တပ်မတော်နှင့် ဆက်နွှယ်နေသည်ဆိုသော အဆောက်အအုံတွင် ရုံးခန်း ငှားရမ်းထားသည့် နိုင်ငံတကာကုမ္ပဏီအချို့ နေရာရွှေ့ပြောင်းခြင်းနှင့် ဆက်လက် ငှားရမ်းရန် ရှိ မရှိ ပြန်လည် သုံးသပ်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ

တပ်မတော်နှင့် ဆက်နွှယ်နေသည်ဆိုသော အဆောက်အအုံတွင် ရုံးခန်း ငှားရမ်းထားသည့် နိုင်ငံတကာကုမ္ပဏီအချို့ နေရာရွှေ့ပြောင်းခြင်းနှင့် ဆက်လက် ငှားရမ်းရန် ရှိ မရှိ ပြန်လည် သုံးသပ်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ
Published 13 May 2021
Ref: Reuters

တပ်မတော်ပိုင်မြေနေရာတွင် တည်ဆောက်ထားသည်ဟု ကုလသမဂ္ဂက ပြောဆိုထားသော ရန်ကုန်မြို့ရှိ Sule Square ဆောက်အအုံ၌ ရုံးခန်းငှားရမ်း ဖွင့်လှစ်ထားသည့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးအချို့အနေဖြင့် နေရာ ရွှေ့ပြောင်းနေကြပြီး အချို့မှာမူ ဆက်လက်၍ ငှားရမ်းရန် ရှိ မရှိကို ပြန်လည် သုံးသပ်နေကြောင်း ၎င်းကုမ္ပဏီများ၏အဆိုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ နိုင်ငံတကာ ကုမ္ပဏီကြီးများထဲတွင် McKinsey ၊ ကိုကာကိုလာနှင့် ရိုက်တာသတင်းဌာနလည်း ပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ဗဟိုချက်ဖြစ်သော ရန်ကုန်မြို့လယ်က Sule Square ရုံးခန်းများနှင့် စျေးဆိုင်ခန်းများ ငှားရမ်းလုပ်ကိုင်၍ မြန်မာ့တပ်မတော်ကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ပံ့မှုများကို ရပ်တန့်ရန် တက်ကြွလှုပ်ရှားမှုအဖွဲ့ Justice for Myanmar က ပြီးခဲ့တဲ့လက တိုက်တွန်းထားသည်။

Sule Square အဆောက်အအုံတွင် ရုံးခန်းနေရာ ဆက်လက် ငှားရမ်းပြီး တပ်မတော်ကို သွယ်ဝိုက်သော နည်းအားဖြင့် အထောက်အပံ့ပေးနေသည့် နာမည်ကြီးကုမ္ပဏီများ ရှိနေကြောင်း Justice for Myanmar က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပြီး ကုမ္ပဏီကြီး ၁၈ ခု၏ အမည်စာရင်းကို ထည့်သွင်း ဖော်ပြခဲ့သည်ဟု သိရသည်။

ရိုက်တာသတင်းဌာနက ယင်းအစီရင်ခံစာ၌ ပါဝင်သည့် ကုမ္ပဏီအားလုံးကို ဆက်သွယ် မေးမြန်းခဲ့ရာတွင် ကုမ္ပဏီခြောက်ခုက ရုံးခန်းနေရာ ရွှေ့ပြောင်းခြင်း သို့မဟုတ် နေရာရွှေ့ပြောင်းရန် စဉ်းစားသုံးသပ်နေကြောင်း တုံ့ပြန်ဖြေကြားခဲ့ကာ ကုမ္ပဏီတစ်ခုက တပ်မတော်နှင့် ဆက်နွှယ်မှုကြောင့်ဟု အကြောင်းပြခဲ့ပြီး ကျန်ကုမ္ပဏီများမှာမူ စီးပွားရေး အလားအလာ အပါအဝင် အခြားအကြောင်းပြချက်များ ပေးခဲ့သည်ဟု သိရသည်။

ဆူလေးဘုရားအနီးတွင် ၂၀၁၇ ခုနှစ် က စတင်ဖွင့်လှစ်ခဲ့သော Sule Square အဆောက်အအုံကို ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင် Shangri-La Asia ကုမ္ပဏီခွဲတစ်ခုက တည်ဆောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအနီးရှိ ဟိုတယ်တစ်လုံးကိုလည်း စီမံလုပ်ကိုင်နေခြင်း ဖြစ်သည်။

Sule Square တည်ဆောက်ရန် မြေနေရာကိုမူ တပ်မတော်ထံမှ ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်တွင် ဆိုထားသည်။

ယင်းစီမံကိန်းအတွက် ဒေါ်လာ ၁၂၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ပြောဆိုထားသည့် ရှန်ဂရီလာအုပ်စုသည် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

Mc Kinsey ကုမ္ပဏီသည် ၂၀၂၁ ခုနှစ် အစောပိုင်းက Sule Square ၌ ရုံးခန်းနေရာ ငှားရမ်းမှုကို ရပ်ဆိုင်းခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကိုကာကိုလာ ကုမ္ပဏီကလည်း လုပ်ငန်းလိုအပ်ချက် အပြောင်းအလဲကြောင့် ဇွန်လလယ်တွင် သက်တမ်းကုန်ဆုံးမည့် အငှားစာချုပ်ကို ထပ်မံ သက်တမ်းတိုးမည် မဟုတ်ကြောင်း အီးမေးလ်ကတစ်ဆင့် ပြောကြားခဲ့သည်ဟု သိရသည်။ ရိုက်တာ သတင်းဌာနကလည်း ၎င်းတို့အနေဖြင့် Sule Square တွင် ရှိသည့် ရုံးခန်းကို လတ်တလော အသုံးပြုခြင်း မရှိကြောင်းနှင့် ငှားရမ်းမှုကို ပြန်လည်သုံးသပ်နေကြောင်း ဆိုသည်။ စင်ကာပူအခြေစိုက် စတော့ရှယ်ယာလုပ်ငန်း Emerging Markets Investment Advisors မှာမူ မတ်လအတွင်းမှာ ငှားရမ်းသည့် သက်တမ်းကုန်ဆုံးပြီးနောက် Sule Square မှ ရုံးခန်း ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း ဆိုသည်။ နော်ဝေဓာတ်မြေသြဇာကုမ္ပဏီ Yara ကလည်း ရုံးခန်းပြောင်းရွှေ့ရန် နေရာရှာနေပြီ ဖြစ်ကြောင်း ပြောကြားသည်။ Sule Square တွင် ရုံးခန်း ဖွင့်လှစ်ထားသည့် ကမ္ဘာ့ဘဏ်မှာမူ မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာ အကဲခတ်နေကြောင်း ပြောကြားထားသည် ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent