်ခဲ့ကြတယ်။ အဲဒီလိုနဲ့ ... အဲဒီလိုနဲ့ ...

“ပါလာ မလား

မပါလာဘူးလား”

ခင်ခင်ပျိုရေ

ငါ စောင့်ခဲ့တယ်။

ဆရာအောင်ချိမ့်က သူ့ကဗျာစာအုပ်ထဲမှာ အဲဒီလို ရေးခဲ့တယ်။ “ပါလာမလား၊ မပါလာဘူးလား” တဲ့။ ဟုတ်တာပေါ့။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ စောင့်နေတဲ့အရာ ရောက်လာနိုးနိုး၊ မရောက်လာနိုးနိုး မရေရာ မသေချာဘဲ စောင့်နေမိခဲ့ကြတာကိုး။ မတတ်နိုင်ဘူး။

ကျွန်တော်တို့ ဆက်စောင့်ကြရုံပါပဲ။ ဘက်ကက်ရဲ့ Waiting for Godot ပြဇာတ်ထဲက ပိုဇိုနဲ့ လပ်ကီးဂေါ့ဒေါ့တ်ကို စောင့်နေသလို စောင့်ကြရုံပဲပေါ့။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ စောင့်နေတဲ့အရာ မရောက်လာဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး မဟုတ်လား။ ။

Most Read

Most Recent