မြန်မာ့အရေးတွင် ဂျပန်က ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

မြန်မာ့အရေးတွင် ဂျပန်က ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောကြား
Published 29 May 2021
Ref: Republic World

မြန်မာပြည်သူများ၏ သဘောထားကို ဂျပန်နိုင်ငံက တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး  တိုရှီမစ်ဆုမိုတဲဂီက မေ ၂၈ ရက်တွင် ပြောကြားသည်။

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာနှင့် တိုကျိုတွင် တွေ့ဆုံစဉ်  ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်မတွေ့မီ ဂျပန်လွှတ်တော်ကိုယ်စားလှယ်များ၊ ဂျပန်ရှိကုလသမဂ္ဂအရာရှိများနှင့် ဦးစွာတွေ့ဆုံခဲ့သည်။

အဆိုတွေ့ဆုံပွဲတွင်လည်း မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများအကြောင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။  

မစ္စစ်ဘာဂနာနှင့်တွေ့ဆုံရာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးဖြေရှင်းရန်အတွက် ဂျပန်နိုင်ငံသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မစ္စစ်ဘာဂနာဘက်မှလည်း ဂျပန်အစိုးရနှင့်ပူးပေါင်းရန် လိုလားကြိုဆိုကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

မစ္စစ်ဘာဂနာသည် မြန်မာနိုင်ငံကိုလာရောက်ခွင့်ရဖို့မျှော်လင့်ချက်နှင့် ဒေသတွင်းကိုရောက်နေသည်မှာ  သီတင်းပတ်ခုနစ်ပတ်ကျော်ရှိပြီဖြစ်ပြီး အချိန်အများစုသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင်ရှိနေခဲ့သည်။  

မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေများကြောင့် ဗီဇာသက်တမ်းကုန်ဆုံးသွားသည့် မြန်မာနိုင်ငံသားများကို ဂျပန်အစိုးရကနိုင်ငံထဲတွင် တရားဝင်ဆက်လက်နေထိုင်ခွင့် ပြုမည်ဖြစ်ပြီး  နေရပ်ပြန်ရန် အခက်အခဲရှိသည့် မြန်မာကျောင်းသားများ၊ နည်းပညာဆိုင်ရာ အလုပ်သင် သင်တန်းသားများအကျုံးဝင်ကာ ၎င်းတို့အနေဖြင့် ပညာသင်ယူခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းများကို နောက်ထပ် ခြောက်လ သို့မဟုတ် ၁၂ လအထိ သက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

၂၀၂၀  ပြည့်နှစ်ကုန်ပိုင်းအထိ ဂျပန်နိုင်ငံတွင်နေထိုင်နေသည့် မြန်မာနိုင်ငံသား အရေအတွက်သည် ၃၅,၀၄၉ ဦး ရှိနေကြောင်း ဂျပန်လူဝင်မှုကြီးကြပ်ရေး ဌာနက ထုတ်ပြန်ထားပြီး မတ်လကုန်အထိ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူ ၂၉၄၄ ဦး ရှိကြောင်း Nikkei Asia သတင်းကဖော်ပြသည်။

Photo: MOFA Japan Facebook

 

 

Most Read

Most Recent