အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ ခိုလှုံနေသူများစာရင်းတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ပါဝင်လာ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ ခိုလှုံနေသူများစာရင်းတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ပါဝင်လာ
Published 16 June 2021
Ref: Press Trust of India

ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်သည် အိန္ဒိယနယ်စပ်ပြည်နယ်ဖြစ်သည့် မီဇိုရမ်ပြည်နယ်ထဲ၌ ခိုလှုံနေကြောင်း အိန္ဒိယသတင်းဌာနများက ဇွန် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ 

သတင်းရင်းမြစ်များ၏ အဆိုအရ ဆလိုင်းလျန်လွယ်သည် ဇွန် ၁၄ ရက် ညပိုင်းက နယ်စပ်မြို့လေးဖြစ်သည့် ချန်ဖိုင်မှ အိန္ဒိယဘက်သို့ ဖြတ်ကျော်ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ ချန်ဖိုင်နှင့် မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသည် ၁၈၅ ကီလိုမီတာဝန်းကျင် ကွာဝေးသည်။

ချင်းပြည်နယ်သည်  မီဇိုရမ်ပြည်နယ်အတွင်းက ချန်ဖိုင်အပါအဝင် မြို့ခြောက်မြို့နှင့် ၅၁၀ ကီလိုမီတာ နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပြီးနောက်ပိုင်း မီဇိုရမ်ဘက်သို့ ထွက်ပြေးခိုလှုံလာသည့် မြန်မာနိုင်ငံသား အရေအတွက်သည် ၉၂၄၇ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသား ၉၀၀၀ ကျော်ထဲတွင် NLD လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးလည်း ပါဝင်ပြီး ရဲဝန်ထမ်းအများစုလည်း ပါဝင်သည်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန အရာရှိတစ်ဦး၏ အဆိုအရ ၄င်းလွှတ်တော်ကိုယ်စားလှယ်များကို လူငယ်အဖွဲ့အစည်းများနှင့် NGO များက နေထိုင်စားသောက်ရေး စီစဉ်ပေးထားကြောင်း သိရသည်။

ထို့ပြင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက ၄င်းပြည်နယ်ထဲ၌ ခိုလှုံနေသူများကို ကူညီထောက်ပ့ံရန် ရန်ပုံငွေချပေးထားပြီး မကြာမီ ရန်ပုံငွေရလာမမည်ဟု ပြောကြားကြောင်းကိုလည်း Press Trust of India က သတင်းဖော်ပြခဲ့သည်။

မီဇိုရမ်ပြည်နယ်၌ ခိုလှုံနေကြသည့် ချင်းလူမျိုးအများစုသည် ဇိုတိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့မှာ မီဇိုရမ်ပြည်နယ်ဘက်က မီိဇိုလူမျိုးများနှင့် မျိုးနွယ်၊ ယဉ်ကျေးမှုလည်း တူကြကြောင်း သိရသည်။