မြန်မာနိုင်ငံအပေါ် စစ်လက်နက် ထောက်ပံ့ရောင်းချမှု ရပ်တန့်ရေး ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲဆုံးဖြတ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးကို ရွှေ့ဆိုင်း

မြန်မာနိုင်ငံအပေါ် စစ်လက်နက် ထောက်ပံ့ရောင်းချမှု ရပ်တန့်ရေး ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲဆုံးဖြတ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးကို ရွှေ့ဆိုင်း
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်က  ကျင်းပသည့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးတစ်ရပ်အား တွေ့ရစဉ်(Photo:AP)
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ကျင်းပသည့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးတစ်ရပ်အား တွေ့ရစဉ်(Photo:AP)
Published 18 May 2021

မြန်မာနိုင်ငံကို တိုက်ရိုက်ဖြစ်စေ တစ်ဆင့်ခံဖြစ်စေ စစ်လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ထောက်ပံ့ခြင်း၊ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းများကို အမြန်ဆုံးရပ်ဆိုင်းရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းလိုက်ကြောင်း သံတမန်များ၏ အဆိုအရ သိရသည်။

ယင်းမဲခွဲဆုံးဖြတ်မှုကို မေ ၁၈ ရက်တွင် ပြုလုပ်သွားမည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ၏ ပြောခွင့်ရပုဂ္ဂိုလ်က အစောပိုင်းက ပြောဆိုထားသည်။ ယင်းမဲခွဲမှုကို မည်သည့်အချိန်တွင် ပြုလုပ်သွားမည်ကိုမူ လတ်တလော မသိရသေးသော်လည်း ထောက်ခံမှု ပိုမိုရရှိလာရန် ယခုကဲ့သို့ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ သံတမန်အချို့က ပြောကြားသည်။

အဆိုပါဆုံးဖြတ်ချက် မူကြမ်းတွင် အရေးပေါ်အခြေအနေကို အဆုုံးသတ်ရေး၊ ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုမှန်သမျှ ရပ်တန့်ရေးနှင့် နိုဝင်ဘာရွေးကောက်ပွဲမဲရလဒ်များတွင် ထင်ဟပ်ဖော်ပြခဲ့သည့် ပြည်သူများ၏ ဆန္ဒကိုလေးစားရန် မြန်မာ့တပ်မတော်ကို တိုက်တွန်းထားသည်ဟု သိရသည်။

အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များကို ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာရမည့် တာဝန်မရှိသော်လည်း နိုင်ငံရေးအရ သြဇာသက်ရောက်မှုရှိမည်ဖြစ်သည်။ အထွေထွေ ညီလာခံတွင် လုံခြုံရေးကောင်စီကဲ့သို့ မည်သည့်နိုင်ငံကမျှ ဗီတိုအာဏာ မရှိသည်ဟု သိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ရွေးကောက်ခံ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ တာဝန်ရှိသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုမှန်သမျှကို ချက်ချင်းရပ်တန့်ရန် တပ်မတော်ကို တောင်းဆိုထားသည်။

ထို့ပြင် ကျန်းမာရေးဝန်ထမ်းများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ သတင်းထောက်များနှင့် မီဒီယာဝန်ထမ်းများအပေါ် ကန့်သတ်ပိတ်ပင်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများအပေါ် ထိန်းချုပ်ကန့်သတ်တာများကို ရပ်တန့်ရန်လည်း တိုက်တွန်းထားသည်ဟု သိရသည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုနိုင်ပါက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂနာကို မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုရန်နှင့် လက်ရှိအကျပ်အတည်းကို အဆုံးသတ်နိုင်ရေးအတွက် အာဆီယံအထူးအစည်းအဝေးအတွင်း ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်အတွက်လည်း တပ်မတော်အား တိုက်တွန်းသွားမည်ဟု ရိုက်တာသတင်း၌ ဖော်ပြထားသည်။

မေ ၁၇ ရက်တွင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့အနေဖြင့် မြန်မာ့တပ်မတော်ကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent