ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) ဖြစ်ထွန်းပေါ်ပေါက်လာစေရန်မှာ

ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) ဖြစ်ထွန်းပေါ်ပေါက်လာစေရန်မှာ
Published 16 May 2021
ပါမောက္ခဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူအနေဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) ဆိုသည့် စကားလုံး၊ စကားရပ်ကို စတင်ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်မှ ၂၂  ရက်အထိ ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ (CSSTB) နှင့် Sasakawa Peace Foundation (SPF) တို့ ကြီးမှူးကျင်းပခဲ့သည့် Workshop on Capacity Enhancement of Myanmar Civil Service 2010 (Nay Pyi Taw) တွင် ဖြစ်ပါသည်။ အဆိုပါ သင်တန်းသည် တစ်နိုင်လုံးရှိ ဝန်ကြီးဌာနများ၊ ဝန်ကြီးဌာနပေါင်းစုံတို့မှ ဝန်ထမ်းအရာရှိများ တက်ရောက်ခဲ့ကြရပြီး သင်တန်းလာရောက်ပို့ချသူများမှာလည်း  မိမိတို့ နိုင်ငံ တက္ကသိုလ်များရှိ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအပြင် ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ စသည် နိုင်ငံများမှ ပညာရှင်ကြီးများလည်း ပါဝင်ခဲ့ကြပါသည်။ ယခုအချိန်ဆိုလျှင် သင်တန်းပြီးမြောက်ခဲ့သည်မှာ ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

ဖော်ပြပါသင်တန်းသည် မိမိတို့တိုင်းပြည်နိုင်ငံအား အုပ်ချုပ်ရေးစနစ်သစ်သို့ ကူးပြောင်းတော့မည် ဖြစ်သည့်အတွက်အရေးကြီးသည့် သင်တန်းဖြစ်နေသည်ကို သင်တန်းတက်ရောက်ပြီးချိန်တွင်မှသာ စာရေးသူအနေဖြင့် သိရှိခဲ့ရခြင်းဖြစ်ပါသည်။ သင်တန်းကာလအတွင်း စဉ်ဆက်မပြတ် ဆန်းစစ် အကဲဖြတ်ခြင်းများ ပြုလုပ်ပြီး သင်တန်းပြီးမြောက်ချိန်တွင် သင်တန်းသူ၊ သင်တန်းသားများထဲမှ ရွေးချယ်ကာ အချို့ကို မလေးရှားနိုင်ငံနှင့် အချို့ကို ကိုရီးယားသမ္မတနိုင်ငံတို့သို့ ဆက်လက်လေ့လာရန် စေလွှတ်ခဲ့ပါသည်။ စာရေးသူမှာ ကိုရီးယားသမ္မတနိုင်ငံသို့ ဆက်လက်လေ့လာခွင့်ရရှိခဲ့ပါသည်။

ဤနေရာတွင် စာရေးသူ စီးပွားရေး တက္ကသိုလ်များတွင် အလုပ်လုပ်ခဲ့ရသည့် အခြေအနေနှင့် စာရေးသူ၏ ခံယူချက်၊ သဘောထားကို စာဖတ်သူတို့အား သိမြင်၊ နားလည်နိုင်စေရေး တင်ပြရန်လိုအပ်လာပါသည်။ စာရေးသူမှာ မုဆိုးချုံကျေးရွာတွင် မွေးဖွားပြီး တောသူတောင်သားလည်းဖြစ်သည့်အပြင် စကားပြောဆိုရာတွင်လည်း လူကြီးသူမ ဆရာသမားများ၏အကြိုက်၊ ကျေနပ်နှစ်သိမ့်နေစေရန်လည်း တောင်ပြော၊ မြောက်ပြောစကားလုံးများကို မသုံးနှုန်း၊ မပြောတတ်၊ တက္ကသိုလ် ဆရာဆရာမ ပတ်ဝန်းကျင်တွင် တည်ရှိနေသည့် နန်တွင်းဆန်လှသော အပေးအယူ၊ အကြံအဖန်များကိုလည်း သိမြင်နားလည်ကျင့်သုံးနိုင်ရန် ကြိုးစားအားထုတ်ခြင်းလည်း မပြုလုပ်တတ်သဖြင့် စာရေးသူအနေဖြင့် မိမိကိုယ်ကိုယ်မိမိ သတ်မှတ် ပြဋ္ဌာန်းထားရှိသည်မှာ မိမိဌာနနှင့် တက္ကသိုလ်ရှိ အခွင့်အရေးနှင့် အခွင့်အလမ်းမှန်သမျှ မိမိနှင့်သက်ဆိုင်ခြင်းမရှိဟု မှတ်ယူထားရှိခဲ့ပါသည်။

နိုင်ငံခြားတိုင်းပြည်များသို့ ပညာတော်သင်သွားရောက်ခြင်း၊ လေ့လာရေးခရီးများ သွားရောက်ခြင်း၊ ရာထူးတိုးခြင်း၊ ချီးမြှောက်ခြင်း ကိစ္စရပ်များသည် စာရေးသူမိမိနှင့် သက်ဆိုင်ခြင်းမရှိသည့် ကိစ္စရပ်များ ဖြစ်ကြပါသည်။ သို့သော်လည်း အထက်ဖော်ပြပါ အခွင့်အလမ်း၊ အခွင့်အရေးများတွင် မိမိအနေဖြင့် သက်ဆိုင်ခြင်းမရှိဟု မှတ်ယူထားရှိသော်လည်း ဒုက္ခရောက်စေနိုင်မည့်၊ အန္တရာယ်ရှိနိုင်မည့်၊ ပင်ပန်းစေမည့်၊ အကုန်အကျများပြားစေမည့်ကိစ္စရပ်များအတွက် တာဝန်ပေးခံရမှုများစာရင်းတွင်မူ စာရေးသူ၏ အမည်မှာထိပ်ဆုံးက ပါရှိနေတတ်ပါသည်။

ဖော်ပြပါသင်တန်းကို စာရေးသူအနေဖြင့် တက်ရောက်ရန် ကြိုတင်သိရှိခဲ့ခြင်းလည်း မရှိခဲ့ပါ။သို့သော် သင်တန်းတက်ရောက်ပြီး နောက်ပိုင်းစာရေးသူသိရှိခဲ့ရသည်မှာ အဆိုပါသင်တန်းအကြောင်းကို မျက်စိကြီး၊ နားကြီး၊ မျက်နှာကြီးသည့် ဆရာကြီး၊ ဆရာမကြီးအချို့က ကြိုတင်သိရှိနေကြပြီး အဆိုပါ သင်တန်းသည် အသွား၊ အပြန်ရက်များနှင့် စုစုပေါင်း ရက်သတ္တတစ်ပတ်ခန့် နီးပါးကြာမြင့်မည့်အပြင် နေပြည်တော်တွင် မိမိအစီအစဉ်ဖြင့် နေစရိတ်၊ သွားစရိတ်၊ လာစရိတ်အားလုံးကို ကိုယ်တိုင်အကုန် အကျခံရမည့် ဖြစ်သောကြောင့် သင်တန်းသည် တက်ရောက်သူများအတွက် အကုန်အကျများပြားပြီး အကျိုးမရှိနိုင်ဟု ထင်မြင်သည့်အတွက် ကြိုတင်သိရှိသူများက စိတ်ဝင်စားခြင်းမရှိသည့် သင်တန်းတစ်ခုဖြစ်ကြောင်းကိုလည်း ကြားသိခဲ့ရပါသည်။

ပင်စင်ယူပြီးချိန် ဆရာကြီးတစ်ဦးက အားပေးစကားပြောသည်မှာ “မင်းကို နေပြည်တော်က သင်တန်းမို့ လွှတ်တာ။ ကိုရီးယား သမ္မတနိုင်ငံကို သွားရမယ်ဆိုရင် လွှတ်မှာ မဟုတ်ပါဘူး” ဟု ဆိုပြီး မှတ်ချက်စကား ပြောကြားပါသည်။ မည်သည့်အတွက် စာရေးသူ၏အမည် ပါဝင်ရသည်ကို စာဖတ်သူများ သတိပြုမိမည်ဖြစ်ပါသည်။ သင်တန်းတွင် အတူတက်ရောက်ခဲ့သည့် မိတ်ဆွေများက ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်ပေါင်း မြောက်မြားစွာရှိရာတွင် ဌာနပေါင်း မြောက်မြားစွာ၊ ဆရာကြီး၊ ဆရာမကြီး မြောက်မြား စွာတည်ရှိနေသည့် အထဲက ဆရာ့ကို အဘယ်ကြောင့် ယခုသင်တန်းအတွက် ရွေးချယ်ခဲ့ပါသလဲဟု စာရေးသူအား မေးမြန်းကြသည့်အခါ စာရေးသူမှာ မည်ကဲ့သို့ ဖြေသင့်သည်ကိုပင် စဉ်းစားမရနိုင်အောင် ဖြစ်ခဲ့ရပါသည်။

အထက်ဖော်ပြပါ တက္ကသိုလ်များရှိ အုပ်ချုပ်ရေးစနစ်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စာရေးသူမှာ ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) ဆိုသော စကားရပ်၊ စကားလုံးကို စတင်သိရှိရပြီး ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်အတွက် မည်ကဲ့သို့ ချဉ်းကပ် ဆောင်ရွက်သင့်သည်များကို လေ့လာခွင့်ရရှိပါသဖြင့် စာဖတ်သူများအနေဖြင့် လက်တွေ့ ရှင်သန်ရပ်တည်နေရသည့် အခြေအနေနှင့် လေ့လာသိရှိရသည့် သဘောတရားများကို စာရေးသူ ခံစားသိရှိရသကဲ့သို့ စာဖတ်သူများ သိမြင်ခံစားနိုင်စေရန် ယခုဆောင်းပါးကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။ ယခုအချိန်မှ စတင်ပြီး ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်အတွက် မိမိတို့တိုင်းပြည်နိုင်ငံအနေဖြင့် မည်ကဲ့သို့ ချဉ်းကပ်ဆောင်ရွက်သင့်သည်များကို စာရေးသူ သိမြင်၊ သဘောပေါက် နားလည်သည့်အတိုင်း တင်ပြပါမည်။

ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) သည် UNESCAP က စတင်အဆိုပြု တင်ပြချိန်ကတည်းကပင် စိတ်ကူးယဉ် စံပြနမူနာတစ်ရပ် (An Ideal) ဖြစ်ပြီး တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အပြည့်အစုံ၊ အပြည့်အဝ ဖြစ်ထွန်း ပေါ်ပေါက်ရရှိနိုင်စေရန်မှာ လွန်စွာခက်ခဲစေမည့် အခြေအနေ ဖြစ်ပါသည်။

စာရေးသူအနေဖြင့် ယခုဆောင်းပါးတွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အဓိပ္ပာယ်များ၊ သဘောတရားများ၊ စိတ်ကူးစိတ်သန်းများကို တင်ပြမည် မဟုတ်ပါ။ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်းပေါ်ပေါက်လာစေရန် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။ မိမိတို့တိုင်းပြည်နိုင်ငံအနေဖြင့် ချဉ်းကပ်ဆောင်ရွက်နေဆဲဖြစ်သည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး စာရေးသူ လက်လှမ်းမီသမျှ၊ သိမြင်သမျှကိုအခြေခံကာ အပိုင်းလေးပိုင်းခွဲပြီး တင်ပြမည်ဖြစ်ပါသည်။ အပိုင်းလေးပိုင်းကို ဦးစားပေး အစီအစဉ် အလိုက်ပုံတွင် အရောင်များဖြင့် ခွဲခြားဖော်ပြထားပြီး အပိုင်းတစ်ပိုင်းချင်းစီ အလိုက်ရှင်းလင်း တင်ပြပါမည်။

အပိုင်း (၁) တရားဥပဒေစိုးမိုးရေး (Rule of Law) (အနီရောင်)

ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်အတွက် တရားဥပဒေစိုးမိုးရေးသည် အရေးအကြီးဆုံး အခြေအနေဖြစ်ပါသည်။ တရားဥပဒေ စိုးမိုးရေးအတွက် စတင်တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ တည်ဆဲနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ကိုက်ညီသည့် တရားသော ဥပဒေများကို ပြည့်စုံစွာပြဋ္ဌာန်းထားရှိရန်ပင် ဖြစ်ပါသည်။ ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါက ပြည်သူပြည်သားများ အလွယ်တကူ လိုက်နာ၊ လိုက်ပါ ဆောင်ရွက်နိုင်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။ တရားသော ဥပဒေများလည်း မပြည့်စုံ၊ ပြည်သူ ပြည်သားများကလည်း လိုက်နာရန် ခက်ခဲသည့် အခြေအနေဖြစ်မည် ဆိုပါက တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်လာခြင်း မရှိနိုင်ဘဲ ငြိမ်ဝပ်ပိပြားစေရေး (Law and Order) ကို တည်ဆောက်ရခြင်းများဖြင့်သာ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်စေပြီး တိုင်းပြည်၏အရင်းအမြစ်များသည်လည်း တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များတွင် အသုံးမပြုနိုင်ဘဲ ငြိမ်ဝပ်ပိပြားစေရေးလုပ်ငန်းစဉ်များတွင်သာ အကုန်အကျများပြား နေမည်ဖြစ်ပါသည်။

အပိုင်း (၂) အများသဘောတူ ဆုံးဖြတ်ချက် ချမှတ်ခြင်း (Consensus) ၊ သက်ဆိုင်သူ အားလုံးပါဝင်နိုင်ခြင်း (Participatory) နှင့် တာဝန်ယူလျှင် ပြီးမြောက် အောင်မြင်စေရန် ဆောင်ရွက်ခြင်း (Pesponsibility) (အစိမ်းရောင်)

အစိမ်းရောင်ဖြင့် ဖော်ပြထားရှိသည့်အပိုင်းသည် မှန်ကန်ပြီး၊ ခိုင်မာယုံကြည်စိတ်ချရသည့် သတင်း အချက်အလက်များရရှိနိုင်မှု အခြေအနေနှင့် အသုံးပြုနိုင်မှု အခြေအနေအပေါ်တွင် မူတည်ကာ အကောင်းမွန်ဆုံး ရလဒ်ထွက်ပေါ်လာစေရန် ဆောင်ရွက်ရမည့် အပိုင်းဖြစ်ပါသည်။ သတင်းအချက်အလက်များ အရေးကြီးရုံသာမက သက်ဆိုင်သူ၊ ပါဝင်ပတ်သက်သူ အားလုံးတို့၏ အသိပညာ၊ ဉာဏ်ပညာ၊ တွေးခေါ်မြော်မြင်မှု၊ အတွေ့အကြုံတို့သည်လည်း လွန်စွာ အရေးကြီးပါသည်။ တာဝန်ယူခဲ့လျှင်၊ တာဝန်ရှိခဲ့လျှင် တာဝန်ကို ပြီးမြောက်အောင်မြင်စေရန် ဆောင်ရွက်နိုင်စေမည့် လူတို့၏ အရည်အချင်းများကိုလည်း စဉ်ဆက်မပြတ် မြှင့်တင်ထားရှိရန်လိုအပ်ပါသဖြင့် ရေရှည်တစ်ဆင့်ချင်း မြှင့်တင်ဆောင်ရွက်အကောင်အထည် ဖော်သွားရမည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။

အပိုင်း (၃) ပွင့်လင်းမြင်သာမှုရှိခြင်း (Transparency)၊ တာဝန်ခံယူမှုရှိခြင်း (Accountability) နှင့် ပြည်သူ ပြည်သား လူအများအား အကျိုးဖြစ်ထွန်းစေမည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ခြင်း (Inclusive) (အပြာရောင်)

ပညာရှင်အများအပြားက သဘောတူလက်ခံထားရှိသည့် အချက်များအနက် တိုင်းပြည်နိုင်ငံတော်များ ကျဆုံးစေရသည့်အကြောင်းရင်း တစ်ရပ်မှာ တိုင်းပြည်နိုင်ငံတော်တွင်Extractive Institutions များ တည်ရှိဖြစ်ပေါ်နေသည့်အတွက် ဖြစ်ပါသည်ဟု ဖော်ပြကြပါသည်။ Extractive Institutions များဆိုသည်မှာ တိုင်းပြည် နိုင်ငံတော်တွင် ချမှတ်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများသည် လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့၊ အဖွဲ့အစည်း တစ်ခုအတွက်သာ အကျိုးဖြစ်ထွန်းစေခြင်းမျိုးကို ခေါ်ဆိုပါသည်။

ထို့ကြောင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို ဖြစ်ထွန်းပေါ်ပေါက်စေလိုသည့် တိုင်းပြည်နိုင်ငံများသည် Extractive Institution အသစ်များ ဖြစ်ပေါ်မလာစေရန်နှင့် တည်ရှိနေသည့် Extractive Institutions များကိုလည်း ဆန့်ကျင်ဘက်ဖြစ်သည့် ပြည်သူပြည်သား လူအများကို အကျိုးဖြစ်ထွန်းစေမည့် Inclusive Institutions များ အဖြစ်သို့ ပြောင်းလဲနိုင်စေရန် ကြိုးပမ်းအားထုတ်ကြပါသည်။ Inclusive Institutions အသစ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်လည်း တစ်ပြိုင်နက်တည်း ကြိုးပမ်းအားထုတ်ကြရပါသည်။

စာဖတ်သူတို့အတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်သော မိမိတို့တိုင်းပြည်နိုင်ငံတွင် ၂၀၁၂ ခုနှစ်ကတည်းကပင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေကိုတင်ပြလိုပါသည်။ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်မှာ မိမိတို့တိုင်းပြည်နိုင်ငံရှိ Extractive Institutions များကို တိုက်ရိုက်ဖော်ထုတ်ခြင်း မပြုဘဲ Extractive Industries များကို ဖြစ်နိုင်ခြေရှိသည့်ကဏ္ဍများ၊ နယ်ပယ်များကို လေ့လာရှာဖွေ ဖော်ထုတ်ပြီး Inclusive Industries များအဖြစ်သို့ ပြောင်းလဲနိုင်စေရန် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တည်ရှိပြီးဖြစ်နေသည့် အဖွဲ့အစည်းဖြစ်သော Extractive Industries Transparency Initiative (EITI) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးလျှင် ကမ္ဘာ့ဘဏ်အုပ်စု၏ ငွေကြေး အကူအညီ အထောက်အပံ့ဖြင့် Myanmar Extractive Industries Transparency Initative (MEITI) ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အောက်တွင် ဖွဲ့စည်းကာ ပွင့်လင်းမြင်သာမှု (Transparency) နှင့် တာဝန်ခံမှု၊ တာဝန်ယူမှု (Accountability) အဆင့်အတန်းဒီဂရီ မြင့်မားလာစေပြီး အလိုအလျောက် Inclusive Industries များအဖြစ်သို့ ပြောင်းလဲနိုင်စေရန် အစွမ်းကုန်ကြိုးပမ်းအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။

အပိုင်း (၄) ထိရောက်မှုရှိခြင်း (Effectiveness) နှင့် စွမ်းဆောင်ရည် ပြည့်ဝခြင်း သို့မဟုတ် စွမ်းဆောင်ရည် မြင့်မားခြင်း (Efficiency) (အဝါရောင်)

စာရင်းအင်းပညာဘာသာရပ်တွင် ထိရောက်မှုရှိခြင်းနှင့် ပတ်သက်သည့် အဓိပ္ပာယ်၊ သဘောတရားများ တည်ရှိနေသော်လည်း ယခုတင်ပြချက်တွင်မူ စီမံခန့်ခွဲမှု ပညာဘာသာရပ်တွင် ဖော်ပြထားသည့် အဓိပ္ပာယ်နှင့် သဘောတရားများကိုသာ တင်ပြပါမည်။ Richard L.Daft (1997) ၏ ‘Management’  စာအုပ်စာမျက်နှာ ၁၁ နှင့် ၁၂ တို့တွင် ဖော်ပြထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တိုက်ရိုက်အသုံးပြုပြီး ရှင်းလင်းတင်ပြပါမည်။

ထိရောက်မှုရှိခြင်း (Effectiveness) ဆိုသည်မှာ ‘The degree to which the organization achieve a stated goal’ ဟု ဖော်ပြထားပြီး အကြမ်းအားဖြင့် ဘာသာပြန်ဆိုရမည်ဆိုပါက “ချမှတ်ပြဋ္ဌာန်းထားရှိသည့် ပန်းတိုင်တစ်ခုကို ရောက်ရှိရရှိစေရန်၊ အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း၏ အရည်အချင်း အဆင့်ဒီဂရီ ဖြစ်ပါသည်။”စွမ်းဆောင်ရည် ပြည့်ဝခြင်း သို့မဟုတ် စွမ်းဆောင်ရည် မြင့်မားခြင်း သို့မဟုတ် အကျိုးသက်ရောက်မှုကြီးမား၊ များပြားခြင်း (Efficiency) ဆိုသည်မှာ ‘The use of minimal resources-raw materials, money, and people- to produce a desired volume of output’  ဟု ဖော်ပြထားပြီး ဘာသာပြန်ရမည်ဆိုပါက “မျှော်မှန်းထားရှိသည့် ကုန်ထွက်ပမာဏကို ထုတ်လုပ်ရရှိစေရန် အရင်းအမြစ်များ ဖြစ်သည့် ကုန်ကြမ်း၊ ငွေကြေး၊ လူအင်အားများ အနည်းဆုံးကို အသုံးပြုပြီး ဆောင်ရွက်နိုင်စွမ်းရှိခြင်း ဖြစ်ပါသည်။”

အဝါရောင်အပိုင်းနှင့်ပတ်သက်ပြီး စာရေးသူတင်ပြချက်မှာ အကျဉ်းမျှသာဖြစ်ပါသည်။ နည်းပညာသစ်များ ထည့်သွင်းအသုံးပြုသည့် စွမ်းဆောင်ရည် (Technical Efficiency)၊ စရိတ်အနည်းဆုံးဖြင့် အသုံးပြုသည့်စွမ်းဆောင်ရည် (Economic Efficiency)၊ လုပ်ငန်းများ ခွဲဝေနေရာချထား ဆောင်ရွက်နိုင်မှုစွမ်းဆောင်ရည် (Allocative Efficiency)၊ ထုတ်လုပ်နိုင်မှုမြင့်မားစေသည့် စွမ်းဆောင်ရည် (Productive Efficiency) စသည်ဖြင့် အဓိပ္ပာယ်အားဖြင့်သော်လည်းကောင်း၊ သဘောတရားအနေဖြင့်သော်လည်းကောင်း ကျယ်ပြန့်စွာတည်ရှိနေပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ဖော်ပြခဲ့သည့် အခြေအနေ၊ အချက်အလက်များအရ မိမိတို့တိုင်းပြည်နိုင်ငံအနေဖြင့် အမြဲတမ်းထာဝရ၊ အပြည့်အစုံ၊ အပြည့်အဝ ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance) ကိုဖြစ်ထွန်း ပေါ်ပေါက်နေစေရန်မှာ လွန်စွာခက်ခဲမည့် အခြေအနေဖြစ်ပါသည်။ သို့သော်လည်း တည်ရှိနေသည့်အခြေအနေနှင့် အချိန်အခါအပေါ်တွင်မူတည်ကာ ကောင်းမွန်သောအုပ်ချုပ်ရေး၏ လက္ခဏာရပ်များကိုတတ်နိုင်သမျှ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent