ထုတ်ကုန်ကျဆင်းခြင်း၏ နောက်ဆက်တွဲ ဆင်းရဲမွဲတေမှု စိုးရိမ်ရေမှတ်

ထုတ်ကုန်ကျဆင်းခြင်း၏ နောက်ဆက်တွဲ ဆင်းရဲမွဲတေမှု စိုးရိမ်ရေမှတ်
လှိုင်သာယာမြို့နယ် စက်မှုဇုန်များအနီးရှိ နေအိမ်အချို့ကိုတွေ့ရစဉ်
လှိုင်သာယာမြို့နယ် စက်မှုဇုန်များအနီးရှိ နေအိမ်အချို့ကိုတွေ့ရစဉ်
Published 23 May 2021
နီလာ

(၁)

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူဦးရေ ၁၁ ဒသမ ၈ သန်း၊ နိုင်ငံ့လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာသော်လည်း လူဦးရေအများအပြား ဆင်းရဲတွင်းသို့ပြန်ဆင်းနိုင်သည့် ထိခိုက်လွယ်သော အခြေအနေဆက်ရှိနေကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၊ ကမ္ဘာ့ဘဏ် နှင့် UNDP တို့ ပူးတွဲပြုစုသည့် မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း ၂၀၁၇- ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာအရ သိရသည်။

၂၀၀၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံရှိဆင်းရဲနွမ်းပါးသူ ဦးရေများစွာကျဆင်းသွားပြီး နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ရောက်ရှိနေသည့် လူဦးရေသည် ၂၀၀၅ ခုနှစ်တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။

လူဦးရေ တိုးပွားလာသော်လည်း ဆင်းရဲနွမ်းပါးသူအရေအတွက်သည် ၂၀၀၅ ခုနှစ်တွင် ၁၈ ဒသမ ၇  သန်းမှ ၂၀၁၇ ခုနှစ်တွင် ၁၁  ဒသမ ၈ သန်းသို့ လျော့ကျသွားခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဆင်းရဲနွမ်းပါးမှုနှုန်း များစွာလျော့ကျသွားမှုသည် မြန်မာနိုင်ငံ၏စီးပွားရေး လျင်မြန်စွာတိုးတက်လာမှုကို ထင်ဟပ်ပြသနေသည်။၂၀၀၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားတွင် မြန်မာနိုင်ငံ၏တစ်ဦးကျ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (PerCarpita GDP) နှစ်စဉ်တိုးတက်မှုနှုန်းသည် ကမ္ဘာ့ဘဏ်စာရင်းအရ ၇ ဒသမ ၈ ရာခိုင်နှုန်းရှိသည့်အတွက် အရှေ့တောင်အာရှနိုင်ငံများတွင် အမြင့်မားဆုံးဖြစ်ပြီး ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုဖြစ်စေရေးအတွက် ငွေကြေးနှင့် မသက်ဆိုင်သော အခြားကဏ္ဍများတွင် တိုးတက်မှုများရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ပထဝီဝင်အနေအထားအရ နေရာဒေသကွဲပြားမှုအပေါ် သက်ရောက်မှုကြီးမားကြောင်း တွေ့ရှိရသည်။ ချင်းပြည်နယ်ရှိ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၅၈ ရာခိုင်နှုန်းဖြင့် အမြင့်မားဆုံးဖြစ်ပြီး လူ ၁၀ ဦးလျှင် ခြောက်ဦးမှာ ဆင်းရဲနွမ်းပါးကြသည်။ ရခိုင်ပြည်နယ်သည် ဆင်းရဲနွမ်းပါးမှုနှုန်း ၄၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်မားဆုံးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဆင်းရဲနွမ်းပါးမှုနှုန်း အနည်းဆုံးဖြစ်ပြီး ၁၃ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁၃ ဒသမ ၇ ရာခိုင်နှုန်းအသီးသီးရှိကြသည်။

ထို့အတူ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆင်းရဲနွမ်းပါးသူ အရေအတွက် ကွာခြားချက်များကြီးမားပြီး အဓိကအားဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက်ရှိနေသော ဆင်းရဲနွမ်းပါးသူအရေအတွက်သည် လူဦးရေအရွယ်အစား ကွာခြားချက်များကြောင့် ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဆင်းရဲနွမ်းပါးသူ ၁ ဒသမ ၈ သန်းရှိပြီး အရေအတွက်အများဆုံးဖြစ်၍ ၎င်းနောက်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်သည်။ ကယားပြည်နယ်သည် အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားသော်လည်း ဆင်းရဲနွမ်းပါးသူ အရေအတွက်မှာ ၉၁၀၀၀ သာရှိပြီး အရေအတွက်အားဖြင့် အနည်းဆုံးဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ကျရောက်လာသည့် ဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်းကြောင့် မြန်မာနိုင်ငံရှိ လူဦးရေအများအပြားသည် ထိခိုက်လွယ်သောအုပ်စုမှ ဆင်းရဲနွမ်းပါးသည့်အုပ်စုသို့ ပြန်လည်ရောက်ရှိသွားနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆင်းရဲနွမ်းပါးသောအုပ်စုတွင် ပါဝင်ခြင်းမရှိသော်လည်း အိမ်ထောင်စု၏ စားသုံးမှုအနေအထားမှာ ဆင်းရဲနွမ်းပါးမှုမျဉ်းနှင့် အလွန်နီးကပ်နေသောကြောင့် ဆင်းရဲနွမ်းပါးသောအုပ်စုသို့ အလွယ်တကူပြန်လည် ကျဆင်းသွားနိုင်သော လူဦးရေများစွာရှိနေသည်။ ယေဘုယျအားဖြင့် ၂၀၀၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးသူမှ ဆင်းရဲနွမ်းပါးခြင်းမရှိသော်လည်း အခြေခိုင်မာမှု မရှိသေးသူများအဖြစ်သို့ လည်းကောင်း တိုးတက်ပြောင်းလဲမှုများ ရှိနေသည်။ ဆင်းရဲနွမ်းပါးမှု လျော့ကျလာသည်နှင့်အမျှ ထိခိုက်လွယ်သောအုပ်စုများနှင့် ဆင်းရဲနွမ်းပါးခြင်း မရှိသည့်အုပ်စုများပါ တိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးခြင်းမရှိသည့် အုပ်စုများ၏တိုးပွားလာမှုနှုန်းသည် ဆင်းရဲနွမ်းပါးမှုမရှိသော်လည်း အခြေခိုင်မာမှုမရှိသေးသည့် အုပ်စုထက် အနည်းငယ်မြန်ဆန်မှုရှိသည်။ ၂၀၀၅ ခုနှစ်တွင် လူဦးရေ၏ ၂၄ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးခြင်းမရှိသူအုပ်စုတွင် ပါဝင်နေပြီး ၂၀၁၇ ခုနှစ်တွင် ၄၂ ဒသမ ၃ ရာခိုင်နှုန်းသို့ တိုးတက်လာသည်။

ဆင်းရဲ၍ ထိခိုက်လွယ်သောသူများသည် ရုတ်တရက်ကျရောက်သော ဘေးအန္တရာယ်များကို ရင်ဆိုင်ရနိုင်ခြေပိုများသည်။ အများဆုံးကြုံတွေ့ရသည်မှာ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခြင်း (အိမ်ထောင်စုများ၏ ၁၂ ဒသမ  ၅ ရာခိုင်နှုန်း ထိခိုက်ခံစားရ) အပြင် အပြင်းအထန် နာမကျန်းဖြစ်ခြင်း/မတော်တဆဖြစ်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ စျေးကောင်းမရရှိခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ကြောင်း တွေ့ရှိရသည်။ ယေဘုယျအားဖြင့် ရုတ်တရက်ကျရောက်သော ဘေးအန္တရာယ်များကို  ကျေးလက်ဒေသများတွင် နေထိုင်သူများ ပိုမိုခံစားရ၍ ကျေးလက်နေလူဦးရေ၏ ထက်ဝက်နီးပါး (၄၆ ရာခိုင်နှုန်း) သည် လွန်ခဲ့သော ၁၂ လ အတွင်းတွင် ဘေးအန္တရာယ်တစ်ခုကို ရင်ဆိုင်ကြုံတွေ့ဖူးပြီး မြို့ပြဒေသတွင် ၃၂ ရာခိုင်နှုန်းသာ ကြုံတွေ့ဖူးကြသည်ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ဘေးအန္တရာယ်ကျရောက်မှုအများဆုံးမှာ မြစ်ဝကျွန်းပေါ် ဒေသတွင် ၅၈ ရာခိုင်နှုန်းနှင့် အပူပိုင်းဒေသတွင် ၄၂ ရာခိုင်နှုန်းတို့ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ကမ်းရိုးတန်းဇုန်တွင် နေထိုင်သူများသည် ဘေးအန္တရာယ်နှင့်  ထိတွေ့နိုင်ခြေပိုနည်းပြီး လူငါးဦးတွင်တစ်ဦး (၂၁ ရာခိုင်နှုန်း) သာ ကြုံတွေ့ဖူးကြောင်း သိရသည်။

အရွယ်ရောက်သူတစ်ဦး တစ်ရက်စားသုံးမှုနှင့်ညီမျှသောတန်ဖိုးကျပ် ၁၅၉၀ ကို ၂၀၁၇ ခုနှစ် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုမျဉ်းအဖြစ် သတ်မှတ်ထားသည်။ ဆင်းရဲနွမ်းပါးမှုမျဉ်းသည် လူတစ်ဦးကို အလွန်အမင်းဆင်းရဲနွမ်းပါးသည်ဟု သတ်မှတ်နိုင်ခြင်းမရှိစေရန် လိုအပ်သည့် အနိမ့်ဆုံးသော လူမှုဘဝပြည့်စုံဖူလုံမှုအဆင့်ကို သတ်မှတ်ပေးထားသောမျဉ်းဖြစ်သည်။ အိမ်ထောင်တစ်စု၏ ကျပ်ငွေဖြင့်ဖော်ပြသော အရွယ်ရောက်သူတစ်ဦးကျ စားသုံးမှုအဆင့်သည် မြန်မာနိုင်ငံရှိ အနိမ့်ဆုံးသော အခြေခံလူနေမှုအဆင့်အတန်း ပြည့်မီရန်လိုအပ်သည်ဟု ယူဆသောအဆင့်အောက်ရောက်ရှိနေပါက ထိုအိမ်ထောင်စုကို ဆင်းရဲနွမ်းပါးသည်ဟု ယူဆသည်။ မြန်မာနိုင်ငံတွင် အရွယ်ရောက်သူတစ်ဦး တစ်ရက်စားသုံးမှုနှင့် ညီမျှသော တန်ဖိုးကျပ် ၁၅၉၀ သာရှိသော သို့မဟုတ် ထို့ထက်နည်းသော အိမ်ထောင်တစ်စုတွင် နေထိုင်သူဖြစ်လျှင် ထိုသူကိုဆင်းရဲနွမ်းပါးသူဟု ယူဆကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

(၂)

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုဒဏ်ကိုခံစားခဲ့ရပြီး ကျန်းမာရေးဆိုင်ရာထိခိုက်မှုအပြင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများပါ ခံစားခဲ့ရသည်။

ကိုဗစ်ကြောင့် လုပ်ငန်းအများစု ရပ်နားရခြင်းများရှိကာ အလုပ်လက်မဲ့ဖြစ်မှုများ၊ မိသားစုဝင်ငွေ လျော့ကျကာ စီးပွားရေးကျပ်တည်းမှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင်မူ စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ကြိုးစားနေဆဲသာဖြစ်သည်။

မြန်မာပြည်သူ တစ်ဝက်နီးပါးခန့်သည် ယခုနှစ်ကုန်ပိုင်းတွင် ဆင်းရဲမွဲတေနိုင်သည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ အစီရင်ခံစာအသစ်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။ 

လုံခြုံရေးနှင့် စီးပွားရေးအခြေအနေတို့သာ မကြာခင်တည်ငြိမ်မှုမျိုး မရှိခဲ့ပါက မြန်မာပြည်သူ ၄၈ ရာခိုင်နှုန်းဖြစ်သည့် ပြည်သူ ၂၅ သန်းခန့်သည် ၂၀၂၂ ခုနှစ်ခန့်တွင် ဆင်းရဲသည့်အနေအထားနှင့် နေထိုင်ရနိုင်သည်ဟု အဆိုပါအစီရင်ခံစာအရ သိရသည်။

အစားအသောက်ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ ဝင်ငွေနှင့်လုပ်ခများ သိသိသာသာဆုံးရှုံးကုန်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကဲ့သို့ အခြေခံဝန်ဆောင်မှုများပြိုလဲခြင်း၊ လူမှုဖူလုံမှုမရှိခြင်းများသည် အားနည်းနေပြီးဖြစ်သော ပြည်သူသန်းပေါင်းများစွာကို တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀ (USD 1.10) ဒေါ်လာဆိုသည့် ဆင်းရဲမွဲတေမှုမျဉ်းကြောင်း အောက်ရောက်သွားအောင်တွန်းပို့နိုင်ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ အဆိုးရွားဆုံး ထိခိုက်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော ၂၀၁၁ ခုနှစ် ဒီမိုကရေစီကူးပြောင်းမှု စတင်ခဲ့ချိန်ကစ၍ မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှု လျှော့ချရာတွင် ခိုင်မာတိုးတက်မှုရရှိခဲ့သည်။

လွန်ခဲ့သော ၁၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ဆင်းရဲမွဲတေမှု ၄၈ ဒသမ ၂ ရာခိုင်နှုန်းကို ၂၀၁၇ တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ တစ်ဝက်လျှော့ချခဲ့ကြောင်း UNDP အစီရင်ခံစာက ဆိုထားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

(၃)

နိုင်ငံများအတွက် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့ကိုယ်တိုင်၏ ချမ်းသာကြွယ်ဝမှုကို ဖြည်းဖြည်းမှန်မှန် ထုတ်လုပ်မြှင့်တင်ရန် ဖြစ်သည်။

ဂျပန်နိုင်ငံသည် ၁၉၀၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလ၌ ဆင်းရဲသော စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့ရာမှ ၂၀ ရာစုနှောင်းပိုင်းတွင် မော်တော်ကားများ၊ ကွန်ပျူတာများ၊  ရုပ်မြင်သံကြားများ၊ ကင်မရာများ၊ စတီးထည်များနှင့် သင်္ဘောများ ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးအင်အား ဒုတိယအကြီးဆုံးနိုင်ငံအထိ တက်လှမ်းနိုင်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်  ရှိနေခဲ့ရာမှ ရုပ်မြင်သံကြား၊ မော်တော်ကားများနှင့် မက်ခရိုဝေ့ဗ်မီးဖိုများကဲ့သို့သော ကုန်ပစ္စည်းများ ထုတ်လုပ်ကာ ယနေ့ခေတ်တွင် ကမ္ဘာ့ ၁၂ နိုင်ငံမြောက် အချမ်းသာဆုံး ဖြစ်လာခဲ့သည်။

ချီလီနိုင်ငံသည် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ပြည်ပသို့တင်ပို့ရန် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အကြီးအကျယ် စိုက်ပျိုးခြင်းဖြင့် ဆင်းရဲမွဲတေမှုမှ စတင်ရုန်းထွက်နိုင်ခဲ့သည်။

တရုတ်သည်လည်း ကုန်ပစ္စည်းငယ်လေးများ သန်းနှင့်ချီလျက် ထုတ်လုပ်ခြင်းဖြင့် စီးပွားရေးကြီးထွားလာရာမှ ယနေ့ခေတ်တွင် ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာသည်။ အမှန်တကယ်၌ မည်သည့်နိုင်ငံမျှ နိုင်ငံခြားအကူအညီအားဖြင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။

ယနေ့ခေတ်တွင် ဆင်းရဲသောနိုင်ငံများအတွက် သဘာဝရင်းမြစ်များ ကြွယ်ဝခြင်းသည်လည်း ဖြေရှင်းနိုင်သည့် နည်းလမ်းမဟုတ်ကြောင်း တွေ့ရှိရသည်။ အဘယ်ကြောင့်ဆိုသော် အာဖရိကနိုင်ငံများစွာနှင့် လက်တင်အမေရိကနိုင်ငံများ၌ သဘာဝရင်းမြစ်များ လွန်စွာကြွယ်ဝသော်လည်း ဆင်းရဲမြဲ ဆင်းရဲနေပြီး သဘာဝရင်းမြစ်များ ဖြစ်ဖြစ်မြောက်မြောက်မရှိသည့် ဂျပန်၊ ထိုင်ဝမ်နှင့် စင်ကာပူနိုင်ငံတို့ ချမ်းသာကြွယ်ဝလာကြသည်ကို တွေ့ရှိရသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ထုတ်လုပ်မှုမြင့်မားသော စီးပွားရေးကို ဖန်တီးနိုင်ပြီး ၎င်းတို့၏ချမ်းသာကြွယ်ဝမှုကို ၎င်းတို့ဘာသာ ထုတ်လုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

(၄)

၂၀၂၁ ခုနှစ် ဧပြီလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေးမန်နေဂျာများ၏အညွန်းကိန်း) အရ စီးပွားရေးလုပ်ငန်းအများအပြား ဆက်လက်ပိတ်ထားရခြင်းနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းကုန်ထုတ်လုပ်မှု အခြေအနေများ သိသိသာသာ ထပ်မံကျဆင်းလာနေသည်ဟု ဖော်ပြခဲ့သည်။

ထုတ်ကုန်၊ အော်ဒါသစ်နှင့် ဝယ်ယူမှုအားလုံးသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စစ်တမ်းစတင်ခဲ့သည့် အချိန်မှစ၍ ငါးဆအမြန်နှုန်းဖြင့် ကျဆင်းလာခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

အဓိကအကျဆုံး IHS Markit မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း-ကုန်ထုတ်လုပ်မှု စွမ်းပကားများကို ပြသပေးသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ မတ်လတွင် ၂၇ ဒသမ ၅ ရှိနေရာမှ ဧပြီတွင် ၃၃.၀ သို့ တက်သွားခြင်းက မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းလည်ပတ်မှုအခြေအနေများ ရှစ်လဆက်တိုက် ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။

ထုတ်ကုန်နှင့်အော်ဒါသစ်နှစ်ရပ်စလုံးမှာ စစ်တမ်းသမိုင်းတွင် ငါးဆအမြန်နှုန်းဖြင့် ကျဆင်းလာခဲ့ချိန်တွင် သိုလှောင်ထားသည့်  ဝယ်ကုန်များနှင့်အလုပ်နေရာများမှာ စံချိန်တင်သုံး-လေးဆအမြန်နှုန်းဖြင့် အသီးသီးကျဆင်းခဲ့ကြောင်း ဧပြီစစ်တမ်းဒေတာတွင် ဖော်ပြထားသည်။

ဧပြီလတွင် စက်ရုံအများစု ယာယီပိတ်ခြင်းနှင့်အတူ အလုပ်သမားများမှာ ၎င်းတို့၏ဇာတိနေရပ်များသို့ ပြန်သွားကြသောကြောင့် ကဏ္ဍတစ်ဝန်းကိုခြုံကြည့်လျှင် အလုပ်နေရာများ တစ်ဟုန်ထိုးကျဆင်းသွားခဲ့သည်။ မတ်လ၏အနိမ့်ဆုံးအဆင့်မှ ဦးမော့လာခဲ့သော်လည်း ဝယ်ယူရေးလုပ်ငန်းများမှာ ဧပြီလတွင်သိသာစွာ ကျဆင်းခဲ့ပြန်သည်။

ကုန်ကြမ်းများပြတ်လပ်မှု၊ ငွေကြေးလဲလှယ်မှုနှုန်း မကောင်းခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စကများ မြင့်တက်လာမှု ပေါင်းဆုံမိခြင်းက ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ သွင်းကုန်စျေးနှုန်းများ၏ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနှုန်းကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဧပြီနောက်ဆုံးပတ်အတွင်းမှ စတင်ပြီး စက်ရုံ၊ အလုပ်ရုံ အများဆုံးရှိသည့် လှိုင်သာယာမြို့နယ်တွင် စက်ရုံရာခိုင်နှုန်း ၈၀ ခန့် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ စက်မှုဇုန်များရှိ စက်ရုံအများစု မေလကုန်တွင်ပိတ်မည်ဟု သတင်းများထွက်ပေါ်နေ သော်လည်း လက်ရှိလုပ်ငန်းလည်ပတ်နေသည့် စက်ရုံများရှိသကဲ့သို့ အော်ဒါမရှိသည့်အတွက် ပိတ်မည့်စက်ရုံများလည်း ရှိနေကြောင်း မေ ၂၂ ရက်တွင် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

လှိုင်သာယာစက်မှုဇုန်တွင် အော်ဒါမရှိသည့်အတွက် ပိတ်ရန်လာရောက်စာတင်ထားသည့် စက်ရုံများရှိနေပြီး ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ ပိတ်ရန် စာတင်ထားသည့် စက်ရုံ ၁၅ ရုံခန့်ရှိကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးအဖွဲ့မှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာတော့ တစ်ရုံတလေတော့ ပိတ်ဖို့တင်နေတယ်။ အော်ဒါမရှိဘူးတို့စသဖြင့် အကြောင်းကြောင်းကြောင့် တင်နေတယ်။ ဒါပေမဲ့ အဲဒီလိုပိတ်မယ်ဆိုတာတော့မကြားမိပါဘူး။ ကျွန်တော်တို့ဆီကို ဇန်နဝါရီ ၁ ရက်ကနေ ခုအထိ ၁၅ ရုံ လောက်တော့ ရှိတယ်။ အဲဒီစက်ရုံတွေကတော့ ကိုဗစ်ကတည်းက ပိတ်ချင်ချင်ဖြစ်နေတဲ့ စက်ရုံတွေပေါ့နော်။ ခုတော့ ပိတ်လိုက်ကြတာပေါ့” ဟု  ဦးအောင်ကျော်ဦးက ပြောကြားသည်။ 

ထို့ပြင် ရွှေလင်ဗန်းစက်မှုဇုန်အတွင်း စက်ရုံအချို့ပိတ်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိတွင် ပိတ်သိမ်းရန်အတွက် လာရောက်တင်ပြထားသည့်စက်ရုံ မရှိသေးကြောင်း ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ ဦးအောင်ငွေက ပြောကြားသည်။

ဆက်လက်ပြီး တောင်ဒဂုံစက်မှုဇုန် (၁) ရုံးအဖွဲ့မှူးက “ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုပိတ်မယ်လို့ ကြားတယ်။ ဒါပေမဲ့ EU ဆိုတာက အထည်ချုပ်နဲ့ပတ်သက်တာပေါ့။ ကျွန်တော်တို့စက်မှုဇုန်မှာက အထည်ချုပ်တွေ ပိတ်မယ်ဆိုတာတော့ မရှိဘူး။ အထည်ချုပ်စက်ရုံကလည်း နည်းတယ်လေ။ တခြားစက်ရုံ၊ အလုပ်ရုံတွေ တစ်ရုံနှစ်ရုံကတော့ ပိတ်မယ်လို့အကြောင်း ကြားတယ်” ဟု ပြောကြားသည်။

မင်္ဂလာဒုံစက်မှုဇုန်၌လည်း လက်ရှိတွင် ပိတ်မည်ဟုစာတင်သည့် စက်ရုံမရှိသေးကြောင်း၊ အလုပ်သမားများ အလုပ်ဆင်းနေကြပြီး အင်တာဗျူးလာရောက်ဖြေဆိုသူများလည်း ရှိကြောင်း၊ မိမိတို့လည်း ယင်းကဲ့သို့ မေလကုန်လျှင် တချို့စက်ရုံများ ပိတ်သိမ်းမည်ဆိုသည့် သတင်းများကြားကြောင်း မင်္ဂလာဒုံစက်မှုဇုန်ကော်မတီ တွဲဖက်အတွင်းရေးမှူးက ပြောကြားသည်။

တောင်ဒဂုံစက်မှုဇုန် (၃) ဥက္ကဋ္ဌ ဦးမြင့်ဦးက “ကျွန်တော်တို့ဆီမှာတော့ ရောင်းလို့ဝယ်လို့ အဆင်မပြေတဲ့သူတွေပဲ ပိတ်သွားတယ်။ ဖွင့်တဲ့စက်ရုံတွေကတော့ ဆက်ဖွင့်နေပါတယ်။ အဲဒီလိုမျိုး တရားဝင်ပိတ်မယ် ဆိုတာကတော့ မကြားမိပါဘူး” ဟု ပြောကြားသည်။

စက်ရုံများ ပိတ်သိမ်းရသည့် အခြေအနေများရှိလာပါက စီးပွားရေးကျဆင်းမှုအပြင် အလုပ်လက်မဲ့ဖြစ်မှု ပိုများလာမည်ဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်မှု၏ သက်ရောက်မှုများတွင် ဘဏ္ဍာရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပါဝင်နေပြီး အလုပ်လက်မဲ့ဖြစ်မှုသည် လူတစ်ဦးချင်စီ၏ဘဝ၊ ကျန်းမာရေးနှင့်စီးပွားရေးကိုသာမက လူ့အသိုင်းအဝိုင်းတစ်ခုလုံးကိုပါ များစွာထိခိုက်နိုင်သည်။

စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများ ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့်အတူ အလုပ်သမားများ၏အလုပ်အကိုင်ရရှိမှုမှ ဝင်ငွေတိုးတက်လာနိုင်မည် ဖြစ်သည်။

COVID-19 ရောဂါကူးစက်ပျံ့နှံမှုနှင့်ယင်းနှင် ့ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းနှင့် လတ်တလောအခြေအနေများသည် ကြီးမားသော စိန်ခေါ်မှုများရှိနေသည်။ ယင်းအခြေအနေများကို လေ့လာသုံးသပ်လျက် မှန်ကန်သည့်တုံ့ပြန်မှုများ လုပ်ဆောင်ရတော့မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲမွဲတေမှုဟူသည် ဆင်းရဲသူများကိုသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုပါ ခြိမ်းခြောက်နေသော အန္တရာယ်တစ်ရပ်ဖြစ်သောကြောင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက် ဦးစားပေးမူဝါဒတစ်ရပ် ဖြစ်သင့်ပါသည်။

ဆင်းရဲမွဲတေမှုကို ဖြေရှင်းရာတွင် ဆင်းရဲသော နိုင်ငံများကိုယ်တိုင်က မိမိတို့ဘာသာ ထုတ်လုပ်မှုအားကောင်းသော စီးပွားရေးကို ထူထောင်သည့်နည်းလမ်းသာရှိသည်။

Most Read

Most Recent