စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ငါးသောင်းကျော် ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ငါးသောင်းကျော် ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်
Published 12 May 2021

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကန့်ဘလူမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ငါးသောင်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ် မေ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ် နှစ်ခုတို့၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ပြီး ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှုနှင့် ပတ်သက်၍ အထက်ပါအတိုင်း သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ်နှစ်ခုတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၃၇၁၉ ရှိပြီး နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ် ပါဝင်နေသူ ၄၅၃၁၆ ရှိကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ စစ်ကိုင်းတိုင်းဒေသကြီးရှိ အဆိုပါမြို့နယ် နှစ်ခုတို့၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သက်ဆိုင်ရာ မြို့နယ်များရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် မြေပြင် ဖွင့်ဖောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ထိုသို့ မြေပြင်စစ်ဆေးချက်များအရ အဆိုပါ မြို့နယ် နှစ်ခုတွင် မဲရုံပေါင်း ၃၃၈ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၄၅၇၆၄၃ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၃၂၆၁၃၆ ၊ ကျန်ရှိရမည့် အရေအတွက်မှာ ၁၃၁၅၀၇ ၊ မြေပြင်လက်ကျန် ၁၂၇၂၁၅ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကွာခြားချက်အနေဖြင့် အဆိုပါ မြို့နယ်နှစ်ခုတွင် ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းပျောက်ဆုံးနေသော မဲလက်မှတ် အရေအတွက် ၁၂၆၃၄ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၈၃၄၂ ဖြစ်ကြောင်းနှင့် မြို့နယ်အလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရရှိနေခြင်းတို့ကို တွေ့ရှိရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent