နိုင်ငံရေး အကျပ်အတည်းကို တုံ့ပြန်ပုံနှင့် ပတ်သက်၍ အာဆီယံ၏ ဝေဖန်မှုများအပေါ် မြန်မာအစိုးရ ကာကွယ်ပြောဆို

နိုင်ငံရေး အကျပ်အတည်းကို တုံ့ပြန်ပုံနှင့် ပတ်သက်၍ အာဆီယံ၏ ဝေဖန်မှုများအပေါ် မြန်မာအစိုးရ ကာကွယ်ပြောဆို
Photo: Reuters
Photo: Reuters
Published 9 June 2021

နိုင်ငံရေး အကျပ်အတည်းကို တုံ့ပြန်ပုံနှင့် ပတ်သက်၍ အာဆီယံ၏ ဝေဖန်မှုများအပေါ် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မြန်မာအစိုးရ ကာကွယ်ပြောဆိုခဲ့ကြောင်း သိရသည်။

ဇွန် ၇ ရက်က တရုတ်နိုင်ငံ ချုံကျင်းမြို့တွင် ပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဝေဖန်မှုအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးက ကာကွယ် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်ကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

အဆိုပါ အစည်းအဝေးအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများ အဆုံးသတ်စေရန် ရည်ရွယ်သည့် အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မြန်မာ့တပ်မတော်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ဖြုတ်ချခံ အရပ်သားအစိုးရ တာဝန်ရှိသူများနှင့် နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေး အပါအဝင် ဧပြီလနှောင်းပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ပြုလုပ်ခဲ့သော မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးတွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက်များကို လေးစားမှုရှိရန် အာဆီယံက တိုက်တွန်းထားသော်လည်း မြန်မာ့တပ်မတော်အနေဖြင့် သိပ်ပြီး အလေးအနက်ထားပုံ မရဘူးဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဇွန် ၇ ရက်က တရုတ်နိုင်ငံ ချုံကျင်းမြို့တွင် ပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးအတွင်း အာဆီယံ၏ အဆိုပြုချက်များကို လက်တွေ့ ဖော်ဆောင်ရာတွင် တိုးတက်မှု အလွန်နှေးကွေးနေသည့်အပေါ် စိတ်ပျက်မိကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာ့တပ်မတော်သည် အာဏာရယူခဲ့ပြီးနောက် ပိုင်းချမှတ်ခဲ့သည့် အချက် ငါးချက်ပါ မူဝါဒလမ်းစဉ်ကို ဖော်ဆောင်ရာတွင် တိုးတက်မှု ဖြစ်ထွန်းခဲ့ကြောင်း ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာဖြစ်သော Global New Light of Myanmar က ဇွန် ၈ ရက်တွင် ဖော်ပြခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဆိုသည်။

“စည်းကမ်းပြည့်ဝပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းက ဖေဖော်ဝါရီလအတွင်း အစိုးရက ကြေညာခဲ့တဲ့ အချက် ငါးချက်ပါ မူဝါဒလမ်းစဉ်အတိုင်း ဆောင်ရွက်ဖို့ပဲ ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး က အဲဒီအစည်းအဝေးမှာ အသိပေးခဲ့တယ်” ဟု ၎င်းသတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ အချက်များထဲတွင် COVID-19 ကပ်ရောဂါ ကာကွယ်ရေး အစီအမံများနှင့် နိုဝင်ဘာလ ရွေးကောက်ပွဲက မဲမသမာမှု ဖြစ်ပေါ်ခဲ့သည်ဆိုသည့် အခြေအနေများကို စုံစမ်းစစ်ဆေးရန် ရွေးကောက်ပွဲ ကော်မရှင်သစ်တစ်ရပ် ဖွဲ့စည်းရေး အပါအဝင် အချက်အများစုကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်ဟုလည်း ၎င်းသတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဆီယံ၏ အဆိုပြုချက်နှင့် ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုအပေါ် စိုးရိမ်နေသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများက အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် လက်ရှိ အကျပ်အတည်းကို အဆုံးသတ်နိုင်ရေးအတွက် ဖြုတ်ချခံ အရပ်သားအစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးသွားရန် တပ်မတော်ကို တိုက်တွန်းထားပြီး ယင်းတောင်းဆိုမှုများသည် အာဆီယံ ဘုံသဘောတူညီချက်ပါ အချက်များကို ထင်ဟပ်နေသည်လည်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နှင့် တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်သွားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တရုတ်၏ ပါဝင်ကူညီမူသည် ငြိမ်းချမ်းသည့် ဖြေရှင်းနည်းတစ်ရပ် ရရှိအောင် အထောက်အကူပေးနိုင်မည် ဖြစ်ကြောင်း ဇွန် ၇ ရက် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent