လုံခြုံရေးကောင်စီဆွေးနွေးပွဲမတိုင်မီ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဟောင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် တောင်းဆို

လုံခြုံရေးကောင်စီဆွေးနွေးပွဲမတိုင်မီ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဟောင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် တောင်းဆို
Photo:AFP
Photo:AFP
Published 15 June 2021
Ref: AFP

ဖေဖော်ဝါရီတွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက် တာဝန်မှ ထုတ်ပယ်ခြင်း ခံရသော်လည်း ရာထူးမှ ထွက်ပေးရန် ငြင်းဆန်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဟောင်းက မြန်မာ့အရေးနှင့်ပတ်သက်သည့် လုံခြုံရေး ကောင်စီဆွေးနွေးပွဲမတိုင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထိထိရောက်ရောက် စုပေါင်းအရေးယူဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

“ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ပတ်သက်ပြီး ဖြစ်ပျက်မှုနဲ့ အရေးပေါ်ဖြစ်မှုကနေ လူသားဆန်မှုကို ချိုးဖောက်တဲ့ ဖြစ်နိုင်ဖွယ် ရာဇဝတ်မှုတွေကို ကာကွယ်ဖို့ ထိရောက်တဲ့ စုပေါင်းအရေးယူမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆောင်ရွက်ရေးဟာ အရေးအကြီးဆုံးပါပဲ” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ မေ ၂၈ ရက် နေ့စွဲဖြင့် ပေးပို့ပြီး ဇွန် ၁၄ ရက်တွင် ထုတ်ပြန်သည့်စာတွင် ပြောကြားထားသည်။

“ အားကောင်း၊ ပြတ်သားပြီး ညီညွတ်တဲ့ အရေးယူဆောင်ရွက်မှုဟာ အလွန်အရေးကြီးပြီး ချက်ချင်း လိုအပ်ပါတယ်” ဟု ၎င်းက ရေးသားထားသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အဲဒီလိုအရေးယူဆောင်ရွက်မှုတွေ ချို့တဲ့တာဟာ တပ်မတော်က အရပ်သားတွေအပေါ် လူမဆန် ကြမ်းကြုတ်တဲ့ အပြုအမူတွေ ဆက်လက်ကျူးလွန်အောင် နောက်ထပ်အားပေးသလို ဖြစ်ပြီး မြန်မာနိုင်ငံက အပြစ်မဲ့ အရပ်သားတွေရဲ့ နောက်ထပ်အသက်ဆုံးရှုံးရမှုတွေ ဖြစ်လာစေပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားထားသည်။

ဦးကျော်မိုးထွန်းသည် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က နိုင်ငံတော်အာဏာထိန်းသိမ်းခဲ့မှုကို ပြင်းပြင်းထန်ထန် ပယ်ချလျက် သူသည် မြန်မာနိုင်ငံကို ကိုယ်စားမပြုတော့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခိုင်အမာ ထုတ်ပြန်ချက်ကိုလည်း လျစ်လျူပြုခဲ့သည်။ ကုလသမဂ္ဂကမူ သူ့အား ဆက်လက် အသိအမှတ်ပြုထားဆဲ ဖြစ်ပုံရသည်။

တပ်မတော်က နိုင်ငံတော်အာဏာ ထိန်းသိမ်းခဲ့မှုနှင့်ပတ်သက်၍ အားကောင်းသော နိုင်ငံတကာတုံ့ပြန်မှု ချို့တဲ့ခြင်းသည်  အာဏာထိန်းသိမ်းခဲ့မှုအား ဆန့်ကျင်သည့် ဆန္ဒပြသူများအပေါ် သေဆုံးစေနိုင်လောက်အောင် နှိမ်နင်းမှုကို အားပေးအားမြှောက်ပြုရာ ကျလိမ့်မည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

“ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော်အပေါ် ပြတ်သားပြီး အချိန်နဲ့တစ်ပြေးညီတဲ့ အရေးယူမှု လုပ်ခဲ့မယ်ဆိုရင် အပြစ်မဲ့တဲ့ အသက်ပေါင်း ၈၀၀ ကျော် ဆုံးရှုံးမှုကို ကာကွယ်နိုင်ခဲ့ပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို ကြန့်ကြာအောင် တရုတ်က အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သော်လည်း အာဆီယံအဖွဲ့၏ စေ့စပ်ညှိနှိုင်းမှုနှင့်ပတ်သက်၍ ဆွေးနွေးရန် တံခါးပိတ် ဆွေးနွေးပွဲတစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇွန် ၁၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သံတမန်များက ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက တပ်မတော်အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် အာဆီယံ သံတမန်အဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးဖြစ်သည့် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရီဝမ်ပီဟင်ယူဆွတ်၏ တင်ပြချက်တစ်ရပ်ကို လုံခြုံရေးကောင်စီက နားထောင်ဖွယ် ရှိကြောင်း သိရသည်။

အာဆီယံသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းရန် သံတမန်ရေးအားထုတ်မှုများကို ဦးဆောင်နေသော်လည်း သံတမန်ရေးရာ သြဇာအတွက် ထင်ရှားခြင်းမရှိဘဲ လေ့လာသုံးသပ်သူများက အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ရပ်များအပေါ် ထိရောက်စွာ သြဇာသက်ရောက်နိုင်ပါမည်လားဟု မေးခွန်းထုတ်လျက်ရှိသည်။

ဘရူနိုင်းနိုင်ငံသည် အာဆီယံအဖွဲ့အတွက် ၂၀၂၁ ခုနှစ်၏ အလှည့်ကျ ဥက္ကဌတာဝန်ကို ယူထားရသည်။

မြန်မာ့အရေးနှင့်ပတ်သက်သည့် လုံခြုံရေးကောင်စီ၏ နောက်ဆုံးအစည်းအဝေးကို ဧပြီ ၃၀ ရက်က ကျင်းပခဲ့ပြီး အာဆီယံအစီ အစဉ်တစ်ရပ်တွင် ဖော်ပြထားသည့်အတိုင်း မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများကို ချက်ချင်း အဆုံးသတ်ရန် လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တညီတညွတ်တည်း သဘောတူကြေညာချက် ထုတ်ပြန်ခဲ့သည်။

တပ်မတော်အစိုးရ၏ တားမြစ်ချက်ကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းမရှိဘဲ အာဆီယံဒေသတွင်း  ခရီးရှည်မှ မကြာသေးမီက ပြန်လည်ရောက်ရှိလာခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်းရှရနာဘာဂန်နာထံမှ တင်ပြချက်များကိုလည်း ဇွန် ၁၈ ရက် လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲတွင် နားထောင်ဖွယ်ရှိသည်။

လစ်ချန်စတိန်းနိုင်ငံက အဆိုပြုသော မြန်မာနိုင်ငံအပေါ် လက်နက်ကုန်သွယ်မှုများ ပိတ်ပင်တားမြစ်ရန် တောင်းဆိုထားဖွယ်ရှိသည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်နှင့်ပတ်သက်၍လည်း ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် လက်ရှိတွင် အကျပ်ရိုက်နေဆဲဖြစ်သည်။