မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က မြန်မာနိုင်ငံသို့ လာရောက်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က မြန်မာနိုင်ငံသို့ လာရောက်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ပြောကြား
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်းရှရနာဘာဂျန်နာ စစ်တွေမြို့ လေဆိပ်သို့ ရောက်ရှိလာစဉ် (Photo:AFP)
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်းရှရနာဘာဂျန်နာ စစ်တွေမြို့ လေဆိပ်သို့ ရောက်ရှိလာစဉ် (Photo:AFP)
Published 25 May 2021
Ref: AFP

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်းရှရနာဘာဂျန်နာသည် ဒေသတွင်း၌ သီတင်းခုနစ်ပတ်ကြာ နေထိုင်ခဲ့ပြီးနောက် ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီတွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူ့အား ဝင်ခွင့်ပေးမည်ကို ဘာဂျန်နာက စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

ဧပြီလကုန်က အင်ဒိုနီးရှားတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ရပ်အတွင်း မြန်မာ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “၎င်းအနေဖြင့် သူ့အား ထပ်မံ စကားပြောဆိုလိုခြင်း မရှိတော့ဟု ပြောကြားခဲ့ခြင်း မရှိကြောင်း” ဆွစ်ဇာလန်နိုင်ငံသူ ဘာဂျန်နာက ဘန်ကောက်မြို့တွင် ဗီဒီယိုမှတစ်ဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။ ဘာဂျန်နာသည် ဧပြီလအစောပိုင်းကတည်းက အချိန်အများစု၌ ဘန်ကောက်မြို့တွင် နေထိုင်နေခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက “ဒီအချိန်က မြန်မာနိုင်ငံကို လာဖို့ အချိန်ကောင်း မဟုတ်ဘူး” ဟု ပြောကြားခဲ့ပြီး ဘာဂျန်နာက “ အခု မဟုတ်သေးဘူးလို့ပဲ ပြောတာပါ။ မလာနဲ့လို့တော့ မပြောပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီဆွေးနွေးမှုကို ဆက်လုပ်ဖို့ လက်လျှော့မှာ မဟုတ်ဘူး” ဟု ဆိုသည်။

ဘာဂျန်နာက သူသည် မေ ၂၅ ရက်၌ ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဂျပန်နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို အဓိကကျောထောက် နောက်ခံပြုပေးထားသော်လည်း သူ့အနေဖြင့် ယခုတာဝန် အပ်နှင်းပြီးခံရကတည်းက သွားရောက်ရသေးခြင်းမရှိသည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအကြောင်း မေးမြန်းခဲ့ရာတွင် ဘာဂျန်နာက သူအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ခွင့် ရနိုင်ကြောင်း ပြောကြားခဲ့သည်။

“ ဒေသတွင်းမှာရှိကြတဲ့ လူတိုင်းအတွက် သိပ်ကို မတည်ငြိမ်တဲ့အနေအထားပါပဲ။ အဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ ဆွေးနွေးဖို့ရာ လိုအပ်တယ်လို့ ကျွန်မ ယူဆတာမို့ သူတို့ လိုလားနေသမျှတော့ ကျွန်မအနေနဲ့ တရုတ်အစိုးရနဲ့ ဆွေးနွေးဖို့ အဆင်သင့်ပဲဆိုတာ ရှင်းပါတယ်” ဟု ဘာဂျန်နာက ပြောကြားခဲ့သည်။

လစ်ချန်စတိန်းနိုင်ငံက အဆိုပြုရေးဆွဲပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂက ထောက်ခံထားသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းအကြောင်း မေးမြန်းရာတွင် ဘာဂျန်နာက သတိထားဖြေကြားခဲ့သည်။ (ယင်းမူကြမ်းတွင် မြန်မာနိုင်ငံသို့ လက်နက်တင်သွင်းမှု အားလုံးကို ချက်ချင်း ဆိုင်းငံ့ထားရန်ကိစ္စ ပါဝင်သည်)။

“ဆုံးဖြတ်ချက်က ထိရောက်ဖို့ရာ သိပ်ကို အားကောင်းမှ ဖြစ်မှာလို့ ကျွန်မ ထင်ပါတယ်။ ဒါပေမဲ့ အထွေထွေညီလာခံမှာ ညီညွတ်မှုကို ပြသဖို့ကလည်း သိပ်ကို အရေးကြီးတာပါပဲ” ဟု ဘာဂျန်နာက ဖြေကြားခဲ့သည်။

ပြင်သစ်နိုင်ငံက တောင်းဆိုခဲ့ပြီး အမေရိကန်နှင့် ဗြိတိန်တို့က ကျောထောက်နောက်ခံပြုခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်း မဲပေးမှုကို မေ ၁၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဒေသတွင်းရှိ အာရှနိုင်ငံများက ထောက်ခံမှု နည်းပါးသောကြောင့် ရုတ်တရက် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သံတမန်များက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

မူကြမ်းရေးဆွဲသူများနှင့် အာရှနိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ယခုသီတင်းပတ်အတွင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း အာရှနိုင်ငံများက လက်နက်တင်သွင်းမှု ပိတ်ပင်သည့် အပိုဒ်ကို ဖြုတ်ပေးရန်နှင့် လူ့အခွင့်အရေးနယ်ပယ်နှင့် ပတ်သက်သည့် စကားလုံးအသုံးအနှုန်းကို လျှော့ချပေးရန်တို့အား လိုလားနေကြောင်း အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent