မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများအတွက် နယူးဇီလန်နိုင်ငံက နယူးဇီလန်ဒေါ်လာ ၂ ဒသမ ၇၅ သန်းထောက်ပံ့မည်

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများအတွက် နယူးဇီလန်နိုင်ငံက နယူးဇီလန်ဒေါ်လာ ၂ ဒသမ ၇၅ သန်းထောက်ပံ့မည်
Published 14 June 2021
Ref : Scoop

မြန်မာနိုင်ငံအတွင်းရှိသည့် လူသားချင်းစာနာကူညီမှုများ လိုအပ်နေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နယူးဇီလန် ဒေါ်လာ ၂ ဒသမ ၇၅ သန်းထောက်ပံ့မည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နနိုင်ယာမာဟူတာက ဇွန် ၁၄ ရက်တွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် မတိုင်မီကတည်းက တိုက်ပွဲပဋိပက္ခများကြောင့် ပြည်သူ ၃၃၆၀၀၀ နီးပါး အိုးအိမ်စွန့်ခွာခဲ့ရပြီး လူသားချင်းစာနာမှုအထောက်အပံ့များ လိုအပ်နေကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် ၎င်းစစ်ဘေးရှောင်များ၏ အခြေအနေပိုဆိုးလာမည်ကို နယူးဇီလန်က အလွန်စိုးရိမ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာဟူတာက ပြောကြားသည်။

ယခုထောက်ပံ့မှုသည်  မြန်မာပြည်သူများ၏ လူသားချင်းစာနာရေး အကူအညီလိုအပ်နေမှုများကို ကူညီရန် နယူးဇီလန်နိုင်ငံ၏ ကတိပြုထားမှုကို ကိုယ်စားပြုကြောင်း နယူးဇီလန်သတင်းဆိုဒ် Scoop က ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုပဋိပက္ခများ ရပ်တန့်ကြရန်လည်း နိုင်ငံခြားရေးဝန်ကြီး မာဟူတာက တိုက်တွန်းခဲ့သည်။

နယူးဇီလန်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဖေဖော်ဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံနှင့် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆက်ဆံမှုများကို ဖြတ်တောက်ထားသည့် နိုင်ငံလည်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် ထောက်ပံ့မှုအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်များအတွက်လည်း နယူးဇီလန်က နယူးဇီလန်ဒေါ်လာ ၅ ဒသမ ၅ သန်းထောက်ပံ့မည်ဖြစ်ပြီး ထောက်ပံ့မှုများကို ကုလသမဂ္ဂအေဂျင်စီများ၊ NGO များမှတဆင့် ပေးအပ်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသတွင် လူသားချင်းစာနာထောက်ပံ့မှုများ လိုအပ်နေသူ ၁ ဒသမ ၃ သန်းရှိနေကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

နယူးဇီလန်နိုင်ငံသည် ၂၀၁၇ ခုနှစ် စက်တင်ဘာနောက်ပိုင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်းစာနာထောက်ပံ့မှုအဖြစ် နယူးဇီလန်ဒေါ်လာ ၁၈ သန်းကျော် ပေးအပ်ထားသည်။

Most Read

Most Recent