မန္တလေး NLD တိုင်းရုံးနှင့် ချမ်းမြသာစည်မြို့နယ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်စုက NLD တိုင်းရုံးအတွင်း ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်

မန္တလေး NLD တိုင်းရုံးနှင့် ချမ်းမြသာစည်မြို့နယ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်စုက NLD တိုင်းရုံးအတွင်း ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်
Photo:CJ
Photo:CJ
Published 15 June 2021

ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် လူတစ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မန္တလေးတိုင်းရုံးမှ ရုံးခန်းသော့များ ဖျက်ဆီး၍ ရုံးအတွင်းဝင်ရောက်ကာ ပါတီဆိုင်းဘုတ်နှင့် ဗီနိုင်းအချို့ ဆုတ်ဖြဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့ ရုံးခန်းသော့ဖျက်ဆီးကာ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်မှုဖြစ်ပွားပြီးနောက် အမှတ် (၃) ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များက လာရောက်မှတ်တမ်းယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းရုံးအနီး နေထိုင်သူများထံမှ သိရသည်။

ထို့ပြင် ချမ်းမြသာစည်မြို့နယ် NLD ရုံးသို့ ဗုံးဖြင့် လာရောက်ပစ်ပေါက်သဖြင့် ရုံးအပြင်ဘက်ခြမ်း ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ လာရောက် ပစ်ပေါက်ခဲ့သော ဗုံးနှစ်လုံးအနက် တစ်လုံးမှာမူ ပေါက်ကွဲမှု မရှိခဲ့ကြောင်း သိရပြီး လူထိခိုက်ဒဏ်ရာရမှုလည်း မရှိခဲ့ပေ။

လက်ရှိအချိန်တွင် NLD ပါတီရုံးများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချိတ်ပိတ်ထားစဖြင့့် ဖျက်ဆီးခံရမှု အခြေအနေများကို ပါတီဝင်များအနေဖြင့် သွားရောက်စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ပျက်စီးမှုများကို မသိရှိရသေးကြောင်း ပါတီနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

လတ်တလောတွင် မန္တလေးမြို့၌ ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ဇွန် ၁၄ ရက် ည ၉ နာရီကျော်ခန့်က အမရပူရမြို့နယ်ရှိ ဒေါက်တာဇော်မြင့်မောင် နေအိမ်ရှေ့နှင့် ချမ်းအေးသာစံမြို့နယ် NLD ရုံးတို့ တွင်လည်း ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း အနီးဝန်းကျင်နေထိုင်သူများထံမှ သိရသည်။

ယင်းသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နေအိမ်အနီး ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ “ပေါက်ကွဲ သံကတော့ အကျယ်ကြီးပဲ။ နှစ်ကြိမ်ကြားရတယ်။ ညပိုင်းဆိုတော့ ထွက်လည်းကြည့်လို့ မရဘူး။ မနက်ရောက်မှ စုံစမ်းကြည့်တော့ ပျက်စီးထိခိုက်မှု ဘာမှမရှိပါဘူး။ အသံဗုံး ပေါက်ကွဲတာ ဖြစ်မယ်။ ချမ်းအေးသာစံရုံး ပေါက်ကွဲတာကတော့ မှန်ကွဲတာတွေ ဖြစ်သွားတယ်” ဟု NLD ပါတီနှင့် နီးစပ်တစ်ဦးက ပြောကြားသည်။